Thursday, August 29, 2013

မျှော်တိုင်းဝေးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး


ထုတ်ဖော်တင်ပြသောနေ့ Thursday, 18 July 2013 23:40

UWSA “ဝ” တပ်ဖွဲ့ပိုင် စစ်သုံးကားကြီးများ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် တပ်မတော်ရဲ့ သဘောထား အမှန်နဲ့ ယခုတလော UWSA တင်းမာရတဲ့ အကြောင်းရင်းတွေကို တင်ပြသွားပါမယ်။ တိုင်းရင်းသား လက်နက်ကိုင်များဟာ ဖက်ဒရယ် တောင်းဆိုနေပေမဲ့ သူတို့ရဲ့ လက်နက်ကိုင်ဆောင်တဲ့ အနေအထားကို တော်တော်နဲ့ စွန့်လွှတ်မှာ မဟုတ်လို့ ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ စစ်ရုံး ကက(ကြည်း) မှ တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးက အခုလို ဆိုပါတယ်။

“သူတို့ကိုယ်တိုင်က လက်နက်မရှိရင် အဆိပ်မရှိတဲ့မြွေ ဖြစ်သွားမှာ စိုးရိမ်နေတယ်။ တပ်မတော်ကလည်း သူတို့ကို လက်အောက်ခံ BGF လိုမျိုး သဘောထားချင်တယ်။ ဒါကို တိုင်းရင်းသားတွေက လက်မခံကြလို့ မျဉ်းပြိုင်လို အဆုံးသတ်ဆုံဖို့က သိပ်မလွယ်ဘူးလို့ ပြောပါတယ်။ KIA အပေါ် တပ်ကနာကျည်းနေပြီး KIA သဘောထား မမှန်ဘူးလို့လည်း ယူဆနေတယ်။ ရွှေလီ ဆွေးနွေးပွဲမှာတုံးက ဖြစ်ရပ်များက သက်သေထူတယ်။ KIA က ငြိမ်းချမ်းရေးကို လိုလားသူ မဟုတ်ဘူးလို့ တပ်မတော်က ယုံကြည်နေတယ်၊ ဒါပေမဲ့ တပ်မတော် အနေနဲ့လည်းဘဲ ငြိမ်းချမ်းရေးကို လုပ်နေတာက နိုင်ငံရေးအရ နိုင်ငံတကာကို သက်သေထူ ပြသနေတာဖြစ်တယ်”

UWSA နဲ့ စပ်လျဉ်းပြီး စစ်တပ်ရဲ့ သဘောထားကို ဆက်လက် မေးမြန်းခဲ့ပါတယ်။

“SSA ခေါင်းဆောင် ယွက်ဆစ် ရန်ကုန်၊ နေပြည်တော် ရောက်ပြီးမှ UWSA အရေး ထဖြစ်တာဘဲ၊ ဆိုလိုတာက ရှမ်းနဲ့ဝ မတည့်ဘူးဗျ။ ခွန်ဆာ (ရှမ်း) လွယ်မော အဖွဲ့တွေကို တပ်ကတိုက်ခဲ့ရာမှာ မနိုင်လို့ UWSA ကို ဖေါက်တက်ခိုင်းခဲ့တယ်။ မင်းတို့ နယ်မြေလိုချင်ရင် တိုက်ပြီးယူပါလို့ ပြောထားတယ်။ “ဝ” လည်း ရှမ်းကို တိုက်ပြီးတော့ ရင်းနှီးပေးဆပ် ရယူထားခဲ့တာမို့ ဘယ်ဖယ်ချင်မလဲဗျာ။ ဒါပေမဲ့ ဝ က ဧရိယာ ဆက်ချဲ့လာတယ်။ လွယ်ကောင်းမူ စခန်းဆို ကျွန်တော် သိရသလောက် တပ်မတော်က ကျိုင်းတုံ ဒကစ လက်အောက်ခံ ခမရ (၃၅၉) လို တပ်ရင်းတွေက တက်တိုက်ပြီး သိမ်းခဲ့ရတာပါ။ ဝ အကူအညီ မယူခဲ့ပါဘူး။ သိမ်းပြီးတော့ နယ်မြေ အေးချမ်းသွားတာနဲ့ တပ်က လက်လွှတ်လိုက်တဲ့ စခန်း (၄) ခု လောက်ကို UWSA က တက်ထိုင်တော့ မကောင်းဘူးပေါ့ဗျာ။ ပိုဆိုးတာက “ဝ” ပြည်နယ် တောင်းပြီး စိန်ခေါ်တဲ့ ကိစ္စဘဲဗျ။ ဒါနဲ့ဘဲ ယွက်ဆစ်ခေါ်ပြီး ရှမ်းကိုပြန်တင်တဲ့ မဟာဗျူဟာမြောက် နိုင်ငံရေး ကစားကွက် လုပ်ရတာဘဲဗျ။ ဘယ်အချိန်မှာ ရှမ်းနဲ့ “ဝ” ကို ကုလားဖန်ထိုးဦးမလဲ မသိဘူး။ ယခုတော့ တပ်က သွေးထိုးစမ်းဖို့ လုပ်နေပြီ။ တပ်ချုပ်က တွေ့မယ်လုပ်ပြီးမှ ဦးသိန်းဇော်တို့ကို အရင် Buffer ထိုးခံလိုက်တယ်”

လိုင်ဇာဒေသဧရိယာ အတွင်းသို့ ပစ်ခတ် ဗုံးကြဲခဲ့တဲ့ လေတပ်အခြေစိုက်စခန်း ဌာနချုပ်တစ်ခုအတွင်းရှိ K-8 အမောင်းသင်လေယာဉ်

လက်ရှိ တပ်မတော်ရဲ့စွမ်းရည်နဲ့ စပ်လျဉ်းပြီး တပ်မတော် အရာရှိကြီး (အငြိမ်းစား) ဒုဗိုလ်ချုပ်ကြီး တစ်ဦးကို ဆက်လက် မေးမြန်းခဲ့ပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ “ဝ” က တော်တော်မာတယ်၊ လက်ရှိ စစ်တပ် မနိုင် နိုင်ဘူး။ အပျော့ဆုံးဖြစ်တဲ့ ရှမ်းစခန်းတွေကိုတောင် မြောက်ပိုင်းမှာ အသေအကြေ တိုက်ခဲ့ရတုန်းက (ရမခ၊ ရလခ၊ ရပခ) တိုင်း (၃) တိုင်း စလုံးက တပ်တွေ စေလွှတ်ခဲ့ရတယ်။ KIA နဲ့ တိုက်တုံးကလည်း အမြောက်ပစ်ကူနဲ့ မရလို့ လေယာဉ်နဲ့ ဗုံးကြဲနေရတယ်။ တပ်မတော်ရဲ့ တိုက်စွမ်းရည် အရမ်းကျနေပြီ။ တပ်မ (၈၈) ဆိုရင် ဖွဲ့စည်းပုံ ပျက်သွားတာဘဲ။ တရုတ်ကလည်း ထောက်ခံမှု ရှိနေလေတော့ UWSA ကို တပ်က မတိုက်ရဲဘူး။ အမေရိကန်ကလည်း စစ်တပ်ကို လုံးလုံးလျားလျား ထောက်ခံအားပေးမှု မရှိသေးတာမို့ ဒီအချိန်မှာ သွားတိုက်ရင် နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖွဲ့စည်းပုံပျက် စုတ်ပြတ် သွားမှာဘဲ။ အခုက ပါဝါ ကစားပြီး သွေးထိုးစမ်းတာပါ။ “ဝ” က သူ့နယ်မြေ သူအစိုးရ တနယ်တမင်း လုပ်နေလို့ တရားမဝင် “ဝ” နိုင်ငံလို့ ခေါ်ရမလိုတောင် ဖြစ်နေတယ်။ တရုတ် ရုံးသုံးစကားနဲ့ ငွေကြေးသုံးစွဲပုံကိုသာ ကြည့်ပေတော့၊ နောက်ပိုင်းသတင်းအရ ဝ အဖွဲ့က ဦးသိန်းဇော်အဖွဲ့နဲ့ ဆွေးနွေးချက်ကိုတောင် သဘောတူ လက်ခံလိုက် သည်အထိ ဖြစ်သွားတယ်လေ။ ဝ အဖွဲ့တွေက ခွဲမထွက်တော့ဘူး ဆိုပြီး နှပ်ကြောင်း ပေးလိုက်သလို နိုင်ငံအတွက် လှူဒါန်းမယ်ဆိုလို့တောင် အံ့သြမိသေးတယ်။ အစိုးရကလည်း ခပ်ပေါ့ပေါ့ သဘောတူညီချက်တွေ ရရင်ပြီးရောဆိုပြီး အချိန်ဆွဲလိုက်တဲ့ သဘောပေါ့ဗျာ။

KNO ခေါင်းဆောင် ဒူဝါလရော်

စည်းလုံးခြင်းရဲ့အင်အား အနေနဲ့ အဲဒီ စစ်ရုံးမှ တပ်မတော်အရာရှိအား ထင်မြင်သုံးသပ်ချက် တောင်းခံရာမှာ - “တပ်မတော်က ငြိမ်းချမ်းရေး ရယူလိုစိတ် အမှန်တကယ် ရှိပေမဲ့ အချိန်မရွေး ခွဲထွက်သွားနိုင်မဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို တစိုက်မတ်မတ် တောင်းဆိုနေတဲ့ တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ဆန္ဒကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးကွာဆဲ ဖြစ်တယ်။ KIA ဆိုရင် သူ့ရဲ့ကိုယ်ပွား ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) က သီးခြား လွတ်လပ်သော နိုင်ငံအဖြစ် ခွဲထွက်မယ်လို့ မကြာခဏ ကြေငြာနေတာ ကြားနေရတာဘဲ။ ကြံ့ဖွံ့ အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဦးဌေးဦးကတော့ ဖယ်ဒရယ် ကိစ္စဟာ ပြဿနာ မရှိပါဘူး။ ပေးလို့ရတယ်။ လက်နက် ဆက်ကိုင်မယ် ဆိုရင်တော့ Sorry ဘဲလို့ ပြောသွားတယ်လေ။ တကယ်တမ်း နိုင်ငံတကာမှာ တပ်မတော်ဆိုတာ တစ်ခုတည်းရှိပြီး ရဲကလွဲလို့ ဘယ်အဖွဲ့အစည်းမှ လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာက တော်တော်နဲ့ဖြစ်အုံးမှာ မဟုတ်ဘူး” လို့ သူ့အမြင်ကို သုံးသပ် ပြောဆိုသွားကြောင်း၊ တင်ပြလိုက်ရပါတယ်။

=================
လူတိုင်းလူ့အခွင့်အရေးရရှိသလိုလူမျိုးစုတိုင်းရဲ့ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့။။။။ဖက်ဒရယ်ဒီမိုကရေစီတောင်မပေးနိုင်ဘူးဆိုရင်အတူတူဆက်နေဖို့မသင့်တော်တော့ပါဘူး။။။