Tuesday, August 6, 2013

ခောတ်သစ်နယ်ချဲ့အန္တရာယ်

 shared by-facebook-Zaw Wonn Maung's photo.

တရုပ်နိုင်ငံ၏ မြန်မာအပေါ် ဆက်ဆံရေးမှာ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်ရုံမျှ မဟုတ်ဘဲ နိုင်ငံတော် လုံခြုံရေး အတွက်ပါ ထိပါးလာနှိုင်တာကိုတွေ့ရပါတယ်။အထူးသဖြင့် ဤကမ်းလွန်ရေနံနှင့် ဓါတ်ငွေ့သိုက်ကို ညှစ်ထုတ်၍ တရုတ်ပြည်သို့ ပိုက်များဖြင့် ပို့ထုတ်ပေးမည့် စစ်အစိုးရ၏ စီမံကိန်း ကြောင့်ပင် ဖြစ်ပါတယ်။ တရုတ်ပြည်မှာ တရုတ်များကျောက်ဖြူသို့ ဝင်ရောက် နေရာ ယူလာကြတာကို မြင်တွေ့နေရပြီး အန်းမြို့တဝိုက်မှာ စစ်တပ်အင်အားများတိုးချဲ့ထားတာကိုလည်း တွေ့နှိုင်ပါတယ်။ ထို့ပြင်မက ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက်ကျောက်ဖြူလေယာဉ်ကွင်းသစ် ဖောက်လုပ်ရေးရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင်မီးရထားလမ်းများကိုတရုတ်ပြည်ရှိကူမင်းမြို့ အထိ ဖောက်လုပ်ခွင့် ပေးလိုက် တာကလည်း တရုတ်နိုင်ငံကို အိန္ဒိယနှင့် အိန္ဒိယ ပင်လယ်ပြင်တဝှမ်း ထောက်လှမ်းရေး သတင်းများဖြတ်ယူနိုင်ရန် မဟာဗျူဟာကျသော ဖြတ်လမ်းကြီးပင်ဖြစ်ပါတယ်။ တရုတ်ပြည်မှ အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်စစ်ရေးအတွက် မြန်မာပြည်မှ တဆင့် ဖြတ်လမ်း ရသွား ခြင်း ပါဘဲ။ နိုင်ငံရေးအကြောင်းကိစ္စတစ်ခုခုကြောင့် ပြဿနာတက်လာပြီးဆိုလျှင် တရုတ်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို တိုက်ရိုက်ထိပါးလာမယ့် ကိစ္စမျိုးပါပဲ။

မြန်မာနဲ့တရုတ်အစိုးရရဲ့ ဆက်ဆံရေးက အရင်ကတည်းက မရှင်းပါဘူး။အိမ်နီးချင်းတယောက်ထက် ပိုတဲ့ ချစ်ကြောက်ရိုသေမှုမျိုးရှိတာကတော့ အမှန်ပဲဖြစ်ပါတယ်။မြန်မာနှင့်တရုတ် ဆွေမျိုးပေါက်ဖေါ်ဆိုတဲ့ စည်းဖေါက်ခဲ့ပါလျှင် ဆည်ရေကာတာများ ရေလျှံကျိုးပေါက် ချိုးဖေါက်ခံဘဝနှင့် ရွှေဂတ်စ်မီးကြောင့် မြန်မာပြည်မီး ဟုန်းဟုန်းတောက်မည့် အရေးက နိုင်ငံနှင့်လူမျိုး ပျောက်ပျက်မည့် ကိန်းပင်ဆိုက်နေပါတယ်။၃၂ပေ လုံးပတ်ရှိတဲ့ ဂစ်ပိုက်လိုင်း ကြီးဟာ တနေ့လျှင် မြန်မာပြည် ရခိုင်ပြည်နယ်မှ သဘာဝဓါတ်ငွေ့ အရည် ဂါလံပေါင်း ၁၃သန်း၈သိန်း၆သောင်း ဂါလံမျှ ပေးပို့မှာဖြစ်ပါတယ်။ အရှည် ၇၉၃ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမှစတင်၍ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံတွင်းသို့တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ဇူလိုင် ၁၅ ရက်၂၀၁၃ခုနှစ် ကစပြီး ပို့ဆောင်နေပြီဖြစ်ပါတယ်။စာချုပ်သက်တမ်းမှာတော့ နှစ်ငါးဆယ် ပင်ဖြစ်ပါတယ်။

နောက်ထပ် တရုပ်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှ ကျေယ်ဖြူ ရေနက်စီမံကိန်ကနေ မြန်မာပြည်ကိုဖြတ်ပြီး ယူနန်ပြည်နယ်ထဲအရောက် အခုပိုက်လိုင်းကနေ တဆင့်တင်ပို့ဦးမှာ ဖြစ်ပါတယ်။တရုပ်နိုင်ငံရဲ့ ကုန်သွယ်မှုအကျိုးစီးပွားက ဘင်္ဂလားပင်လယ်အော်မှာ တစတစ ကြီးထွားလာနေတာပါ။ဒါ့ကြောင့် သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့ အနေနဲ့ အိန္ဒိယသမုဒ္ဒယာနှင့် ဘင်္ဂးလားပင်လယ်အော်ထဲမှာ တရုပ်ရဲ့ ရေတပ်အင်အားကို သေချာပေါက် တိုးချဲ့လာနှိုင်စရာရှိပါတယ်။ နိုင်ငံတကာမှ သဘာဝ အရင်းမြစ်များ စောင့်ကြည့်လေ့လာရေးဆိုင်ရာနှင့် စိးပွါးရေးဆိုင်ရာများအား စောင့်ကြည့်နေသော ဂါဘီကိုးလင်းစ်(Gabe Collins)၏ တင်ပြချက် စာတမ်းတွင် နှစ်ပေါင်း ၅၀ စာချုပ်သည် မြန်မာ့ ကမ်းလွန် ရခိုင်ဒေသမှ သဘာဝ ဓါတ်ငွေ့ အရင်းမြစ်အားလုံး ကုန်ခန်းသွားစေသော အခြေနေထိသို့ပင် ရှိကြောင်း ထောက်ပြထားတာတွေ့ရှိရပါတယ်။ယူနန်ပြည်နယ် ကူမင်းမြို့၏ မြောက်ဘက် ၅၅ မိုင်အကွာတွင်တည်ဆောက်ပြီးစီးသလောက်ဖြစ်နေသည့် ရေနံချက်စက်ရုံနှင့် သဘာဝဓါတ်ငွေ့ သန့်စင်စက်ရုံကြီးမှ ထုတ်လွှတ်လာမည့် ကာဗွန်ဒိုင်နှင့် လေထုထဲတွင် အဆိပ်ဖြစ်ပေါ်စေနိုင်သော ဓါတုအဆိပ်ငွေ့မိးခိုးထုများသည် မြန်နိုင်ငံတောင်တန်းဒေသနှင့် မန္တလေးတိုင်း စစ်ကိုင်းတိုင်းတို့ အထိပင် ပြန့်နှံပြီး မိုးအဖြစ် တဖန် ပြန်လည်ရွာချပါက ဒေသခံမြန်မာပြည်သူများ၏ ၈၀ ရာနုံန်းမှာ အချိန်ကြာလာသည်နှင့် အမျှ ရောဂါဆန်းများခံစားရပြီး လူ့သက်တန်းများ တဖြေးဖြေး ယုတ်လျော့ တိုတောင်းလာမည် ဖြစ်ကြောင်း (Global Health Watch) ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ကြည့်မှု ဆိုင်ရာအဖွဲ့က ဆိုထားပြန်ပါတယ်။
ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားသို့ သွယ်တန်းတဲ့ ဒုတိယစီမံကိန်းပါ။ပထမ တစ်ခုကတော့ မြန်မာကမ်းလွန်ကနေ သဘာဝဓါတ်ငွေ့ကို ထိုင်းနိုင်ငံဆီတင်ပို့တဲ့စီမံကိန်းပါဘဲ။ ၂၂.၂.၂၀၁၃ နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာမှာထိုင်းနိုင်ငံမှာမီးမပြတ်ရအောင် မြန်မာအစိုးရကကူညီမယ် လို့ ဂတိပေးလိုက်ကြောင်း” ဆိုတဲ့ခေါင်းစဉ် နှင့်ဖေါ်ပြထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်မှာ တရုတ်နိုင်ငံ အတွက် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် စာချုပ်များ ချုပ်ခဲ့ကြပါတယ်။ သို့သော် မြန်မာပြည်သားများမှာ ညတွင်မှောင်မဲ မီးမရှိနေကြရပါတယ်။ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း အပါအဝင် ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များနှင့် နိုင်ငံအတွင်းတွင် လျှပ်စစ်မီးရရှိရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးရန် ရှိပါသလား?မထင်ပါ။ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံ တည်ဆောက်မယ်ဆိုရင် အဓိက လျှပ်စစ်ဓါတ်အားပါ။ ရေအားလျှပ်စစ်က ထွက်တာတွေကို ရောင်းစားတယ် ဂက်စ်တွေနဲ့ လျှပ်စစ်ထုတ်ဖို့စိတ်မကူးပဲ ရောင်းစားတယ် ကော်မရှင်ယူတယ် ဘုန်းကြတယ် ပြည်သူတွေကို ဖယောင်းတိုင်ထွန်းနေကြလို့ပြော စက်ရုံတွေကို မီးဖြတ် တာဝန်ရှိပါတယ်ဆိုတဲ့သူတွေကတော့ မရေမတွက်နိုင်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဘယ်တော့မှမပျက်တဲ့ VIP မီးလိုင်းနဲ့ငြိမ့်လို့ တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြလို့ တိုင်းပြည် ပြာပုံထဲရောက်၊ သဘာဝ ဘေးဒဏ်တွေကျ၊ ပြည်သူကတော့ ကျောမွဲဘဝက မတက်တဲ့ ဘဝရောက်နေကြရတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Earth Rights International အဖွဲ့က မြန်မာနိုင်ငံမှာ လက်ရှိရင်းနှီးမြှုတ်နှံထားတဲ့ တရုပ်ရေနံကုမ္ပဏီ ၁၆ ခုရှိတယ်လို့ဆိုပါတယ်။ရေနံ ဓါတ်ငွေပိုက်လိုင်း စီမံကိန်းမှာ အဓိကရင်းနှီးမြှုတ်နှ့ သူဖြစ်တဲ့ CNPC ဟာ တရုပ်အစိုးရပိုင် ရေနံဓါတ်ငွေ့ ကုမ္ပဏီ အကြီးဆုံး ၃ခုအနင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။တခြားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ တရုပ်ရေနံ ဓါတုကော်ပိုရေးရှင်း(China Petroleum & Chemical Coperation – Sinopec )နှင့် တရုပ်အမျိုးသား ကမ်းလွန် ရေနံကော်ပိုရေးရှင်း (China National Offshore Oil Coperation – CNOOC) တို့ကလည်း မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေထဲမှာ အလုံးအရင်းနဲ့ ရင်းနှီးမြုတ်နှံထားကြပါတယ်။တရုပ်နိုင်ငံရဲ့ အဓိကနိုင်ငံရေး မူဝါဒ ရည်မှန်းချက် တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှ သဘာဝအရင်းအမြစ်တွေကို ရယူဘို့ဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ တရုပ်နိုင်ငံဟာ အနောက်နိုင်ငံများမှ ရင်းနှီးမြှုတ်နှံမှု မရှိတဲ့နိုင်ငံ အနောက်အုပ်စုရဲ့ အကျိုးစီးပွားကို နိုင်ငံခြားရေးမုဝါဒတွေ ဆန့်ကျင်တဲ့ နိုင်ငံ အများစု တွေကို ပစ်မှတ်ထားပြီး အခြေချဘို့ ကြိုးစားနေတာတွေ ကြောင့်ပင်ဖြစ်ပါတယ်။လူ့အခွင့်အရေး ချိုးဖေါက်မှု တွေနှင့် အများအပြားရှိတဲ့နိုင်ငံတွေ ကို အနောက်နိုင်ငံတွေက ဒါဏ်ခတ်အရေးယူထားတဲ့ လူဆိုးစာရင်းဝင် နိုင်ငံတွေ အာဏာရှင် အစိုးရ အုပ်ချုပ်တဲ့နိုင်ငံတွေ အများစုကိုကို တရုပ်ကနေပြီး စီးပွားရေး လက်ဝါးကြီး အုပ်လာတာတွေ တွေ့နေရပါတယ်။မြန်မာပြည်ရဲ့ နိုင်ငံရေး ကိစ္စအရပ်ရပ်ကို ယူနန် ပြည်နယ် အုပ်ချုပ်ရေးမှူးမှ ကိုင်တွယ်ပါတယ်။ တရုတ်မှ နယ်စပ်နိုင်ငံများအားလုံးကို ၀ါးမြိုနိုင်ရေး အတွက် ဗဟိုမှ မူဝါဒသာ ချမှတ်ပေးပြီး သက်ဆိုင်ရာ နယ်စပ်ပြည်နယ် အုပ်ချုပ်ရေးမှူး များအား ကိုင်တွယ် စေခြင်းမှာ ပီကင်းဗဟိုရဲ့ ပေါ်လစီဘဲဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံအား ၎င်းရဲ့အာဏာသက်ရောက်စေဖို့ ရေရှည် စီမံကိန်းများဖြင့် လုပ်ဆောင်ခဲ့ပါတယ်။

စစ်အုပ်စုဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ကူညီထောက်ပံ့မှုဖြင့် မြန်မာပြည်သားအများစုအား တိရိစ္ဆာန်ကဲ့သို့ သဘောထားပြီး ဆင်းရဲမွဲတေ ငတ်မွတ်ရေး၊ ဦးနှောက်နှင့် အသိဥာဏ်ကင်းမဲ့ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လှုပ်ရှားသူများကို လုံးပါး ပါးစေရေး၊ မိမိတို့ စစ်အာဏာရှင်ကြီးများအား ကျေးဇူး ရှင်ကြီးများသဖွယ် ကိုးကွယ်ဆည်းကပ် လာစေရေး၊စစ်တပ် မှသာ နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိသည်ဟူသော အယူအဆများ ကိန်းဝင် နေစေရေး၊ ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ဖုံးလွှမ်းနေစေရေး စသည်တို့ကို အစီအစဉ် ရှိရှိ စနစ်တကျ ရေရှည် စီမံကိန်းများချမှတ်ကာလုပ်ကိုင်ခဲ့၊လုပ်ကိုင်ဆဲ၊လုပ်ကိုင်ကြဦးမှာ ဖြစ်ပါတယ်။ကမ္ဘာနှင့် အဝန်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြှင့်တင်ဘို့ကိစ္စမှာ တရုပ်က စိတ်မဝင်စားပါဘူး မြန်မာ့အရေးအပေါ် စိတ်ဝင်စားမှုဆိုတာ ပိုလို့တောင်နဲပါသေးတယ်။ အဓိကကတော့ တရုပ်အကျိုးစီးပွားအတွက်ပါဘဲ။

တရုပ်နိုင်ငံဟာ မြန်မာနိုင်ငံရှိ သထ္ထုတူးဖေါ်ရေး၊ရေအားလျှပ်စစ် ၊ရေနံသဘာဝဓါတ်ငွေ့ စတဲ့စီမံကိန်းတွေမှာ စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလီယံ ရင်းနှီးမြှုတ်နှံ ထားပြီး စိုက်ပျိုးရေး ထွက်ကုန်များ ၊သထ္ထုများ၊ ကျွန်းသစ်များ၊အဖိုးတန် ကျောက်မျက်ရတနာများကို တရုပ်နိုင်ငံ အတွင်းသို့ တင်သွင်းပြီး လျှပ်စစ်ပစ္စည်းများ ၊စက်ပစ္စည်းများ ၊အဝတ်အထည်နှင့် ဆေးဝါးများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်တင်သွသ်း နေတာကိုတွေ့ရပါတယ်။ထို့အပြင် မြစ်ဆုံစီမံကိန်းမှာလည်း ယူနန်ပြည်နယ် လျှပ်စစ်ကွန်ယက်မှ တဆင့် တရုပ်ပြည်သို့ လျှပ်စစ်စွမ်းအားတင်ပို့မည့် စီမံကိန်းပင်ဖြစ်ပါတယ်။ CPI ကူမ္ပဏီဟာ အခြားသော တရုပ်ရင်းနှီးမြှုတ်နှံသူတွေနှင့် ပူးပေါင်းပြီး ဆည်တည်ဆောက်ရေးစီမံကိန်းများအတွက် ဘဏ္ဍာရေးအရ အကုအညီပေးနေပြီး ယူနန်စွမ်းအင်ကုမ္ပဏီမှ လျှပ်စစ် ဓာတ်အား ဖြန်ဖြူးပေးမည့် လိုင်းကြိုးများ တည်ဆောက်နေတာဖြစ်ပါတယ်။ ထိုလိုင်းကြိုးများသည် တရုပ်ပြည် အနောက်တောင်ပိုင်းကို ဓါတ်အားပို့လွှတ်မှာ ဖြစ်ပြီး တရုပ်နိုင်ငံအတွင်း၌ ကျောက်မီးသွေး စွမ်းအင်ဖြင့် ယခုအထိဓါတ်အားသုံးစွဲနေရသော စက်မှုလုပ်ငန်းများရှိရာ တရုပ်ပြည် အရှေ့ဘက် အခြမ်းအထိ ပစ်မှတ်ထားခါ တရုပ်၏ အနောက်မှ အရှေ့သို့ စွမ်းအင်ဖြန်ဖြူးရေး မူဝါဒအရ ဆောင်ရွက်နေခြင်းဘဲဖြစ်ပါတယ်။နောက်တစ်ချက်က သဘာဝ အလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းဟာ မြစ်ချောင်းတွေရဲ့ သဘာဝ ရေစီးရေလာကို ပျက်စီးစေပါတယ်။ နိုင်ငံနှင့်လူမျိုးရဲ့ အသက် သွေးကြောဖြစ်သည့် မြန်မာ့ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ မေခနှင့် မလိခတို့၏မြစ်ညွှန့်နှစ်သွယ်အား မြစ်ဆုံဆည်ကြီးကပင် ချိုးသတ်ထားသကဲ့သို့ပင် ရေကာတာကြီးတွေ တည်ဆောက် လာတာကြောင့် မြစ်တွေ ခန်းခြောက်ပျက်စီးမယ့် အန္တရာယ်က ခြိမ်းခြောက်နေပါပြီ။ သဘာဝ အလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းဟာ မြစ်ချောင်းတွေရဲ့ သဘာဝ ရေစီးရေလာကို ပျက်စီးစေပါတယ်။ မြစ်ဝှမ်းအတွင်းမှာ ရေစီးရဲ့ ပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှု ပုံသဏ္ဍာန်နဲ့ ရေ အသုံးချမှုပုံစံတွေလည်း ပြောင်းလဲကုန်ပါတယ်လို့ တတ်သိနားလည်သော ပညာရှင်တို့ကဆိုပါတယ်။ တကယ်လို့ တရုတ်နိုင်ငံကသာ မြန်မာနိုင်ငံအတွက် သာဘာဝ ၀န်းကျင်ဆိုင်ရာတွေကို အမှန်တကယ် ပူပန်ပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုတွေကို ရည်မျှော်တယ်ဆိုရင် ဧရာဝတီ မြစ်ဆုံမှာ ပမာဏကြီးမားတဲ့ ဆည်ကို တည်ဆောက်ဖို့ မလို၊ အဲဒီဆည်ကြီးအစား ဆည်အသေး ၂ ခုကို အထက်ပိုင်းမှာ တည်ခြင်းအားဖြင့် တူညီလုနီးနီး လျှပ်စစ်ဓာတ်အား ပမာဏကို ရရှိမယ်လို့ ဆိုကြပါတယ်။တဖန် အရှေ့ဘက် ရှမ်းရိုးမမှာရှိတဲ့ သံလွင်မြစ်ပေါ်မှာလည်း ရေကာတာ ၆ ခုကို တည်ဆောက်မယ့် သတင်းတွေက အခိုင်အမာ ရှိနေပါတယ်။ အများပြည်သူနဲ့ ပညာရှင်တွေ မသိ မမြင် မကြား လိုက်ရဘဲ တည်ဆောက်မယ့် စီမံကိန်းတွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိပါရဲ့လား၊ အကျိုးပြုမှာပါလား။ ရေအားလျှပ်စစ်က ထွက်တာတွေကို ရောင်းစားပြီး တိုင်းပြည်ကထွက်နေတဲ့ ဂက်စ်တွေနဲ့ လျှပ်စစ်ထုတ်ဖို့စိတ်မကူးပဲ ရောင်းစား ကော်မရှင်ယူ ကိုယ့်အိတ်ကပ်ထဲထည့် နည်းအမျိုးမျိုးနှင့် ဘုန်းကြတယ် ပြည်သူတွေကို ဖယောင်းတိုင်ထွန်းနေကြလို့ပြောနေကြတာ ဒီစီမံကိန်းတွေက ဘယ်သူ့အတွက် အကျိုးရှိမှာပါလည်း။

မြန်မာနိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ဆက်လက်ရရှိဘို့အတွက် တရုပ်ကနေပြီး နိုင်ငံရေးထောက်ခံမှုပေးခြင်း လက်နက်ရောင်းချပေးခြင်း အတိုးမဲ့ ခြေးငွေ ထောက်ပံ့ပေးခြင်း စတာတွေနှင့် ပံ့ပိုးကူညီ ပေးနေခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်များဟာ တရုတ်ရဲ့ အရိုးရင်း လက်စေခံများဖြစ်နေသလို မြန်မာပြည်သည်လည်း အလိုအလျောက် တရုတ်ကွန်မြူနစ် ယူနန် ပြည်နယ် လက်အောက်ခံ ပြည်နယ် တစ်ခုကဲ့သို့ ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေခွင့် ရနေတာကိုပဲ အာဏာရှင်ကြီးများ အနေနှင့် ကျေနပ်နေကြပါတယ်။ ဒီအဖြစ်ဟာ တိုင်းပြည်ကိုချစ်ပါတဲ့ကျွန်တော်တို့ ခေါင်းဆောင်ကြီးများလို့ လေးစား ကျေးဇူးတင် နေရအုံးမှာလား။

ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက်အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ကြေးလန်/စကားဝါ စတဲ့ သစ်မျိုးများကိုပါ ခိုးယူနေကြတုန်းပါဘဲ။ ရာသီဥတု ဘာဖြစ်လို့ ယခင်ကထက် ပိုပူလာရတာလဲ။ နေအပူချိန် လေအပူရှိန်ကို ထိန်းညှိပေးတဲ့ သစ်ပင်တွေ နည်းပါးသွားလို့၊ သစ်တောတွေ နည်းပါး သွားလို့ပါပဲ။ ဘာကြောင့် သစ်ပင် သစ်တောတွေ နည်းပါးသွားရတာပါလဲ။ မြန်မာနိုင်ငံ သစ်တောများ ပျက်စီးဆုံးရှုံးမှု ကျယ်ပြန့်များပြား စေတဲ့ အဓိက အကြောင်းအရင်း တရပ်က အစိုးရကိုယ်တိုင်က သစ်တွေခုတ်ပြီး နိုင်ငံခြား တင်ပို့နေတာကြောင့်ပါပဲ။ ဘယ်နိုင်ငံကို ဘယ်လောက်ပို့ပြီး နိုင်ငံခြား ၀င်ငွေ ဘယ်လောက်ရတယ်၊ တိုင်းပြည်ဘဏ္ဍာငွေ ဘယ်လောက် တိုးတက်လာပြီး ပြည်သူလူထုအတွက် ဘယ်လောက် ခွဲဝေ သုံးတယ် စသဖြင့်လည်း ထင်သာမြင်သာ မတွေ့ရပါဘူး။ သစ်ပင် သစ်တောတွေ နည်းပါးသွားတဲ့ အတွက် ရာသီဥတု အပြောင်းလဲကြီး ပြောင်းလဲသွားရပါတယ်။ အပူချိန် မြင့်တက်လာတာ၊ သမရိုးကျ မဟုတ်တဲ့ မိုးလေ၀သ အခြေအနေတွေ မကြာခဏ ဖြစ်ပေါ်တာ သဘာဝ ၀န်းကျင် ထိခိုက်မှုရဲ့ အကျိုးဆက်ပင်ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ စတဲ့ သဘာဝ အရင်းအမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ ကချင်လူထု အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်းနက်လျှက် ရှိနေပါတယ်။ ဒါဘယ်သူတွေရဲ့  တာဝန်မဲ့မှုပါလဲ? တရုတ်လိုနိုင်ငံကနိုင်ငံ အကြီးအကဲတွေဟာ သူ့ပြည်သူလူထု အပေါ်တော့ သိတတ်တာမို့မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့လည်းကိုယ့်တိုင်းပြည်နဲ့ ပြည်သူလူထု အပေါ်မှာကောင်းကျိုး မှန်သမျှကိုဆောင်ရွက်ပေးဖို့ အထူး လိုအပ်ပါတယ်။

ဇော်ဝမ်းမောင်…..