Friday, May 25, 2012

တပ်ဖွဲ့အသွင် ကူးပြောင်းရေးကို အစိုးရမှ တိုက်တွန်း သွားမည်

"ယခုလက်ရှိ ဗမာ့တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် မဟုတ်ပါဘူး။ ပြည်ထောင်စု တပ်မတော် ဖြစ်ဖို့ ဆွေးနွေးကြဖို့ လိုနေပါတယ်။ အားလုံး ဗမာ့ တပ်မတော် အဖြစ် အသွင်းကူးပြောင်း ပေးရမှာ ကိုတော့ မဖြစ်သင့်ဘူး။"

- နိုင်ဟံသာ၊ မွန်ပြည်သစ်ပါတီ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို အစိုးရ တပ်မတော် အဖြစ် ပြောင်းလဲ သွားစေရန် ဆွေးနွေးညှိနှိုင်း သွား မည်ဟု ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့က နေပြည်တော် သမ္မတ ရုံး၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မီတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖေါ်ပြ ထား ပါသည်။ ဤသဘော ထားသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အစိုးရ တပ်မတော် အဖြစ် အသွင် ပြောင်းရာတွင် လက်ခံ ယုံကြည်နိုင်စရာ ဥပဒေ တရပ် အခိုင်အမာ မရှိဘဲ နှင့် အသွင် ပြောင်းလျှင် ခက်ခဲနိုင် ဖွယ်ရှိသည်ဟု သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အတွင်းရေးမှုး နိုင်ဟံသာ ကပြောပါသည်။
“အဲဒီ ထုတ်ပြန်ချက်က အစိုးရရဲ့ တဖက်သတ် အမြင်ပါ။ တွေ့ဆုံဆွေးနွေးတဲ့အခါ သူတို့အမြင်နဲ့ ကျနော်တို့အမြင် ဘယ်လို ရှိတယ်ဆိုတာ ဆွေးနွေးကြမှ အဖြေပေါ်မှာဖြစ်တယ်၊ အပြန်အလှန် အပေး အယူတော့ ရှိရမှာပါ။ ယခုလက်ရှိ ဗမာ့တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် မဟုတ်ပါဘူး။ ပြည်ထောင်စု တပ်မတော် ဖြစ်ဖို့ ဆွေးနွေးကြဖို့ လိုနေပါတယ်။ အားလုံး ဗမာ့ တပ်မတော် အဖြစ် အသွင်းကူးပြောင်း ပေးရမှာ ကိုတော့ မဖြစ်သင့်ဘူး။” ဟု နိုင်ဟံသာက ဆိုပါသည်။
၂၀၀၈ အခြေခံ ဥပဒေအရ နိုင်ငံတနိုင်ငံတွင် တပ်မတော် တရပ်သာ ရှိရမည်ဟု အတည်ပြုထားပါသည်။ ဤဥပဒေသည် ယေဘူယျ သဘောအားဖြင့် လက်ခံရမည် ဆိုသော်လည်း နည်းဥပဒေပိုင်းတွင် အငြင်းပွားဖွယ်ရာ ရှိနေပါသည်။ စစ်အစိုးရ ခေတ်တုန်းကလည်း နယ်ခြားစောင့်တပ် (BGF) အသွင်နှင့် အသွင်ပြောင်းခဲ့ပါသည်။ သို့သော် တိုင်းရင်းသား ပါတီများက လက်မခံခဲ့ပေ။
သို့သော် ယခုဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကော်မီတီ၏ အခြေခံ လုပ်ငန်းစဉ်၌လည်း ဤကိစ္စပြန် လည် ချမှတ်ခဲ့ပါသည်။ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရ ငြိမ်းချမ်းရေး ရသည်အထိ  ညှိနှိုင်းဆွေးနွေး သွားမည်ဟု ကြွေးကြော် ထားပါသည်။ သို့သော် လက်ရှိ၌မူ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကိုပင် အစိုးရက မကြေညာနိုင် ခဲ့ပေ။
Pressident_01fgdsဤသဘောထား လမ်းညွှန်ချက်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၏ အမိန့် အမှတ် ၁၂/၂၀၁၂၌ ဖေါ်ပြထားပြီး မေလ (၃) ရက်နေ့ တွင် ထုတ်ပြန်ကြေညာ ထားပါသည်။
 ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့ တွင် အဖွဲ့ဝင်(၅၂) ဦးနှင့် ဖွဲ့စည်းထားပါသည်။ အဆိုပါ အဖွဲ့တွင် ဒုတိယ သမ္မတ ဦးဆောင်ပြီး တိုင်းဒေသနှင့် ပြည်နယ်ဝန်ကြီး (၁၀) ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၉) ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တိုင်းရင်းသားများ (၉) ဦး၊ တပ်မတော်မှ တိုင်းမှုးများ (၁၀) ဦး နှင့် အခြား ပုဂ္ဂိုလ်နှင့် ဝန်ကြီးများ (၁၄) ဦး စုစုပေါင်း (၅၂) ဦး တို့ဖြစ်ပါသည်။
ထိုအသစ်ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များကို  သမ္မတ ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး ဗဟို ကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြရမည်ဟု ဖော်ပြပါရှိသည်။ ယင်းဗဟိုကော်မီတီတွင် သမ္မတ ဦးသိန်စိန် ဦးဆောင်ပြီး၊ တပ်မတော် ကာကွယ်ရေးချုပ် အပါဝင် (၁၁) ဦးပါ ဗဟို ကော်မတီကို ပြီးခဲ့သည့် မေလ (၃) ရက်နေ့၌ အမိန့်အမှတ် ၁၁/၂၀၁၂ ဖြင့် ဖွဲ့စည်းထားပါသည်။
ဤသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပေါ် အစိုးရ၏ ဒုတိယ အကြိမ်မြောက် တပ်အသွင် ကူးပြောင်း ရေး အစီစဉ်ဖြစ်ပါသည်။  ပထမအကြိမ်သည် ၂၀၁၀ ခုနှစ်တွင် ဖြစ်ပြီး အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များကို နယ် ခြားစောင့်တပ် (BGF) တပ်အသွင် ကူးပြောင်းပေးရန် ဖိအားပေး ခဲ့ပြီးဖြစ်ပါသည်။
 http://phophtaw.org/burmese/index.php/news/local-news/1633-2012-05-24-02-53-06.html