Thursday, August 29, 2013

ဆီးရီးယား

ဆီးရီးယားကို နွယ်ပြီး အီရန် ကို ဘယ်ပြ၊ ညာကစ် ချေမှုန်း တော့မည်လော
========================================
Robert Elhose
သြဂုတ်လ ၂၈၊ ၂၀၁၃။

မကြာမီပင် ဘရှရ်အယ်လ် အာဆတ် အုပ်ချူပ်နေသော ဆီးရီးယား နိုင်ငံ ကို အမေရိကန် ဦးဆောင်သော နေတိုး မဟာမိတ် နိုင်ငံများက စစ်ဝင်တိုက် ရန် သေချာ သလောက်ဖြစ်နေပြီ။ ဘရှရ် အယ်လ် အာဆတ် ၏ ဆီးရီးယား အစိုးရ တပ်များဖက် မှ အခိုင်မာဆုံး မဟာမိတ်နိုင်ငံ မှာ အီရန် နိုင်ငံဖြစ်သည်။

အဆုံးတစ်နေ့ ဆီးရီးယားကို အနောက်နိုင်ငံများ က တိုက်ခိုက်လာသော အခါ အီရန် သည် ဆီးရီးယား ဖက်မှ မီးကုန်ယမ်းကုန် ၀င်ရောက် ပံ့ပိုးကူညီ ပေးမည် ဆိုသည်ကို သံသယ ဖြစ်စရာ မလိုလောက်အောင်ကျိန်းသေနေသည်။ အီရန် တို့တွင် တိုက်ချင်း ပစ် ဒုံးပျံစနစ် (Ballastic Missile System) များကိုလည်း ပိုင်ဆိုင် ထားသည့်အပြင် အနုမြူလက်နက် စီမံကိန်း မှာလည်း အတော်လေး ခရီးပေါက်နေပြီ ဖြစ်ကြောင်း အမေရိကန် အပါအ၀င် အားလုံးက လက်ခံထားသည်။

တစ်ဖက်ကလည်း အမြင်နောက်တစ်မျိုး နှင့် ကြည့်မည် ဆိုပါက အီရန်တို့ အနုမြူ လက်နက် စီမံကိန်းကို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တွန်းလုပ်နေသည် အတွက် အမေရိ ကန်၊ အစ္စရေး၊ ဥရောပ နိုင်ငံများ၊ ဆော်ဒီ အပါအ၀င် ပင်လယ်ကွေ့ ဆွန်နီအာရပ် နိုင်ငံများ ကလည်း လုံးဝ ကို စိတ်အနှောက်အယှက် ဖြစ်နေသည် မှာ သိပ်ကျိန်းသေ သည်။ နှုတ်က ထုတ်မပြောသော်လည်း အကယ်၍ အီရန်တို့အား စစ်ရေးအရ ၀င် ရောက် တိုက်ခိုက်လိုက်ပြီး ၎င်း တို့၏ အနုမြူစီမံကိန်း ကို ရပ်တန့်လိုက် နိုင်သည်ဆို က အထက်ပါ နိုင်ငံအားလုံး သည် စိတ်သက်သာ ရာ ရသွားကြပေမည်။

အီရန်တို့ ညူးကလီးယားအစီအမံ မျာကို စွန့်လွှတ်ရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် စသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါး နိုင်ငံနှင့် ဂျာမနီ တို့် ပါဝင်သည့် (G5+1) အုပ်စု ၏ ၂၀၀၆ ခုနှစ်မှ စပြီး သံတမန်ရေးရာ လမ်း ကြောင်းဖြင့် ကြိုးပမ်းနေမှု များ မှာ လည်း ဘာအရာမှ မထင်လှ။

သို့သော်ပြဿနာ က အီရန် ကို အသားလွတ်ကြီး စစ်ငင် ပြီး ၀င်တိုက်ဖို့ရာ က နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် တွင် မဖြစ်နိုင်သလောက်နီးပါး ကိစ္စ ဖြစ်သည်။ ခက်ခဲသည် ထက် ပိုနေသည်။ ယခု ဆီးရီးယား နှင့် နွှယ်သည့် ကိစ္စ မှအပ အသား လွတ် ရန်စ နိုင်စရာ အကွက်ကား ရှာမတွေ့။

သို့ဖြစ်ပေရာ ယခု ဆီးရီးယား ပဋိပက္ခ ကို အကြောင်းပြုပြီး ၀င်ပါလာမည့် အီရန် ကို အပြုတ်နှံတော့မည် လား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်လာသည်။ ထိုသို့ အလုံးစုံ စစ်ကြီး ဖြစ်လာမည် ကို အမေရိကန် မှ စစ်ဆန့်ကျင်ရေး အုပ်စုများ ကလည်း ခါးခါး သီးသီး ကန့်ကွက် နေကြသည်။

အကယ်၍ ထိုဒေသ တွင် အလုံးစုံ စစ်ပွဲကြီး ဖြစ်လာပါ က နကိုယ်ကမှ ချိနဲ့ နေသည့် အမေရိကန် စီးပွားရေး ကိုလည်း ကြီးမား သော သက်ရောက်မှု ရှိလာ စေမည် ဖြစ် သည်။ ယခု တစ်ဂါလံကို ပျမ်းမျှ ၃ ဒေါ်လာ နှင့် လေး ဒေါ်လာ အကြားတွင် သာ ရှိနေ သည့် အရပ်သုံး ဓါတ်ဆီဈေး မှာ ထိုသို့ဖြစ် လာသည် ဆိုသည် နှင့် ၈ ဒေါ်လာ ၉ ဒေါ် လာ ခန့် တက်သွားနိုင်ချေ ရှိနေရာ သာမန်ပြည်သူ အများစု မှာလည်း လက်ခံ နိုင်ကြ လိမ့်မည် မဟုတ်ချေ။

မည်သို့ပင် ဖြစ်စေ အီရန် တို့ အနုမြူလက်နက် ထုတ်လုပ် ရန် ကြံစည်နေသည့် စီမံ ကိန်း ကိုလည်း ကာလရှည် လျစ်လျူရှု ထား၍ကား မရနိုင်ပေ။ သမ္မတ အိုဘားမား အတွက် ဆုံးဖြတ် ချက် တစ်ခုခု ချရန် လွန်စွာပင် ခက်ခဲ သည့် အနေအထားပင် ဖြစ်သည်။ မဖြစ်မနေ စစ်တိုက်ရတော့မည် ဆိုက စစ်ပွဲကို ရေရှည် အထိ ဆွဲမသွားဘဲ တိုတိုတုတ်တုတ် လက်စသိမ်း နိုင်ဖို့က အသက်တမျှ အရေးပါနေသည်။

ထိုသို့ဆိုလျှင် စစ်ဇုန် ဖြစ်လာမည့် ဆီးရီးယား နှင့် အီရန် ပတ်ဝန်းကျင် တွင် အခြေ ဆိုက်ထားနိုင်သည့် အမေရိကန် စစ်အခြေစိုက်စခန်း များ က အဆုံးအဖြတ် ပြုမည့် အနေအထား တွင် ပါဝင်ပတ်သက်နေသည်။

အောက်ပါပုံတွင် အစိမ်းရောင် အီရန် နိုင်ငံ ၏ ပတ်ပတ်လည်တွင် ပုလဲကုံး သဖွယ် ၀န်းရံ ထားသည့် အမေရိကန် စစ်အခြေစိုက် စခန်းများကို တွေ့ရမည် ဖြစ်သည်။ စုစု ပေါင်း စစ်အခြေအစိုက် စခန်းပေါင်း ၄၅ ခုတိတိရှိနေသည်။

စစ်ဖြစ် လာပြီး ဆိုသည်နှင့် လူသူ၊ လက်နက်ခဲယမ်း၊ ရိက္ခာ စသည့် စစ်ပွဲအတွက် မရှိမဖြစ် အ ရေးပါ သည့် အင်အားစုများအား အချိန်တိုတို အတွင်း စစ်ဇုန်ထဲ သို့ သွန်အောချ နိုင် ရန် ထိုကဲ့ သို့ စစ်အခြေစိုက် စခန်းကြီး များ ၏ အရေးပါမှု က သိပ်ကို အရေးကြီး သည်။

အချက်အလက် အလုံးစုံကို ထောက်ချင့်ကြည့်ပါက သည်တစ်ချီတွှုင် အမေရိကန် နှင့် အ နောက်နိုင်ငံ များသည် အီရန် လက်နက်စွမ်းပကား စနစ် ကို အပြုတ်နှံ တော့မည် လား ဆိုသည်မှာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ စောင့်ကြည့်ရမည်ပင်။

photo credit : Occupy Wall Street

----------------------
photo.
ရုရှားနိုင်ငံကဘာကြောင့်အာဆတ်ကိုထောက်ခံရတာလဲ
--------------------------------------------------------

ဆီးရီးယားမှာပြည်တွင်းစစ်ဖြစ်နေတဲ့
၂နှစ်ခွဲလောက်မှာရုရှားကဆီးရီးယားကို
လက်နက်တွေတင့်ကားတွေတိုက်လေယာဉ်တွေ
ဒုံးကျဉ်တွေ စစ်ရေးအကြံပေးတွေ နဲ့
ကူညီခဲ့ပါတယ်။သံတမန်နည်းလမ်းနဲ့
ကာကွယ်ပေးတာလည်းလုပ်ခဲ့ပြီး
ငွေလည်းထောက်ပံ့ပေးခဲ့ပါတယ်။

ရုရှားကဆီးရီးယားကိုကူညီတာ
အချက်(၃)ချက်ကြောင့်ဖြစ်ပါတယ်။

၁။စစ်ရေးမဟာဗျူဟာ
---------------
ဆီးရီးယားမှာရှိတဲ့ရုရှားရေတပ်စခန်း
port of Tartus ဟာ အရင်ဆိုဗီယက်ပြည်ထောင်စု
နယ်မြေပြင်ပမှာရှိနေတဲ့ နိုင်ငံရပ်ခြားအခြေစိုက်
တခုတည်းသောစစ်စခန်းအဖြစ်
ကျန်ရှိတော့တာဖြစ်တယ်။

၂။စီးပွားရေး
--------------
ပြီးခဲ့တဲ့ဇွန်လ၂၀၁၂အထိရုရှားနိုင်ငံရဲ့
ဆီးရီးယားနိုင်ငံမှာရှိတဲ့စီးပွားရေး
အကျိုးအမြတ်ဟာဒေါ်လာဘီလီယံ၂၀
ရှိတယ်။အဲဒီထဲမှာလက်နက်ရောင်းရတဲ့
၅ဘီလီယံအပါအ၀င်ဖြစ်တယ်။


၃။နိုင်ငံရေးအတွေးအခေါ်
---------------------------
အာဏာရှင်တွေကိုအင်အားသုံးပြီး
ဖြုတ်ချလိုက်တဲ့နိုင်ငံတိုင်းမှ
မတည်ငြိမ်မှုတွေနဲ့မလိုချင်တဲ့
ရလာဒ်တွေဘဲရလာတတ်တယ်လို့
ရုရှားအနေနဲ့ယုံကြည်တယ်။
အီရတ်၊လစ်ဗျား၊နဲ့အီဂျစ်နိုင်ငံတွေမှာ
သက်သေပြခဲ့ပြီးဖြစ်လို့
ရုရှားအနေနဲ့အာဏာရှင်တွေကို
အင်အားသုံးပြီးဖြုတ်ချတာကိုဆန့်ကျင်တယ်။

http://finance.yahoo.com/news/three-reasons-russia-backs-assad-212642670.html