Wednesday, May 23, 2012

အာရုံလွှဲ စွပ်စွဲမှု


by myitkyina on May 22, 2012


ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က သတင်းစာဆရာများကို ခေါ်ယူ၍ ရွှေလီ – မန်စံ ဓါတ်အားလိုင်းကို မေလ(၁၉)ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သောင်းကျန်း သူများ ဖေါက်ခွဲဖျက်ဆီးလိုက်သဖြင့် ရန်ကုန်မြို့တွင်း ဓါတ်အားများကို ယာယီဖြတ်တောက်ခြင်း၊ အလှည့်ကျမီးပေးခြင်းကို မေလ(၂၁)ရက်နေ့မှ စတင်အကောင်အထည်ဖေါ်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မေလ(၂၀)ရက်နေ့တွင် ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာတွင်လည်း ရှမ်းပြည်မြောက်ပိုင်း၊ နမ်ခမ်းမြို့နယ်အတွင်း ရွှေလီ – မန်စံ မဟာဓါတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃)၊ (၂၀၆)၊ (၂၀၇)၊ (၂၀၈) တို့ကို KIA လက်နက်ကိုင်အဖွဲ့မှ ဖေါက်ခွဲဖျက်စီးခဲ့ကြောင်း ဖေါ်ပြထားသည်ကို တွေ့ရသည်။
ဖေါ်ပြပါ တာဝါတိုင်အမှတ်(၂၀၆)၊ (၂၀၇)၊ (၂၀၈) ရှိရာဒေသသည် လားရှိုးမြို့နယ်အတွင်းတွင် တည်ရှိပြီး KIA အဖွဲ့များ မရောက်ရှိနိုင်သောဒေသဖြစ်သောကြောင့် KIA ကို စွပ်စွဲပြောဆိုမှုသည် မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
ရွှေလီရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓါတ်အားကို စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းရှိ တကေါင်း ကြေးနီစီမံကိန်းတွင် အသုံးပြုရန် သွယ်တန်းထားခြင်းဖြစ်သည်။ အချို့ဓါတ်အားကိုမူ နေပြည်တော်သို့ တိုက်ရိုက်သွယ်ယူ အသုံးပြုနေကြသည်။ တကေါင်းကြေးနီစီမံကိန်းသည် စစ်ဗိုလ်မျုပ်များ၊ စစ်ဗိုလ်ချုပ် ဟောင်းများ၊ ၎င်းတို့နှင့် အကွက်ရိုက်စားနေသော ပုဂ္ဂိုလ်အချို့က တရုတ်ကုပ္မဏီများနှင့် ပူးပေါင်း လုပ်ဆောင်သော လုပ်ငန်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးအလျှံအပယ် သုံး၍မကုန်နိုင်ဖြစ်သောကြောင့် ပိုလျှံသောဓါတ်အားကို ပြည်ပသို့ ပြန်လည်ရောင်းချနေရကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးမှ ပြောဆိုထားသော်လည်း၊ လျှပ်စစ်မီး အလျှံအပယ်ဖြစ်နေသော နေရာသည် နေပြည်တော်၌သာဖြစ်သည်။ ကျန်တနိုင်ငံလုံးသည် အမှောင်ဘ၀နှင့်သာ နေထိုင်နေရသည်။ နယ်စပ်ဒေသတွင် တည်ဆောက်ထားသော ရေအားလျှပ်စစ် စက်ရုံများသည် နိုင်ငံတော်စီမံကိန်းဟု ပြောဆိုနေသော်လည်း၊ တရုတ်ကုပ္မဏီများ တည်ဆောက်ပြီး၊ ရရှိသောအကျိုးခံစားမှု၏ (၉၀)ရာခိုင်နှုန်းကို တရုတ်ပြည်သို့ သွယ်တန်းယူငင်သွားကြသည်သာ ဖြစ်သည်။ မြန်မာအစိုးရသည် KIO အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းဖြင့် ပြည်သူများအမြင်ရှိလာ စေရန် မဟုတ်မမှန် ပုတ်ခတ်စွပ်စွဲလျက်ရှိသည်။