Monday, August 31, 2015

အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ

အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ
၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ်နဲ့ PM ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်းလို့ ဖိအားပေးခံရတဲ့အခါ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ အစိုးရထိုးစစ်ဆင်လာမဲ့အဖြစ်ကို ကြိုတွက်မိလို့ စိုးရိမ်စိတ် ရှိခဲ့ကြပါတယ်။ ၂၀၁၀ ခု၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာပဲ KIO (ကချင်)၊ NMSP (မွန်)နဲ့ SSPP (ရှမ်းမြောက်)တို့က အပစ်မရပ်ရသေးတဲ့ KNU (ကရင်)၊ KNPP (ကရင်နီ)နဲ့ CNF (ချင်း)တို့နဲ့ ပေါင်းမိပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကော်မတီ (CEFU) ကို ကမန်းကတန်း ထူထောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့က ကြာရှည်မခံခဲ့ဘဲ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပြည်ထောင်စုနေ့မှာ UNFC ဆိုတဲ့ အဖွဲ့နဲ့ အစားထိုးခဲ့ကြပါတယ်။ UNFC ဆိုတာ The United Nationalities Federal Council ရဲ့ အတိုကောက်ပါ။ စုစည်းညီညွတ်သောတိုင်းရင်းသားလူမျိုးများရဲ့ ဖက်ဒရယ်ကောင်စီပါပဲ။ ဖွဲ့စည်းစမှာ UNFC မှာ အဖွဲ့ဝင် (၁၂)ဖွဲ့ ရှိပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ အခု လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မူတူပါပဲ။ အတွင်းရေးမှူးကတော့ NMSP က နိုင်ဟံသာ ဖြစ်တယ်။
UNFC အဖွဲ့ရဲ့ ပင်မရည်ရွယ်ချက်မှာ ဖက်ဒရယ်ပြည်ထောင်စု(မြန်မာနိုင်ငံ)တစ်ခုနဲ့ ယင်းပြည်ထောင်စုရှိ ပြည်သူများကို ကာကွယ်ဖို့ ဖက်ဒရယ်တပ်မတော်တစ်ခု ဖွဲ့စည်းဖို့ ဖြစ်တယ်။ ဒီရပ်တည်ချက်ကို စာဖတ်နေသူကြီးက မကြိုက်နှစ်သက်ပါ။ စာဖတ်သူကြီးနဲ့ သိန်းစိန်၊ မင်းအောင်လှိုင်အပါအဝင် သူ့တပည့်နောက်လိုက်တွေက UNFC ကို တစ်ခုခုလုပ်ဖို့ စဉ်းစားရပါတယ်။ အဲဒါကတော့ UNFC အရိပ်အောက်မှာ တိုင်းရင်းသားအားလုံး မဝင်ရောက်မိရေး ကြိုတင်ဟန့်တားဖို့ပါပဲ။ ဒီလိုဟန့်တားဖို့ဆိုရင် UNFC မှာ ဗိုလ်ချုပ်မူတူက ဥက္ကဋ္ဌဆိုပေမဲ့ UNFC မူဝါဒများကို တကယ်ကိုင်တွယ်နေသူများဟာ KIO နဲ့ NMSP တို့ ဖြစ်ကြောင်း သိရှိသွားကြတယ်။ ဒါကြောင့် KIO ကို ချက်ချင်းထိုးစစ်ဆင်ပြီး NMSP နဲ့ နှစ်ထပ်ကွမ်း အပစ်ရပ်ဖို့ လုပ်ပါတယ်။ ဒီကြားထဲမှာ UNFC မှာ ပါဝင်ဖို့ ဝန်လေးနေတဲ့ RCSS ကို ချဉ်းကပ်ဖို့ EBO ပဲ့ကိုင် ဟန်ယောင်ဝေကို အသုံးချဖို့ ရှိလာတယ်။ နော်ဝေးနောက်ခံနဲ့ ဇင်းမယ်မှာ Pyidaungsu Institute (PI) ကို အားသစ်လောင်းကာ UNFC မှာ ထင်သလောက် မပေါက်တဲ့ ဗိုလ်ချုပ်မူတူနဲ့ သူ့အကြံပေး စောတူးတူးလေးတို့ကို ချဉ်းကပ်ပြီး KNU ကို UNFC ကနေ ထွက်သွားအောင် ဆွယ်တရားဟောခဲ့တယ်။ ဒါနဲ့ပဲ KNU ဟာ UNFC ရဲ့ ပထမဆုံးကွန်ဂရက်ကို အိုးမည်းသုတ်ပြီး လောလောနဲ့ ယာယီနုတ်ထွက်သွားခဲ့တယ်။ KNU ထွက်သွားတာနဲ့ ဟန်ယောင်ဝေက UNFC ကို ရစရာမရှိအောင် ဝေဖန်ပုတ်ခတ်ခဲ့ပါတယ်။
RCSS နဲ့ KNU တို့ကို စည်းရုံးနိုင်ခဲ့တဲ့နောက်မှာ တိုင်းရင်းသားတွေကို တဖွဲ့ချင်း ဖဲ့ထုတ်လို့ ရမယ်လို့ ထင်ထားတဲ့ ဦးအောင်မင်းတို့ဟာ တွက်ခြေမကိုက်ခဲ့ပါဘူး။ ဒါကြောင့် လိုင်ဇာမှာ NCCT ကို ဖွဲ့စည်းတဲ့အခါ သဘောတူခဲ့ရပါတယ်။ တကယ့်တကယ်ကျတော့ RCSS နဲ့ KNU တို့လည်း သိန်းစိန်အစိုးရကို ယုံကြည်ကြတာ မဟုတ်ဘူးဆိုတာ ထင်ရှားခဲ့ပါတယ်။ ဒီလိုနဲ့ NCCT ကိုလည်း KIO နဲ့ NMSP တို့ပဲ ဦးဆောင်နေတာကို တွေ့ရတဲ့အခါ RCSS နဲ့ KNU တို့က သိန်းစိန်အစိုးရနဲ့ သီသန့်တွေ့ဆုံမှုပေါင်း မြောက်မြားစွာ လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ NCCT ဟာ UNFC အဖွဲ့ပိုင်မဟုတ်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဖြစ်တယ်။ ဒါဟာ တိုင်းရင်သားလောကမှာ မရင့်ကျက်သေးတဲ့ နိုင်ငံရေးခံယူချက်အချို့ကို တင်ပြခြင်းဖြစ်တယ်။ ဒါကို အဖြေရှာဖို့ KNU အဆိုပြုတဲ့ SD အဖွဲ့ကို NCCT က လက်ခံရပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေက SD အဖွဲ့ကို ဦးဆောင်ဖို့ RCSS နဲ့ KNU ခေါင်းဆောင်အချို့ကို ဘဝင်မကျဘဲ KNU ဒုဥက္ကဋ္ဌ နော်စီဖိုရာစိန်ကိုပဲ ဦးဆောင်စေလိုကြတယ်။ SD အဖွဲ့ဆိုတာ NCCT နဲ့ UPWC တို့ သဘောတူညီထားတဲ့ NCA ကို အပြီးသတ်ဖို့တာဝန် ရှိတယ်။ ဒီအဖွဲ့ကို နော်စီဖိုရာစိန်က ဦးဆောင်လာတဲ့အခါ သန်းရွှေကြီးနဲ့ သူ့လက်ရင်းတပည့်တွေက တွက်ခြေမကိုက်ပြန်ပါဘူး။
ဒါကြောင့် သန်းရွှေနဲ့ သူ့လက်ရင်းတပည့်တွေက သေရိဝဝါဏိဇဇာတ်မှာလို ရွဲကို မပေးဘဲ ရွှေခွက်ကိုသာ အလကားရလိုတဲ့ ဆန္ဒနဲ့ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေတဲ့ နည်းနာတွေကို ပြန်စဉ်းစားကြရပါတယ်။ ဒီတော့ UNFC ကိုလည်း အကြပ်ရိုက်စေ၊ ပြည်တွင်းစစ်ကိုလည်း အဓွန့်ရှည်စေဆိုပြီး အပစ်ရပ်စာချုပ်မှာ အဖွဲ့(၆)ဖွဲ့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောလာပါတော့တယ်။ အထူးသဖြင့် တအာင်း၊ ရခိုင်နဲ့ ကိုးကန့်တို့ဟာ လက်နက်ချကို ချရမယ်လို့ အတိအလင်း ပြောလာပါတယ်။ ကျန်အဖွဲ့တွေကတော့ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးတာနဲ့ အားလုံးဟာ လက်နက်ချတဲ့ကိစ္စကို မဖြစ်မနေ ပြောကြရလိမ့်မယ်လို့ ပြောပါလာတော့တယ်။ ဒီအဆိုကို KNU နဲ့ RCSS တို့က အရေးမကြီးတဲ့သဘော ပြောနေပေမဲ့ တိုင်းရင်းသားလူမျိုးအတော်များများမှာ တကယ့်ကို ဂယက်ရိုက်စေခဲ့ပါတယ်။ လောလောဆယ်မှာ ဖဒိုမန်းငြိမ်းမောင်က အစိုးရဘက်ကို ပါကြောင်း သိစေလိုလို့ အဖွဲ့အားလုံးပါမှ အပစ်ရပ်ကို ရပ်ကြမယ်ဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း စောင့်ရင်တောင် မဖြစ်နိုင်ဘူးလို့ ဆိုလာပါတယ်။ သမ္မတက သြဂုတ်လ (၁၁)ရက်နေ့မှာ အပစ်ရပ်ဖို့ စာပို့၊ KNU က (၁၅)ရက်နေ့မှာပဲ လက်ရှိစာချုပ်အတိုင်း လက်မှတ်တိုးနိုင်ကြောင်းကျေညာခဲ့တာ ဘာဆန်းသလဲ။
ဒီလို မတင်မကျဖြစ်နေလို့ ထုံးစံအတိုင်း ဇင်းမယ်ကို ပြေးကြရပြန်ပါတယ်။ နော်စီဖိုရာစိန်က KNU လည်း အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်လို့ မျက်နှာပူပူနဲ့ ပြောရတဲ့အထိပါပဲ။ ထိပ်သီးတွေက ချွေးသီးရတဲ့အထိ ညှိနိုင်းကြတော့ အရင်လိုပဲ အားလုံးပါဝင်နိုင်မှ အပစ်ရပ်ကို လက်မှတ်ထိုးနိုင်မယ်လို့ ဖြစ်ကုန်ပါတယ်။ အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးအတွက် ကြီး(၅)ကြီးခေါင်းဆောင်တွေနဲ့ SD က ခေါင်းဆောင်(၃)ဦးတို့ဟာ လာမဲ့လ (၉)ရက်နေ့မှာ သမ္မတနဲ့ ကာချုပ်ကို သွားတွေ့ကြပါအုံးမယ်။ ဒါဟာ အပစ်ရပ်ကို လက်မှတ်ထိုးဖြစ်မလား၊ မထိုးဖြစ်ဘူးလား အန္တိမဆုံးဖြတ်ချက် ဖြစ်ဖို့များပါတယ်။ ဒီထက် ညှိစရာ မရှိတော့ဘူး။ ညှိခဲ့ရင်လည်း ကလေးကလားဆန်လွန်းနေမှာ အမှန်ပဲ။
ဒီတော့ အပစ်ရပ်စာချုပ်ဟာ လက်မှတ်မထိုးရသေးတဲ့အချိန်မှာတောင် အတော့်ကို ရှုပ်ထွေးနေပါတယ်။ နာဂစ်ဖွဲ့စည်းပုံကလည်း အရှုပ်ထုပ်တွေနဲ့ ရေးခဲ့ပါတယ်။ ဒီတော့ ဒီအပစ်ရပ်စာချုပ်နဲ့ နာဂစ်ဖွဲ့စည်းပုံတို့ဟာ ပြဿနာကို ရှင်းဖို့အတွက်လား၊ ပြဿနာတွေကို ဖန်တီးဖို့ နောက်အစတစ်ခု ဖြစ်နေမလား ဝေခွဲရခက်နေပါပြီ။ ဒါကြောင့်လည်း အပစ်ရပ်စာချုပ်နဲ့ အရူးတစ်ပိုင်း ဖြစ်နေတဲ့ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေကို မလောဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးရခြင်းပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် သတိပေးရသလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ဒီအပစ်ရပ်ရေးမှာ သပွတ်အူလို ရှုပ်ထွေးပွေလီနေတယ်ဆိုတာ သူ ခန့်မှန်းမိလို့ နေမယ်။ စောတူးတူးလေးနဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှု ရှိတဲ့ ရှေ့နေ ဦးအောင်ထူးကလည်း အပစ်ရပ်စာချုပ်ရဲ့ ဟာကွက်တွေကို မနည်းထောက်ပြထားပါတယ်။ ဒီအပစ်ရပ်စာချုပ်မှာ ဘာငြိမ်းချမ်းရေးကိုမှ အာမခံချက်ပေးမထားဘူး၊ စစ်တပ်က နောက်ထပ်ထိုးစစ်မလုပ်တော့ဘူးလို့ ခံဝန်ချက် မပါဘူး၊ တိုင်းရင်းသားတွေကို လက်နက်ချတဲ့စကားမပြောဘူးလို့ မပါဘူး။ အပစ်ရပ်ကို လက်မှတ်ထိုးပြီးတာနဲ့ တိုင်းရင်းသားတွေအတွက် အပိတ်ချည်းပဲ ဖြစ်ပြီးတော့ သန်းရွှေနဲ့ သူ့ငယ်ပါကျွန်တွေက အဖွင့်ချည်းပဲ တိုက်ကွက်ဆင်နေပါလိမ့်မယ်။
မိမိအမြဲတမ်းထောက်ပြနေတဲ့အချက်တစ်ခုမှာ လက်ရှိစာချုပ်ကို တဖက်ဖက်က ချိုးဖောက်ခဲ့ရင် ကုလငြိမ်းချမ်းရေးတပ် ဝင်ရောက်ဖို့လမ်းစ ထည့်ထားဖို့ ဖြစ်တယ်။ အခု အဲဒီစာပိုဒ် မပါသလို ရှေ့နေဦးအောင်ထူးထောက်ပြတဲ့အတိုင်း ဒီစာချုပ်ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ တတိယပါတီတစ်ခုတောင် ဖော်ပြထားတာမရှိဘူး။ စာမျက်နှာ (၁၇)မျက်နှာ ရှိပြီး အချက်ပေါင်း (၃၃)ချက်ရှိတဲ့ ဒီအပစ်ရပ်စာချုပ်ဟာ သတ်ကွင်းနဲ့တူတဲ့ လွှတ်တော်နိုင်ငံရေးဆီကိုပဲ ထွက်ပေါက်ပေးထားတဲ့ ဝင်္ကဘာတစ်ခုလိုပါပဲ။ ဒါကြောင့် ဒီအပစ်ရပ်ဝင်္ကဘာထဲ လောလောနဲ့ ဘာကြောင့် ဝင်ချင်ရသလဲ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေကို မေးကြည့်ရမယ်။ သူတို့က သန်းရွှေဆီက ဘာအမာခံချက်ကို ရရှိခဲ့ပါသလဲ။ CEFU ကိုလည်း လောလောနဲ့ ဖွဲ့ပြီး လောလောနဲ့ ရုပ်သိမ်းလိုက်တယ်။ UNFC ထဲကိုလည်း လောလောနဲ့ ဝင်လာပြီး လောလောနဲ့ ထွက်သွားတယ်။ အခုလည်း အပစ်ရပ်ကို လောလောနဲ့ လက်မှတ်ထိုးပြီး လောလောနဲ့ ပြန်ပစ်ကြရင် (အခုလည်း ပစ်နေကြတာပဲ) ဘာထူးမှာလဲ။ တစ်ခုတော့ ပြောထားမယ်။ လက်မှတ်မထိုးခင်အထိတော့ လွတ်လပ်သူပါပဲ။ ပင်လုံကို လက်မှတ်မထိုးခင်အထိ ကချင်၊ ရှမ်း၊ ကရင်နီနဲ့ ချင်းတို့ဟာ လွတ်လပ်နေခဲ့တယ်။ အဲဒီလက်မှတ်တစ်ချက်ကြောင့် ဘယ်လောက်ဒုက္ခရောက်နေခဲ့ရသလဲ။ နောက်ပြီး လက်မှတ်ဘယ်နှခါ ထိုးခဲ့ပြီးပြီလဲ။ စစ်တပ်က ဘယ်တုန်းက ကတိတည်ဖူးသလဲ။ သန်းရွှေကို ဘယ်လောက်ယုံနိုင်မလဲ။ ယုံတယ်ဆိုရင် ထိုးကြပါလေ။ သေချာတာက သန်းရွှေက သူ့မူဝါဒ ဘာတစ်ခုမှ မပြောင်းသေးဘူး။ အရင်အတိုင်းပဲဆိုတာ သိန်းစိန်နဲ့မအလတို့ရဲ့ လက်စလက်နကို ကြည့်ရင် ရိပ်မိသင့်လှပါတယ်။
အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ