၈၈မှာ အာဏာသိမ်းပြီးတော့
အိမ်မှာနေလဲ လိုက်ဖမ်းတယ် ။
တောပြန်ရှောင်လဲ လိုက်ဖမ်းတယ် ။
နယ်စပ်ကိုပြေးတော့လဲ လိုက်ပစ်တယ် ။
လူမျိုးစုတွေဆီမှာ နေတော့လည်း အမြောက်နဲ့ လိုက်ပစ်တယ် ။
အချင်းချင်း အာဏာရူးတွေကလည်း သတ်ဖို့ ကြံစည်ကြတယ် ။
အတို့ အထောင်တွေကလည်း လူမျိုးစုအောက်ခြေကို ညှောင့်ပေးတယ် ။
လွတ်မြောက်ရာ တတိယနိုင်ငံကို ရောက်အောင်ပြေးပြန်တော့
ဒေါ်လာစားတွေ ဆိုပြီး လေသေနပ်နဲ့ လိုက်ပစ်တယ် ။
ကျုပ်တို့ ဘဝတွေ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ဖူးတယ် ။
စကားမတတ်လို့  တမင်းငတ်ခဲ့တာလဲ မရေတွက်နိုင်ပါဖူး ။
ခြင်တောထဲမှာ မီးလှုံပြီး ခြင်ထောင် မရှိဘဲ လပေါင်းများစွာ အိပ်ခဲ့ဖူးတယ် ။
နောက်တန်းက ရိက္ခာမရှိ ။ စာလည်းမလာ ။
မြန်မာပြည် အာဏာရှင်စနစ် ဖြုတ်ချရေး
စိတ်ဓါတ်တခုတည်းနဲ့  အသက်ရှင်ကြတာ အခုထိပါဘဲ ။
တိုင်းပြည်ကြီး ပြောင်းလဲနေပြီဆိုတော့
ငါတို့ တတွေ ဝမ်းသာ ဝမ်းနည်းစွာနဲ့ 
မျက်ရည်ကျမိတယ် ။
ငါတို့ အတွက် နေရာမရှိတော့ဖူးလေ ။
ငါတို့ တတွေကို ပြည်ပြေးလို့ ခေါ်ဖို့ 
နည်းမျိုးစုံနဲ့  မောင်းထုတ်ခံထားရတာကိုး ။
ငါတို့ ရဲ့  ၈၈ အားမာန်ကတော့
အမြဲရှင်သန်နေဆဲပါ ။
နေရာမလိုဖူး
ရာထူးမလိုဖူး
ဖါးစရာမလိုဖူး
ဖိတ်စရာမလိုဖူး
တိုင်းပြည်နဲ့  လူမျိုးတွေ အတွက်
ကျရာနေရာ ။ ရောက်တဲ့ နိုင်ငံတွေက
ရှိသမျှကို ပေးနိုင်သမျှ ပေးဖို့ အသင့်ပါဘဲ ။
ဌေးတင့်
နယ်သာလန် ။