Sunday, October 22, 2017

ဗကပ မှဖွင့်လှစ်သော KIA သင်တန်းကျောင်းများ


မောင်မောင်စိုး, မိုးမခ
BurmaDemocracy, 27 September 2017
● CPB မှဖွင့်လှစ်သော KIA သင်တန်းကျောင်းများ
၁၉၇၆ KIA နှင့် CPB သဘောတူညီချက်အရ ၁၉၇၇ တွင် CPB အခြေခံဒေသများအတွင်း KIA တို့အတွက်ဖွင့်လှစ်သော နိုင်ငံရေးစစ်ရေးသင်တန်းကျောင်း ၂ ခုပေါ်ပေါက်လာခဲ့သည်။ ပထမကျောင်းအား သုံးဆင့်ကေဒါသင်တန်းကျောင်းဟုခေါ်သည်။ မုန်လုံခေါ်ဟေမုန်လုံရွာတွင် ဖွင့်လှစ်သည်။ မုန်လုံရွာသည် ကြူကုတ်ပန်ဆိုင်းနှင့်မုန်းကိုးကြားတွင်ရှိသည်။ မုန်လုံ တောင်ခေါ် လွယ်ဂျုံဘွမ်၏မြောက်ဖက် တရုတ်ပြည်ဖက်ကို မျက်နှာမူထားသည့် ဆင်ခြေလျောတွင်ရှိသည်။ CPB အရှေ့ မြောက်စစ်ဒေသ ကွတ်ခိုင်ခရိုင်အတွင်း၌ ရှိသည်။ အဆိုပါမုန်လုံတောင်သည် အမြင့်ပေ ၇၀၀၀ ကျော်ရှိပြီး ရှမ်းပြည်မြောက် ပိုင်းတွင် အမြင့်ဆုံးဟု ဆိုသည်။ မုန်လုံရွာသည်လည်း မြန်မာပြည် ပြည်တွင်းစစ်တွင် ဖျောက်ဖျက်မရသည့် အဖြစ်အပျက် များကြုံခဲ့ရသည့်ရွာဟု ဆိုရမည်။
ထိုကျောင်းအား သုံးဆင့်ကေဒါသင်တန်း ကျောင်းဟုခေါ်ခြင်းမှာ ထိုကျောင်းတွင်တက်ရောက်ရန် သတ်မှတ်ထားသည့် KIA အရာရှိအဆင့်အတန်းကို ဖေါ်ပြခြင်းဖြစ်သည်။ ထိုကျောင်းတွင်တက်ရောက်မည့်သူများမှာ KIA တပ်ဖက်မှဆိုလျင် တပ်ရင်း မှူး တပ်မဟာမှူးနှင့် ဗဟိုအဆင့်အားသတ်မှတ်ထားပြီး အရပ်ဖက်ပါတီ အုပ်ချုပ်ရေးမှဆိုလျင် ခရိုင် တိုင်း ဗဟိုအဆင့်ဟူ၍ အထက်အဆင့် ၃ ဆင့်တက်ရောက်ရန် တက်ရောက်ရန်သတ်မှတ်ထား၍ဖြစ်သည်။
အဆိုပါ သုံးဆင့်ကေဒါသင်တန်းကျောင်း ကျောင်းအုပ်အဖြစ်နှင့် KIA အားသင်တန်းပို့ချရန် CPB ဗဟိုကော်မတီဖြစ်သူ ဗိုလ်သန်းရွှေ မှတာဝန်ယူပါသည်။ ဗိုလ်သန်းရွေသည် ဂျပန်ခေတ် ဗိုလ်သင်တန်းကျောင်းတွင် သင်တန်းဆရာအဖြစ် တာဝန် ယူဘူးသကဲ့သို့ CPB အရှေ့မြောက် စစ်ဒေသ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ အရှေ့မြောက်စစ်ဒေသတွင် ဗိုလ်နော်ဆိုင်းက သူနှင့်တွဲ၍ တပ်မှူးကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဂျပန်ခေတ်မှစ၍ နိုင်ငံရေး စစ်ရေးအတွေ့အကြုံ ပြည့်ဝ သူဟုဆိုနိုင်ပြီး အရည်အချင်းရှိသူဖြစ်သည်။
အဆိုပါ KIA အတွက်ဖွင့်လှစ်သော သုံးဆင့်ကေဒါသင်တန်းကျောင်းအား ၁၉၇၇ ဇန္နဝါရီတွင် စတင်ဖွင့်လှစ်သည်။ အဆိုပါ သင်တန်းကျောင်း ပထမပတ် တွင် ထိုစဉ် KIO အတွင်းရေးမှူး လယော်ဇောင်းဟရာ (လက်ရှိ KIO ဥက္ကဌ) ဦးစီးပြီး ၁၅ ယောက်တက်ရောက်သည်။ တိုင်းမှူးအဆင့်မှ ဆင်ဝါးနော် တပ်ရင်းမှူးအဆင့် ဗိုလ်ကြီး လခန်ပန်းအောင် (ကွယ်လွန်) ဗိုလ်ကြီး အင်ဘန်လ (ယခု ဒုဥက္ကဌ) တို့ ပါဝင်သည်။
သုံးဆင့်ကေဒါသင်တန်းကျောင်းကာလကို ၆ လသတ်မှတ်ထားသည်။ ၅ လကို မုန်လုံ၌ သင်တန်းပို့ချ အပြန်အလှန်ဆွေး နွေးခြင်းများပြုလုပ်ပြီး တရုတ်ပြည်တွင်း လှည့်လည်လေ့လာကြည့်ရှုရေးအစီအစဉ် တစ်လပါဝင်ပါသည်။ နိုင်ငံရေးသဘောတရားများ ပို့ချချက်များမှာ တကယ်တမ်းဆိုလျှင် KIA တို့နှင့် သဟဇာတ မဖြစ်လှချေ။ သို့သော် သင်တန်းပို့ချသူ ဗိုလ် သန်းရွှေ၏ စိတ်ရှည်လက်ရှည် ပြောဆိုဆွေးနွေးမှုများကြောင့် စိတ်ပါဝင်စားမှု အတန်သင့်ရခဲ့သည်။ အပြန်အလှန်ဆွေးနွေး ငြင်းခုံမှုများနှင့် စည်ကားသည်ဟု ဆိုနိုင်သည်။
KIA အရာရှိများသည် စစ်သေနင်္ဂင်္ဗျူဟာနှင့် နည်းပရိယာယ်ပြဿနာများ CPB ၏တိုက်ပွဲ အတွေ့အကြုံများစသည့် စစ်ရေး ဖက်ဆိုင်ရာတွင် ပို၍စိတ်ဝင်စားခဲ့သည်ဟုဆိုရမည်။ သဘောတရားရေးသင်တန်းများအပြီးတွင် လက်တွေ့တိုက်ပွဲတခု တိုက်ပြသည့် အစီအစဉ်တခုပါ ထည့်သွင်းခဲ့သေးသည်။ တိုက်ပွဲမှာ ရွှေကျင်ဝမ်ခေါ် စီစီဝမ်တာပန် တောင်ကြောပေါ်မှ အစိုးရ တပ်စခန်းတခုအားတိုက်ခိုက်၍ စခန်းသိမ်းတိုက်ပွဲတခုတိုက်ပြခြင်းဖြစ်သည်။ KIA အရာရှိများအား စစ်ကွပ်ကဲရေးဌာနရှိ စစ်မြေပြင်သို့ခေါ်သွားပြီး တပ်ဖြန့်ခွဲမှု လက်နက်ကြီး နေရာချမှု လက်နက်ကြီးနှင့် ခြေလျင်ပေါင်းစပ်မှုများကကို လက်တွေ့ စစ်မြေပြင်တွင် အတွေ့အကြုံ ရစေခဲ့သည်။ ၁၉၇၇ မေလတွင် ဖြစ်သည်။
ထိုတိုက်ပွဲသည် KIA အရာရှိများအား အတွေ့ အကြုံ တခုရစေခဲ့သော်လည်း အောင်ပွဲတော့မရခဲ့ပေ။ ထိုစခန်းသိမ်းတိုက်ပွဲတွင် တက်ထိုးသည့် CPB ကွတ်ခိုင်ခရိုင်တပ်မှ တပ်ခွဲနိုင်ငံရေးမှူး အင်ခွန်နော်ကျဆုံးသည်။ တပ်ခွဲမှူး မုန်ဆာလတို့ ပြန်လည် ဆုတ်ခွာရသည်။ CPB ၏ လက်နက်ကြီးတပ်ဖွဲ့ တန်ပြန်ပြန်လည်အပစ်ခံရသည်။ KIA တို့တော့ ကောင်းစွာအတွေ့ အကြုံရ သွားသည်ဟု ဆိုရမည်။
ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ခွဲမှူးမုန်ဆာလမှာ ၁၉၉၅ ခန့်တွင် ကိုးကန့်အဖွဲ့မှခွဲထွက်ပြီး MDA မုန်းကိုးကာကွယ်ရေးတပ် ဖွဲ့ကာ မုန်းကိုး မုန်းယားဒေသများတွင် တစင်ထောင်ရပ်တည်ခဲ့ သူဖြစ်သည်။ ၂၀၀၀ ခန့်တွင် အစိုးရက ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရကာ မောင်းတောထောင်တွင်း၌ပင် ကွယ်လွန်သွားခဲ့သည်။
သုံးဆင့်ကေဒါသင်တန်းကျောင်း ဒုတိယပတ်အား ၁၉၇၇ သြဂုတ်လတွင် ပြန်လည်ဖွင့်လှစ်သည်။ လမုန်တူးဂျိုင်ဦးစီး ၃၈ ဦးခန့်တက်ရောက်သည်။ ၎င်းဒုတိယပတ်၌ လမုန်တူးဂျိုင် (နောင်KIO ဥက္ကဌ တာဝန်ယူပြီးကွယ်လွန်) နှင့် အတူလားမား လရိန် (ကွယ်လွန်) ဒေါက်တာလဂျာ (KIO အတွင်းရေးမှူးတာဝန်ယူခဲ့သူ) ဦးဇော်ဆိုင်း (KIC) တို့နှင့် မရန်ဘရန်ဆိုင်း၏ဇနီး လယော်ဇောင်းဟရာ၏ဇနီးတို့လည်း ပါဝင်သည်။ သင်တန်းကျောင်းအုပ်အဖြစ် CPB မှ ဗိုလ်သန်းရွှေပင်ဆက်လက် တာဝန် ယူသည်။
သုံးဆင်ကေဒါသင်တန်းကျောင်း တတိယပတ်ကား အနဲငယ်အပြောင်းအလဲရှိသည်။ CPB တို့ ဗဟိုဌာနချုပ် ပြောင်းရွှေ့ခြင်း တစ်နှစ်နီးပါးကြာသော CPB ဗဟိုကော်မတီအစည်းအဝေးကျင်းပနေခြင်း သင်တန်းကျောင်း ကျောင်းအုပ်အဖြစ်တာဝန်ယူသူ ဗိုလ်သန်းရွှေ ပါတီတွင်းအရေးယူခံရပြီး တာဝန်မှချထား ခံရခြင်းတို့ကြောင့် ဖြစ်သည်။
ထို့ကြောင့် သုံးဆင့်ကေဒါ သင်တန်းကျောင်းကို၁၉၈၀ ခန့်တွင် မန်ရှိုး (မန်ဟီးရိုး) ဒေသ ကောက်ကွတ်ကျောင်းတွင်ပြန်လည် ဖွင့်လှစ်သည်။KIA မှ သင်တန်းသား အရာရှိ ၅၀ ခန့်တက် ရောက်သည်။ ဗိုလ်မှူးခွန်ချို (နောင် KIC ကုန်သွယ်ရေး) ဗိုလ်မှူး ဇော်ဆန်း တို့ပါဝင်သည်။ တတိယပတ် သင်တန်းအား CPB မှ အရန်ဗဟိုကော်မတီဝင် ရဲဘော်မောင်မောင်စိန်မှ ကျောင်းအုပ် အဖြစ် တာဝန်ယူသည်။ နောက်ဆုံးအပတ်စဉ်သည် ယခင်သင်တန်းနှစ်ပတ်လောက်တော့ အဆင်မပြေခဲ့ပေ။ CPB သင်တန်း ပို့ချချက်မှာလည်း ပြောင်းသွားပြီး CPB ၁၉၇၉ ဗဟိုကော်မတီမှချမှတ်သည့်လမ်းစဉ်များကို ဆွေးနွေးရာ KIA တို့ စိတ်ဝင်စား မှုမရပေ။ ထို့ပြင် သင်တန်းကျောင်းအုပ်အဖြစ်တာဝန်ယူသူ ရဲဘော်မောင်မောင်စိန်မှာ စစ်ရေးဘက်တွင် အားသန်သူမဟုတ်။ ထို့ပြင် အရှေ့မြောက်တိုက်ပွဲကြီးငယ်များတွင်ပါဝင်ခဲ့သူမဟုတ်၍ ဗိုလ်သန်းရွှေကဲ့သို့ စစ်ရေးအမြင်နှင့် အရှေ့မြောက် တိုက် ပွဲကြီးများကို ဆက်စပ်ရှင်းပြသူလောက် KIA များ စိတ်မဝင်စားခဲ့ကြပေ။
တတိယပတ်လည်းဖြစ် နောက်ဆုံးပတ်လည်းဖြစ်သော သင်တန်းကျောင်း၏သင်တန်းကာလမှာလည်း ၄ လခန့်သာကြာမြင့် ခဲ့သည်။ ထို့ပြင် တရုတ်ပြည်၌ တိန့်ရှောက်ဖင်တက်လာပြီး ပေါ်လစီ အပြောင်းအလဲကာလဖြစ်ရာ တရုတ်ပြည်လေ့လာရေး အစီအစဉ်မှာလည်း သိပ်ကြာမြင့်ခြင်းမရှိတော့ပေ။
● ကောက်ကွတ်သင်တန်းကျောင်း
မုန်လုံသုံးဆင့်ကေဒါသင်တန်းကျောင်းနှင့်အတူ ဖွင့်လှစ်သောသင်တန်းကျောင်းမှာ အလွယ်တကူ ကောက်ကွတ်သင်တန်း ကျောင်းဟုခေါ်ဟုခေါ်သည်။ ထိုသင်တန်းကျောင်း တပ်ရင်းအလိုက်ဖွဲ့စည်းထားသော KIA တပ်ရင်းအား သင်တန်းပေး ရန်ဖြစ်သည်။ အဆိုပါသင်တန်းတက်မည့်တပ်ရင်းအား တပ်ရင်းမှူး တပ်ခွဲမှူး တပ်စုမှူး တပ်စိတ်မှူး တပ်သားအစရှိသည့် တပ်ရင်းဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသည့် အဆင့်အားလုံးပါသည့် သင်တန်းဖြစ်သည်။ နိုင်ငံရေးသင်တန်းအပြင် အခြေခံစစ် ပညာသင်တန်းပါ ပါဝင်သည်။
အဆိုပါသင်တန်းအား CPB ၏ အရှေ့မြောက်စစ်ဒေသ နမ့်ခမ်းခရိုင်တွင် ဖွင့်လှစ်သည်။ ထိုစဉ် CPB နမ့်ခမ်းခရိုင်တွင် နမ့်ခမ်း မူစယ်ကားလမ်းနှင့်အပြိုင် ရွှေလီမြစ်တဖက်ကမ်းရှိ ရှမ်းရွာ ၂၀ ခန့်ပါဝင်သော မန်ရှိုး (မန်ဟီးရိုး) ဒေသ (ယခု မန်ဟီးရိုးမြို့ နယ်ခွဲ) နှင့် နမ့်ခမ်းအနီး မုန်းဝီးဒေသဖြစ်သည်။ မုန်ဝီးဒေသကတော့ ပြောက်ကျားဒေသဖြစ်ပြီး မန်ရှိုးဒေသကတော့ အခြေခံ ဒေသဖြစ်သည်။ သင်တန်းကျောင်းကို မန်ရှိုးနှင့် ၃ မိုင်ခန့်အကွာရှိ ကောက်ကွတ်ရွာအနီး၌ ဖွင့်လှစ်သည်။ မန်ရှိုးဒေသတောင် ဖက်စွန်း ကွန်ဟိုင်းကျေးရွာမှဖြတ်ထွက်လျှင် (တရုတ်ပြည် လုံးတောင်ရွာအနီး) နမ့်ခမ်းတဖက်ကမ်း မန်ဝိန်းကွင်းမှတဆင့် လဂတ်တော်ကိုက်ထိပ်လမ်းမှ ကချင်ပြည်နယ်ထဲသို့ရောက်သွားပြီဖြစ်သည်။ ယခုတော့ သစ်မှောင်ခိုများ တွင်တွင်ကျယ် ကျယ်သုံးနေသောလမ်းဖြစ်သည်။
ဤနေရာကိုစီစဉ်ရခြင်းမှာ သင်တန်းကျောင်းသို့ကချင်ပြည်နယ်မှ KIA တပ်များကို စေလွှတ်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ရှမ်းမြောက်ရှိ KIA တပ်မဟာ ၄ မှာ CPB တပ်များနှင့် ၈ နှစ်ခန့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးခဲ့ရာ ထိုဒေသမှတပ်များ ကိုမစေလွှတ်ဘဲ CPB နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးခြင်းမရှိသည့် ကချင်ပြည်နယ်မှတပ်များကိုစေလွှတ်ရန်စီစဉ်၍ ဖြစ် သည်။ KIO ဥက္ကဌ မရန်ဘရန်ဆိုင်းသည် CPB နှင့် ဆက်ဆံရေးပြဿနာကို အထူးဂရုစိုက်ကိုင်တွယ်ခဲ့သည်ဟု ဆိုရမည်။
အဆိုပါကောက်ကွတ်သင်တန်းကျောင်းအား CPB အရန်ဗဟိုကော်မတီဝင် ရဲဘော်စိုင်းအောင်ဝင်း (ကွယ်လွန်) ကတာဝန်ယူ သည်။ ရဲဘော်စိုင်းအောင်ဝင်းသည် ၁၉၆၂ ဇူလိုင် ၇ ရက်အရေးအခင်းကာလက ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ဗိုလ်ခင်ညွန့်နှင့်အတူ မန္တလေးဆောင်တွင် အတူနေခဲ့သူဖြစ်သည်ဟုဆိုသည်။ ၇ ရက် ဇူလိုင်အရေးအခင်းအပြီး ပဲခူးရိုးမ CPB ဗဟိုသို့ရောက်ပြီး သခင်သန်းထွန်းမှ စဝ်ရွှေသိုက်၏ဇနီးဖြစ်သူ မဟာဒေဝီထံသို့ဆက်သားအဖြစ် စေလွှတ်ခဲ့သည့် ရှမ်း ရဲဘော်ဖြစ်သည်။
ကောက်ကွတ်ကျောင်းသည် မုန်လုံကျောင်းနှင့်မတူ။ မုန်လုံတွင် လူနည်းသဖြင့် သင်တန်းနည်းပြအဖြစ် ဗိုလ်သန်းရွှေအပြင် လက်ထောက်တစ်ဦးသာထားရှိသည်။ ထို့ပြင် ရိက္ခာချက်ရေးပြုတ်ရေးအတွက်လည်း လူနည်းသဖြင့် ပြဿနာမကြီး။ လူအ နည်းငယ်သာလိုသည်။ လုံခြုံရေးအတွက်သာ ခွဲမှူးဦးစီးတပ်စု ၂ စုထားရှိသည်။
ကောက်ကွေ့သင်တန်းကျောင်းတွင် သင်တန်းသားများသဖြင့် လက်ထောက်သင်တန်းနည်းပြ ၂၀ ကျော် ၃၀ ခန့်ထားရသည်။ ထို့ပြင်ဆေးအဖွဲ့လုံခြုံရေးတပ်စုတစ်စု ရိက္ခာအဖွဲ့တို့ထားရှိရသည်။ တပ်ရင်းတရင်းစာ လူ ၃၅၀ ခန့်အား သင်တန်းအပတ်စဉ် တခုစာ နေ့ ရော ညပါ ချက်ပြုတ်ပေးရန်လူ ၃၀ နီးပါးရှိ ရိက္ခာအဖွဲ့လိုအပ်ရာ CPB ၏ ကောက်ကွတ်သင်တန်းကျောင်းတွင် CPB မှအင်အား ၁၀၀ နီးပါးတာဝန်ယူခဲ့ရသည်။
ထိုစဉ် CPB မှ သင်တန်းကျောင်း ၂ ခုစလုံးတွင်လာရောက်တက်သည့် သင်တန်းသားအားလုံးအတွက် ယူနီဖေါင်းဝတ်စုံ အပြည့်အစုံ ၂ စုံစီကျောပိုးအိတ် စောင် ခြင်ထောင် မိုးကာမှအစ အပြည့်အစုံထုတ်ပေးသည်။ နေထိုင်ရန်အဆောင်များ သင် တန်းကာလအတွင်း စာရေးသောက်ရေးရိက္ခာ အပြည့်အစုံချက်ပြုတ်ကျွေးမွေးရေးမှအစ တာဝန်ယူသည်။ ထို့ပြင် သင်တန်းတက်စဉ်ကာလ နာမကျန်းဖြစ်မှုများအားလုံးအားလည်း တာဝန်ယူရပါသည်။
ကောက်ကွတ်သင်တန်းကျောင်းအပတ်စဉ်တခုလျင် ၃ လကြာမြင့်သည်။ ၁၉၇၇ ဇန္နဝါရီမှ မတ်လကုန်ထိ ပထမပတ် ၁၉၇၇ ဇွန်လမှသြဂုတ်လကုန်ထိ ဒုတိယပတ် ၁၉၇၈ တွင် တတိယပတ် ၁၉၇၉ တွင် စတုတ္ထပတ်တို့ ဖွင့်လှစ်ခဲ့သည်။ ရှေ့ဆုံးသုံး ပတ်တွင် သင်တန်းသား ၃၅၀ ကျော်စီတက်ခဲ့ပြီးနောက်ဆုံးပတ်တွင် သင်တန်းသား ၂၅၀ ကျော်တက်ရောက်ရာ သင်တန်း ၄ ပတ်အတွင်း KIA စစ်သည်၁၃၀၀ ကျော် သင်တန်းတက်ရောက်ခဲ့သည်။
အဆိုပါ ကောက်ကွတ်သင်တန်းကျောင်း ပထမပတ်နှင်ဒုတိယပတ် သင်တန်းတက်သည့်တပ်ရင်းအား နှစ်ပတ်ဆက် ဦး ဆောင်လာသည့်တပ်မှူးမှာ ဗိုလ်မှူးမရန်ဘရန်တောင်ဖြစ်သည်။ အမှန်တော့ သူသည် တပ်ရင်းမှူးအဆင့် KIA အရာရှိ မဟုတ်ချေ။ KIA ဗဟိုမှခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထိုစဉ် KIA တပ်အတွင်းတွင်၌ ခွဲမှူးအဆင့်အား ဗိုလ် တပ်ရင်းမှူး အဆင့်အား ဗိုလ်ကြီး တပ်မဟာမှူးအဆင့်မှ ဗိုလ်မှူးဟု သတ်မှတ်ထားသေးသည်။ ဗိုလ်မှူးမရန်ဘရန်တောင်အား ဦးစီးစေ လွှတ်ခြင်းသည် CPB နှင့်ဆက်ဆံရေးပြေပြစ်စေလို၍ ဖြစ်သည်။ ယခုတော့ သူလည်းကွယ်လွန်ပြီ ဟုဆိုသည်။ အမှန် တကယ်လည်း ဗိုလ်မှူးမရန်ဘရန်တောင်သည် အလွန်ဆက်ဆံဆရးပြေပြစ်သူဖြစ်သည်။ ကောက်ကွတ်သင်တန်း ကျောင်း ဒုတိယပတ်တွင် ဗိုလ်မှူးဘရန်တောင်နှင့်အတူ တပ်ရေးဗိုလ်ကြီးအဖြစ်လိုက်ပါလာသူမှာ ဗိုလ်ဂျေဆန်လီဖြစ်သည်။ သူက ထိုစဉ် KIA ရင်း ၁ တွင် တပ်ခွဲမှူးဖြစ်သည်။ နောင် KIA ဗဟိုတပ်များ၏ဗျူဟာမှူးအဖြစ်တာဝန်ယူခဲ့ပြီးနောက် ကွယ်လွန် သွားပြီဟုဆိုသည်။ ထိုကောက်ကွတ်ကျောင်း ဒုတိယပတ်တွင် တပ်ခွဲတစ်ခု၌ တပ်ကြပ်အဖြစ်ပါလာသူတစ်ဦးလည်းရှိ သေးသည်။ သူကတော့ ရန်ကုန်စီးပွါးရေးတက္ကသိုလ်မှ ဘွဲ့ရထားပြီး KIA သို့ဝင်ရောက်လာသည်မှာ မကြာသေးသူဖြစ် သည်။ ကိုယ့်သဘောနှင့် KIA သို့ဝင်ရောက်သူများတွင်ပါဝင်သည်။ သူအမည်ကို ဂွမ်ထန်ဂမ်ရှောင်ဟုခေါ်ပြီး ထိုတပ်ကြပ် ကလေးသည် ယခုတော့ KIA တခုလုံးကိုဦးစီးနေသည့် စစ်ဦးစီချုပ်နှင့် KIC ၏ ဒုဥက္ကဌ ၁ တာဝန်ယူထားသည့်ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်နေပေသည်။
ကောက်ကွတ်ကျောင်း စတုတ္ထပတ်၌ သင်တန်းတက်မည့်တပ်ရင်းကို ဦးစီးလာသူမှာ ဗိုလ်ကွန်လီဖြစ်သည်။ သူသည် မြစ်ကြီး နားတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး CPB နှင့် KIA တိုက်ခိုက်စဉ်ကာလက KIA တပ်မဟာ ၄ တွင်ရှိနေပြီး တပ်မဟာမှူး ဗိုလ်မှူး လထော်ဇော်ဒန်ကျဆုံးသည့်တိုက်ပွဲတွင် အနီးကပ်ပါဝင်ခဲ့သူဖြစ်သည်။ ယခုတော့ ပြန်ပေါင်းထုပ်သည့် ဇတ်တွင် လည်း ဇတ်ကောင်တစ်ဦးအဖြစ် ပြန်လည်ပါဝင်ခဲ့သည်ဟု ဆိုရမည်။ ကောက်ကွတ် ကျောင်းစတုတ္ထပတ် သင်တန်းတပ်ရင်း၏ ထူးခြား ချက်တခုမှာ KIA အမျိုးသမီးအရာရှိတစ်ဦးဖြစ်သူ ဗိုလ်ရူထဦးစီးသော အင်အား ၆၀ ကျော်ခန့်ရှိသော အမျိုးသမီးတပ် ခွဲတစ်ခွဲပါဝင်လာခြင်းဖြစ်ပေသည်။
ထို့ပြင် စတုတ္ထပတ်တွင် ဘွဲ့ရ ကချင်လူငယ်တစ်ဦးပါဝင် သည်ကို တွေ့ရသည်။ 
သူ့အမည်မှာ လဇိန်ဂျေးနောင် ဖြစ်သည်။ ထို စဉ်က KIA တွင်းရောက်သည်မှာ ကြာပုံမရသေး။ ဒုတပ်ကြပ်အဆင့်ဖြစ်သည်။ နောင် ဥက္ကဌ မရန်ဘရန်ဆိုင်း၏ PA ဖြစ်လာပြီး ၂၀၁၂ နှစ် ရွှေလီတွင်ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးနွေးပွဲများတွင် ဗိုလ်မှူးကြီး အဆင့်ဖြင့်တွေ့လိုက်ရသည်။
မောင်မောင်စိုး - (မိုးမခ) 
ဖေဖော်ဝါရီ ၄၊ ၂၀၁၆
ကချင်တိုင်းရင်းသားလက်နက်ကိုင် စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၅)
ဆက်လက်ဖေါ်ပြပါမည်။
မိုးမခ မှကူးယူဖော်ပြပါသည်။#BurmaDemocracy