Friday, June 1, 2012

အပစ်ရပ်များအတွက် ဒုတိယထောင်ခြောက်


E-mailPrint
သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်ရှိပြုလုပ်နေသည့်  အပစ်အခတ်ရပ်စဲရေး အကြောင်း စဉ်းစားရင်း “တစ်ခါအလိမ်ခံရလျှင် လိမ်သူ၏ အပြစ် ၊ နှစ်ခါခံရပြီ ဆိုလျှင် လိမ်သူ၏ အပြစ်မဟုတ်တော့” ဆိုသည့် စကားကို ပြေးမြင်မိသည်။
U_Khin_Nuynt__Photo-_7_day_news
မကြာမီက အကျယ်ချုပ်မှလွတ်မြောက်သည့် စစ်ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဦးခင်ညွန့် (7 day news )

အဆိုပါ စကားလုံးသည် ဟာသဆန်သည်ဟု ထင်ရသော်လည်း ညံ့သူခံစတမ်းဆိုသည့် အဓိပ္ပါယ်ဖြစ်၍ နိုင်ငံရေးကဲ့သို့ ကြီးကျယ်သည့် ကိစ္စရပ်များတွင် လွန်စွာအသုံးဝင်ပေသည်။

တစ်ချိန်က နဝတစစ်အစိုးရနှင့် အပစ်ရပ်၍ အမျိုးသားညီလာခံတက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ကြုံတွေ့ခဲ့သည့် အမှားမျိုး ယနေ့ အပစ်ရပ်စဲရေးလုပ်နေကြသည့် အဖွဲ့များ မလုပ်မိစေရန် ၄င်းစကားလုံးသည် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ထိုစဉ်က အမျိုးသားညီလာခံ တက်ရောက်ခဲ့သည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များ၏ ရလဒ်ကို ထုတ် နှုတ်ပြရလျှင်  - 
(၁) လက်နက်ကိုင် ခေါင်းဆောင်တချို့ ပျက်စီးသွားသည် 
(၂)  ရန်သူနှင့်ပူးပေါင်းသဖြင့် တပ်ဗိုလ် တပ်သားတချို့ စိတ်ဓါတ်ကျ၍ တပ်ထွက်သွားသည် 
(၃) အဖွဲ့အစည်းတချို့ ချေမှုန်းခံလိုက်ရသည် 
(၄) အဖွဲ့အစည်းနှင့် ခေါင်းဆောင် တချို့ ရန်သူ့သစ္စာခံ ဖြစ်သွားသည် 
(၅) အဖွဲ့အစည်း အချင်းချင်း ရန်တိုက်ပေးခြင်း ခံခဲ့ရသည် 
(၆) ဒေသဖွံ့ဖြိုးရေး အတွက်ဆိုကာ သဘာဝအရင်းအမြစ်များ ထုတ်ရောင်းစားသဖြင့် ကုန်ခမ်းသွားသည် ။ 
စသည့် အချက်များဖြစ်သည် ။

ထို့အပြင် လက်နက်ကိုင်များအား အမျိုးသားညီလာခံတွင်ဆွေးနွေးပါ ၊ နောင်တက်မည့် အစိုးရနှင့်ဆွေးနွေးပါ ဆိုသည့် ပြောစကားမှာလည်း နှစ် ၂၀ ကျော်ကြာ အချိန်ကုန်ခဲ့ပြီး လက်တွေ့တွင် အကောင်အထည် ပေါ်မလာသည့် ဖြစ်ရပ်များ ဖြစ်သည်။

ယနေ့ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတို့ ပြုလုပ်နေသည့် အပစ်အခတ်ရပ်ဆဲရေးကို ပြန်လည်သုံးသပ်မည် ဆိုလျှင် အပစ်ရပ်ဆဲရေး နှစ် ၂၀ ကျော်ကာလမှ အတွေ့အကြုံများကို သင်ခန်းစာယူရမည်သာ ဖြစ်သည် ။ လက်ရှိ အပစ်အခတ် ရပ်ဆဲရေး လုပ်ငန်းစဉ်တွင် ပထမ အပစ်ရပ် ၊ ဒုတိယ ဖွံ့ဖြိုးရေးလုပ် ၊ တတိယ နိုင်ငံရေးဆွေးနွေး ဆို သည့် အဆင့် ၃ ဆင့်ပါ၀င်သည်ကို တွေ့ရသည်။

အဆိုပါ အဆင့် ၃ ဆင့်အနက် ဒုတိယအဆင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အချိန်အားဖြင့် ၃၊ ၄ နှစ်ကြာမြင့်မည်ဟုလည်း ဆိုသည် ။ ထိုအချိန်မှာ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ လုပ်မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
 
ထိုအချက်ကို ကြည့်လျှင် ယခုအပစ်ရပ်စဲချိန်ကာလမှ ဒုတိယအဆင့် ဖွံ့ဖြိုးရေးပြုလုပ်သည့် ၃၊ ၄ နှစ်ကာလ အတွင်း အပစ်ရပ်အဖွဲ့များ၏ ကံကြမ္မာကို ကြိုတင်ခန့်မှန်းတွက်ဆကြည့်၍ ရမည်ထင်သည်။

တနည်းအားဖြင့် ဖွံ့ဖြိုးရေးကာလဆိုသည်မှာ အဖွဲ့အစည်းများအတွက် အစစ်အမှန် လိုအပ်ချက်မဟုတ်ပဲ ထောင် ခြောက်တစ်ခုသာဖြစ်ပြီး မလုပ်တတ် မကိုင်တတ်ပါက တပ်ဖျက်ရသည်အထိ အန္တရာယ်ရှိနိုင်သည်။

အစိုးရဘက်မှအာဆီယံဥက္ကဋ္ဌဖြစ်ချိန်နှင့်အချိန်ကိုက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် အချိန်ဆွဲကာယခင် အမျိုးသား ညီ လာခံကဲ့သို့အ နှစ်သာရမရှိသော စကားလုံး အရသာ အမျိုးသားရေးလိုလို ငြိမ်းချမ်းရေးလိုလို ဆွေးနွေးပွဲများ ကျင်း ပကာ နိုင်ငံတကာထောက်ခံမှုရရှိစေရန် အမြတ်ထုတ်ရေးပင် ဖြစ်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်စပ်၍ နောက်ထပ် စိတ်ဝင်စားစရာ အချက် တစ်ခုမှာ ဇန်နဝါရီလ ၁၃ ရက် နေ့က ယခင် စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်ပေးခဲ့ခြင်း ဖြစ်သည်။
 
ဦးခင်ညွန့်အနေဖြင့် နိုင်ငံရေးနှင့် မပတ်သက်တော့ဟု ဆိုနေသည့်တိုင် အစိုးရခိုင်းသမျှ လုပ်ပေးရမည့် အားနည်းချက် များ သူ့ထံတွင် ရှိနေသည် ။ အားနည်းချက်ဆိုသည်မှာ လက်ရှိထောင်တွင်းရှိ စစ်ထောက်လှမ်းရေးဟောင်းများ ပြန်လည် လွတ်မြောက်ရေးမှာ ဦးခင်ညွန့်၏ လုပ်ရပ်များအပေါ် မူတည်နေခြင်းဖြစ်သည်။
 
သို့ဖြစ်၍ အစိုးရမှ ဦးခင်ညွန့်အား ပြန်ကိုင်လျှင် တက်တက်ကြွကြွ လုပ်ပြရမည့် အနေအထား ဖြစ်သည်။ 

မကြာမီ ရက်ပိုင်း အတွင်းက ဇေကမ္ဘာဦးခင်ရွှေ၏ မြရိပ်ညိုတိုင်းရင်းသားများ ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းသို့ ဦးခင်ညွန့်အား ဖိတ်ကြားခဲ့သည် ဆိုသည့် သတင်း ထွက်ပေါ်ခဲ့ရာ ၄င်းမှာတိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် ပြုလုပ်မည့်ဖွံ့ဖြိုး ရေး လုပ်ငန်း အဆင့်တွင် ဦးခင်ညွန့်တစ်ယောက် ပါ၀င်လာမည့် ရှေ့ပြေးနိမိတ်ပုံ တစ်ခုဖြစ်သည်။ 
 
အကယ်၍ ဦးခင်ညွန့်သာ အဆိုပါဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါ၀င်လာပါက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဦးခင်ညွန့်တို့ တစ်ကျော့ပြန်လည် ဆုံတွေ့ကြမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များအတွင်းဖြိုခွဲရေး၊ ပြိုကွဲရေးဇါတ်လမ်း များ စတင် လာတော့မည် ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များ ဖြိုခွဲခံရမည် ဆိုပါက လက်ရှိတိုင်းရင်းသားများ တောင်းဆိုနေသည့် တန်းတူရည်တူ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစရာ အကြောင်းမရှိတော့ပေ။

ထိုအခါ လိမ်သူဘက်မှ အပြစ်မဟုတ်တော့ပဲ နှစ်ခါအလိမ်ခံသူများထံတွင်သာ တာဝန်ရှိပေလိမ့်မည်။