Sunday, August 17, 2014

မြန်မာနိုင်ငံမှာ ခက်နေတာ မသိခြင်းကို မသိခြင်းပါ။



၈၈ အရေးအခင်းမတိုင်မှီ ရန်ကုန်သားတွေဟာ သူတို့ စစ်တပ်ဟာ တိုင်းရင်းသား ဒေသတွေမှာ ဥပဒေမဲ့ လူသတ်နေတယ် ဆိုတာကို ပြောပြလဲ မယုံခဲ့ပါဘူး။

တိုင်းရင်းသား ဒေသတွေမှာ မဒိမ်းကျင့်ပါတယ် လို့ ပြောလဲ မယုံကြပါဘူး။

၈၈ အရေးအခင်းမှာတော့ သူတို့ ကိုယ်တိုင်ခံစားခဲ့ရပါတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ ပစ်သတ်တယ်။ ကျောင်းသူတွေ မဒိမ်းကျင့်ခံရတယ်။ ဒီတော့ မခံချင်တဲ့ လူ (ကျောင်းသားလို့ ဆိုသူတွေ) တစ်စု က တောခိုခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

ဒီနေရာမှာ တစ်ချို့ စစ်တပ်ရဲ့ ဥပဒေ ချိုးဖေါက်မှုတွေကို လက်တွေ့ တွေ့မြင်လာရတယ်။ တိုင်းရင်းသားတွေ ပြောပြောနေတဲ့ နိုင်ငံရေးလမ်းစဉ် ကိုလဲ သဘောကျလာကြတယ်။ ဒါပေမယ့် ရန်ကုန်ပြန်သွားတဲ့လူတွေက ဒုံရင်းက ဒုံရင်း ပြန်ပြန် ဖြစ်သွားတယ်။

အခုလဲ တိုင်းရင်းသားတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ အရင်းအမြစ်ဖြစ်တယ် ဆိုတာကို နေပြည်တော်က လူတွေ မသိကြပါဘူး။ သူတို့သိတာ အင်အယ်ဒီ နဲ့ ကြံ့ဖွတ် ကြားက တိုက်ပွဲလောက် ဖြစ်ချင်ဖြစ်မယ်။

နိုင်ငံရေး ပဠိပက္ခလေ့လာသူများရဲ့ အဆိုအရ တော့ ပြည်တွင်းစစ်အများစုသည် လူနည်းစုများရဲ့ ရပ်တည်ချက်ကို ဥပက္ခာပြုခြင်းရဲ့ အကျိုးဆက်များ ဖြစ်တယ် လို့ ဆိုပါတယ်။

လက်နက်ကိုင် ပဠိပက္ခကို နိုင်ငံရေး လမ်းကြောင်းဖြင့် မဖြေရှင်းပဲ လက်နက် နဲ့ ဖြေရှင်းနေမယ် ဆိုရင် နောင် အနှစ် တစ်ရာ ဆက် ဆင်းရဲ ကြရမှာပါ။ ဒီအတောအတွင်းမှာ ပတ်ဝန်းကျင် နိုင်ငံတွေကို ဘယ်လိုမှာ လိုက်မှီတော့မှာ မဟုတ်ပါ။

တိုင်းရင်းသား တွေကော ဘာဖြစ်လို့ လက်နက်ကိုင်သေးလဲ လို့ ဆိုလာပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသားမှ အလကား နေရင်း ကိုယ့်ထက်အဆပေါင်းများစွာ အင်အားများတဲ့ စစ်တပ် ကို အားအားယားယား အသေခံပြီး တိုက်မနေချင်ပါ။ တိုင်းရင်းသားတွေက မရသေးတဲ့ အခွင့်အရေး အတွက် တိုက်ပွဲဝင်နေတာသာ ဖြစ်တယ်။ ဒီတော့ ဗမာ တွေက ဘာအတွက် တိုက်ချင်နေရတာလဲ လို့ မေးစရာ ဖြစ်လာပါမည်။

ဖက်ဒရယ် စနစ်ကြောင့်

(၁) ဗမာစကား၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှု၊ ဗမာဖြစ်ခြင်း တိမ်ကောစရာ မရှိပါ။
(၂) မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဒေသ အားလုံး ဖွံ့ဖြိုးတိုးတက်လို့ နိုင်ငံတကာမှာ ဗမာတွေ မျက်နှာငယ်စရာ အကြောင်းမရှိပါ။
(၃) မြန်မာနိုင်ငံ အစိတ်အမွာမွာ ဖြစ်စရာ အကြောင်းမရှိတော့ပါ။ (အခုတော့ တရားမ၀င်မဟုတ်လဲ အစိတ်အစိတ်အမွာမွာ ဖြစ်နေတာပါပဲ။)

ဒီတော့ ပြဿနာက မသိခြင်း ကို မသိခြင်း ပါပဲ။

မသိလို့ မသိမှန်းလဲ မသိဘူး။