Wednesday, August 6, 2014

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရာ၌ သက်သေအဖြစ် နှစ်နိုင်ငံထပ်တိုး


 သြဂတ်စ်လ ၅ ရက် ၂၀၁၄
မွေခေါဝ်
အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာ၌ ဂျပန်နှင့်နော်ဝေးနိုင်ငံတို့ကို အသိသက်သေအဖြစ် ဆောင်ရွက်ရန် လိုင်ဇာ အစည်းအဝေး၌ တင်ပြရာ သဘောတူမှု ရရှိခဲ့ကြောင်း သိရှိရပါသည်။

“အရင်ကတော့ အသိသက်သေတွေအဖြစ် ပုဂ္ဂိုလ် ၂ ယောက်နဲ့ နိုင်ငံကြီး ၅ နိုင်ငံပေါ့။ UN အတွင်းရေးမှူးနဲ့ အာဆီယံအတွင်းရေးမှူး။ နိုင်ငံတွေကတော့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ ထိုင်းနဲ့ UK အင်္ဂလန်ပါ။ ဒီတခေါက် လိုင်ဇာအစည်းအဝေးမှာ ဂျပန်နဲ့နော်ဝေးနိုင်ငံကို အသိသက်သေအဖြစ် ဆောင်ရွက်ဖို့ တင်ပြတာ သဘောတူခဲ့ကြတယ်။ နောက်ထပ်နှစ်နိုင်ငံတိုးတာပေါ့” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက ပြန်လည်ပြောပါသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဂျူလိုင် လ ၂၅ ရက်မှ ၃၁ ရက်နေ့ထိ ကျင်းပခဲ့သည့် အစည်းအဝေး၌ လမ်းညွန်မှု ၁၀ ချက် ရရှိခဲ့သည်။
၁− ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိ သော ပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရေး အခြေခံမူကို ခိုင်မာစွာ စွဲကိုင်ထားရမည်။
၂ − အကယ်၍ အစိုးရက နံပါတ် ၁ အချက်ကို လက်ခံပါက တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ခေါင်းစဉ်၌ “တော်လှန်ရေး” ဆိုသည့် စကားလုံးကို ပယ်ဖျက်ပစ်မည်။
၃− နိုင်ငံရေးဆွေးနွေးပွဲကို “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ဟု ခေါ်တွင်မည်။
၎− နိုင်ငံရေးဆွေးနွေးပွဲ၌ “အရေးသုံးပါး”ကို ခေါင်းစဉ်တခုအနေဖြင့် ဆွေးနွေးသွားမည်။
၅− နိုင်ငံရေးဆွေးနွေးပွဲ၌ အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ မှတ်ပုံတင်ရရှိပြီးသော နိုင်ငံရေးပါတီများနှင့် သင့်တော်သည့် ဒီမိုကရေစီအင်အားစုတို့ ပါဝင်မည်။
၆− “အမျိုးသားအဆင့်” နိုင်ငံရေးဆွေးနွေးပွဲကို “အမျိုးသားနှင့် အမျိုးသားများအဆင့်” နိုင်ငံရေး ဆွေးနွေးပွဲဟု ပြောင်းလဲသတ်မှတ်မည်။
၇− ကြားကာလဆောင်ရွက်ရမည့် အစီအစဉ်များကို သဘောတူညီချက်စာချုပ်တွင် အခန်းတခန်း အနေဖြင့် ထည့်သွင်းမည်။
၈− အခြေခံမူကို ဆန့်ကျင်ခြင်းမရှိဘဲ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စကားလုံးအသုံးအနှုန်းများကို NCCT က ပြင်ဆင်ပိုင်ခွင့်ရှိသည်။
၉− ဂျပန်နှင့်နော်ဝေးနိုင်ငံကို တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာ၌ အသိသက်သေအဖြစ် ဆောင်ရွက်ပေးရန် သဘောတူညီသည်။
၁၀− တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးမည့် အဖွဲ့တိုင်း အောက်ပါအချက်အလက်နှင့် ပြည့်စုံရမည်။
က) လိုင်ဇာအစည်းအဝေး၌ လက်မှတ်ရေးထိုးသည့်အဖွဲ့ ဖြစ်ရမည်။
ခ) အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်ရမယ်။
ဂ) လက်နက်ကိုင်အဖွဲ့အစည်း၌ ရှိသင့်သည့် အင်္ဂါရပ်များ အပြည့်အစုံ ရှိရမည်။
ဃ) အစိုးရလက်အောက်ခံတပ်ဖွဲ့ မဖြစ်ရ။
င) မြန်မာနိုင်ငံအစိုးရမဟုတ်သည့် တခြားနိုင်ငံအစိုးရကို တော်လှန်သည့် လက်နက်ကိုင် တပ်ဖွဲ့ မဖြစ်ရ။ − တို့ဖြစ်သည်။
“နံပါတ် ၂ အချက် ဆိုလိုချင်ဒါက သဘောတူညီချက်စာကိုယ်ထဲမှာတော့ “တော်လှန်ရေး” ဆိုတာ ပါနေဦးမှာဘဲ။ နံပါတ် ၆ အချက်က အမျိုးသားနှင့် အမျိုး သား များအဆင့်ဆိုတာက ဥပမာ− သျှမ်းပြည်မှာဆို ပအိုဝ်းလည်း သတ်သတ်ဆွေးနွေးမယ်။ ပလောင်လည်း သတ်သတ်ဆွေးနွေးမယ်။ နောက်မှ သျှမ်းပြည်မှာရှိတဲ့အဖွဲ့တွေအားလုံးစုပြီး ဆွေးနွေးမယ်” ဟု ၎င်းက သျှမ်းသံတော်ဆင့်အား ရှင်းလင်းပြပါသည်။
နံပါတ် ၁၀ အချက်မှ (က)အချက်ဆိုလိုသည်မှာ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးဘဲ လိုင်ဇာအစည်းအဝေး၌သာ လက်မှတ်ထိုးသည့် ရခိုင်တပ်မတော် (AA) ကဲ့သို့သော အဖွဲ့ဖြစ်ကြောင်း၊ (ခ) အချက်မှာ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး လိုင်ဇာအစည်းအဝေး၌ လက်မှတ်မထိုးသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ၀ တပ်ဖွဲ့ UWSA ၊ မိုင်းလားတပ်ဖွဲ့ NDAA-ESS ကဲ့သို့သော အဖွဲ့များဖြစ်ကြောင်း၊ (ဃ)အချက်က နယ်ခြားစောင့်တပ် BGF ၊ ပြည်သူ့စစ် တို့ဖြစ်ကြောင်း၊ (င) အချက်မှာ နာဂကဲ့သို့သော တပ်ဖွဲ့ကို လက်ခံမည့်ပုံ မပေါ်ကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောပါသည်။
လိုင်ဇာအစည်းအဝေး၌ NCCT ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်ဟံသာက အစိုးရနှင့် တိုင်းရင်း သားတော်လှန်ရေးတပ်ဖွဲ့ နှစ်ဖက်စလုံး ယုံကြည်မှု လျော့နည်းနေကြောင်း၊ နှစ်ဖက်စလုံး အပစ်ခတ် ရပ်စဲရေးကို အခွင့်ကောင်းယူကာ နယ်မြေတိုးချဲ့မည်ဟု တဖက်နှင့်တဖက် သံသယစိတ်ရှိနေကြ ကြောင်း တင်ပြခဲ့သည်ဟု ဆို၏။
လိုင်ဇာအစည်းအဝေးအပြီး သြဂတ်စ်လ ၃ ရက်နေ့ မြစ်ကြီးနားမြို့၌ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တည်ဆောက်ရေး အဖွဲ့ UPWC တို့ တွေ့ဆုံခဲ့ကြသည်။
ဓါတ်ပုံ - ဂျူလိုင်လနှောင်းပိုင်းက ပြုလုပ်ခဲ့သည့် လိုင်ဇာအစည်းအဝေး ၌ပါဝင်တက်ရောက်ခဲ့ သော ကူလ ကိုယ်စားလှယ်။