Monday, August 31, 2015

အောက်မြန်မာပြည်ယဉ်ကျေးမှုနယ်မြေ


U Ravika
 
 · 

မွန်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များသည် ပျူဝါဒီများ၏ ခြိမ်းခြောက်မှုအောက်တွင် အန္တရာယ်ကျရောက်လျက်ရှိပါသည်။ အန္တရာယ်ကို ကာကွယ်နိုင်ရန် အောက်မြန်မာပြည်ယဉ်ကျေးမှုနယ်မြေရှိ သုတေသနလုပ်ငန်းများသည် မွန်သုတေသနအရာရှိများ၏ လက်ထဲ၌ ရှိနေရန် လိုအပ်ပါကြောင်း မွန်အဖွဲ့အစည်းများ တောင်းဆိုသင့်ကြပြီဟု ထင်မြင်မိပါသည်။
ပုသိမ်(၃၂)မြို့တွင် တစ်မြို့အပါအဝင် ဖြစ်ဟန်ရှိသည့် နေရာတွင် ရှေးဟောင်းစေတီပျက်တစ်ဆူကို ဖူးတွေ့ရခြင်းဖြစ်သည်။ ပုသိမ်မြို့ကို ပသီမြို့ဟု ရေးသူများ ရှိရာ မွတ်စလင်မြို့တစ်မြို့ဖြစ်ကြောင်း ကြံကြပါသည်။ အလွန်မှားယွင်းပါသည်။ မွန်အမည် ဖာသီကို ပသီဟု မြန်မာတို့အရေးမှားရာမှ ဇာတ်လမ်းက စတင်ပါသည်။ မွန်အမည် ဖာသီဆိုသည်မှာ သိမ်ကျောင်းဘက်ဟု အဓိပ္ပါယ်ရှိပါသည်။ မွန်အမည်များကို မြန်မာအတွေးဖြင့် မရေး၊ မပြောကြဖို့ လိုပါသည်။
အလားတူစွာ ပုဂံမတိုင်မီ တည်ရှိခဲ့သော သမိုင်းခေတ်များကို သတ်မှတ်ရာ၌ ပျူခေတ်တစ်ခုတည်းကိုသာ မြန်မာအစိုးရတို့က အသုံးပြုခဲ့ကြပါသည်။ အမှန်တွင် အောက်မြန်မာပြည်အတွက် သုဝဏ္ဏဘူမိခေတ်တစ်ခုကို သတ်မှတ်ပေးရန် လိုအပ်ပါသည်။ သတ်မှတ်ရန် ပျက်ကွက်ခဲ့၍သာ ယခုအခါ၌ မွန်လော၊ ပျူလော ရောကုန်ခြင်းဖြစ်သည်။ ထို့ပြင် ရာမညတိုင်းကို ရည်ညွန်းရာ၌ လက်ရှိမွန်ပြည်နယ်ကိုသာ မဖော်ပြသင့်ကြောင်းလည်း ခံစားမိပါသည်။ ရာမညတိုင်း မွန်ပိုင်း(၃)ရပ်ဟု သမိုင်းမှာ အထင်အရှား ပါရှိပြီဖြစ်ပါသည်။
ပြည်ထောင်စုသမိုင်းတစ်ရပ် မပျောက်ပျက်စေရေးအတွက် မွန်ပြည်နယ်အသံလို စစ်တပ်စာမျက်နှာတွေက ဦးဆောင်၍ ပါဝင်တောင်းဆိုသင့်ကြောင်း ယုံကြည်မိပါသည်။