Tuesday, September 16, 2014

ဆိုင်းသံဗုံသံနှောပြီး လူသတ်သလိုပါပဲ

BY

ဗိုလ်မှူးကျော်စွာဝင်းက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ထိုးမိလို့ အဖမ်းခံရတယ်၊ ဗကသအဖွဲ့ဝင် မဖြူနှင်းထွေးက လက်ပံတောင်းအရေးမှာ ပါဝင်မိလို့ အဖမ်းခံရတယ်၊ လယ်သမားတွေက မိမိလယ်မြေ ပြန်ရဖို့အရေးအတွက် ဆန္ဒပြရင်းနဲ့ အဖမ်းခံကြရတယ်၊ ရပ်ရွာအချို့ ပျက်ကုန်ရတယ်၊ ဘုန်းကြီးကျောင်းများ ဘုရားရှိခိုးကျောင်းများ ဗလီများနဲ့ အိမ်နေရာများ ဖျက်ဆီးခံကြရတယ်ဆိုတာ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ တစ်မတ်သားအစိုးရလက်ထက်မှာ မဖြစ်သင့်ပါဘူး။
ဒီလိုပါပဲ။ အတိုက်အခံပါတီဖြစ်တဲ့ ဒီချုပ်ကလည်း နှုတ်ဆိတ်နေတယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားပါတီတွေကလည်း လွှတ်တော်နိုင်ငံရေးမှာ အဖြည့်ခံသဘောလောက်ပဲ ပါနေရတာကို မြင်ရတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများဟာလည်းပဲ အပစ်ရပ်ဖို့တစ်ခုကို (၃)နှစ်ကြာ ဆွေးနွေးနေရတာကို မြင်ရတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှဟာ စစ်အုပ်စုအလိုကျပဲလို့ မြင်နေရတယ်။
အခု ဒီမိုကရေစီဖော်ချွတ်ပွဲများ၊ ဒီမိုကရေစီအနှိပ်ခန်းများ၊ ဒီမိုကရေစီအငြိမ်သဘင်များ၊ ဒီမိုကရေစီလောင်းကစားဝိုင်းများ၊ ဒီမိုကရေစီဆန္ဒပြပွဲများ၊ ဒီမိုကရေစီမျက်လှည့်ပွဲများ ဆက်တိုက်ကပြအသုံးတော်ခံကြရာ ပြည်သူတို့မှာ ဆိုင်းသံဗုံသံတွေကြား ကိုယ့်အိမ်ဓားပြအတိုက်အခံရမဲ့အရေး သတိထားကြပါ၊ ဆိုင်းသံဗုံသံတွေကြား အသတ်ခံရရင် ဘယ်လောက်ပဲအော်အော် လူတွေ ကြားမှာ မဟုတ်တော့ဘူးလေ။