အခု နေ အသစ် ပြန်လည် မှတ်ပုံတင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲထက် ၂၀၁၅ ရွေးကောက်ပွဲကိုသာ အဓိက အာရုံစိုက်သင့်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက ပြောဆိုလိုက်ပါတယ်။
ဒီ ကနေ့ နံနက်ပိုင်း ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) တို့ ပူးပေါင်းကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ခွန်ထွန်းဦးက အခုလို ပြောကြားခဲ့တာဖြစ်ကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့ရတဲ့ SNLD ဗဟိုအလုပ်အမှုဆောင် တစ်ယောက်က ပြောပြပါတယ်။
ကျွန်တော် တို့ နိုင်ငံရေးလုပ်တာဟာ နေရာရချင်လို့၊ ရွေးကောက်ပွဲဝင်ချင်လို့ လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေကို အခွင့်အရေး တန်းတူရစေချင်လို့ လုပ်တာ။ ဒါကြောင့် ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကို အဓိက မထားဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းပြောရရင် ဘောင်အတွင်းက လုပ်ရတော့မယ် ထင်တယ်။ မှတ်ပုံတင်မှ လွတ်လွတ်လပ်လပ် လုပ်လို့ရမယ်။ တခြားပါတီကြီးတွေအပြိုင်သွားရဖို့က လေးနှစ်လောက် အချိန်ရှိသေးတယ်။ ဒီအတောအတွင်းမှာ ကျွန်တော်တို့ဘက်က အများကြီး လုပ်ပြရမယ်။ ဒါမှလည်း လူထုက ကျွန်တော်တို့ကို သိမှာ။ ဒီကြားဖြတ်ရွေးကောက်ပွဲကတော့ ဘယ်လိုမှ မမီတော့ဘူး။ ဘာပဲဖြစ်ဖြစ် ပါတီထောင်ပြီး တိုင်းရင်းသားအချင်းချင်း စိတ်သဘောထားကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက်ကြတာပေါ့ – လို့ ခွန်ထွန်းဦးက အဲဒီ ဆွေးနွေးပွဲမှာ ပြောဆိုသွားတယ်လို့လည်း သိရပါတယ်။
ဒီ ဆွေးနွေးပွဲကို ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ပူကျင့်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ ဦးသာဘန်း၊ ဦးအေးသာအောင်၊ နိုင်ထွန်းသိန်း၊ စောဟယ်ရီ၊ နိုင်ငွေသိမ်း၊ ဦးအာပီသောင်း၊ ဒေါက်တာ အောင်တင်ဦး စတဲ့ တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားပါတီများအနေနဲ့ မှတ်ပုံတင် မတင်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပူကျင့်ရှင်းထန် က ဇိုမီးအမျိုးသားကွန်ဂရက်ဟာ ဇန်နဝါရီလကုန်ရင် မှတ်ပုံတင်မှာဖြစ်တဲ့အကြောင်း၊ စောဟယ်ရီ က ကရင်အမျိုးသားဒီမိုကရေစီကွန်ဂရက် က မှတ်ပုံဆက်မတင်တော့ဘဲ UNA ကိုသာ ပံ့ပိုးသွားမှာ ဖြစ်တဲ့အကြောင်း၊ ဦးအေးသာအောင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်း ခွန်ထွန်းဦးတို့ လွတ်မြောက်လာပြီ ဖြစ်တာကြောင့် မှတ်ပုံတင်တော့မှာ ဖြစ်ကြောင်း တို့ကို အသီးသီး ထုတ်ဖော် ပြောကြားသွားတယ်လို့လည်း သိရပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းတွေကတော့ -
(၁) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
(၂) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
(၃) မွန်အမျိုးသားဒီမိုကရေစီအဖွဲ့
(၄) ဇိုမီးအမျိုးသားကွန်ဂရက်
(၅) ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်
(၆) ကရင်အမျိုးသားဒီမိုကရေစီကွန်ဂရက်
(၇) ကယန်းအမျိုးသားဒီမိုကရေစီအဖွဲ့
(၈) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် တို့ဖြစ်ကြပါတယ်။
By:http://www.kawli.info/?p=1058