Sunday, February 26, 2012

ပြတ်ပြတ်သားသား ဝေဖန်ကြဖို့ လိုပါပြီ။

ပြတ်ပြတ်သားသား ဝေဖန်ကြဖို့ လိုပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ “ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျ ဥပေးမယ့် ငန်းမကြီးပမာ တယုတယ မွေးမြူထားချင်လာပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ထဘီကို အလံထူ၊ နိုင်ငံတကာကို ချော့မြှူပြီး ပြည်သူကို ဖိနှိပ်၊ ဒေါ်စုက ရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။” ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတကာက ဆုပေါင်း ရာချီရထားတဲ့ ဒီမိုကရေစီမိခင်၊ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ အာဏာရဖို့ မဲဆွယ်တဲ့ အလုပ်ကိုပဲ လုပ်နေပါတယ်။ သူ့ကို အားပေးကြတဲ့ သောင်းချီတဲ့ လူပရိသတ်ကြီးရှေ့မှာ ကျမကို မဲပေးရမယ်နော် ဒါပဲ ... ဆိုတဲ့ စကားမျိုးတွေလောက်ကိုပဲ မရှက်မကြောက် ပြောနေပါတယ်။ ဒါ … ဒီမိုကရေစီခေါင်းဆောင်တဲ့လား။ ဒါ … လူထုခေါင်းဆောင်တဲ့လား။ ပြည်သူလူထုကြီးက ချစ်လွန်းလို့ အမေစု၊ အမေစု အခေါ်ခံရတဲ့သူ၊ အများပြည်သူရဲ့ ဆင်းရဲဒုက္ခနဲ့ ပရိဒေဝ သောကမီးတွေကို ငြှိမ်းသတ်ပေးမယ်လို့ မျှော်လင့်ခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုကိစ္စမျိုးတွေမှာ တခွန်းတပါဒတောင် မဖွင့်မဟရဲတာက ဦးသိန်းစိန်ကို ကြောက်လို့လား၊ ဦးသန်းရွှေကို ကြောက်လို့လား၊ ဒါမှမဟုတ် အာဏာရမ္မက် ငမ်းငမ်းတက်နေလို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။ ဒီနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မှာ ရပ်နေသလဲ၊ ဘယ်သူ့ဘက်မှာ ရပ်နေသလဲဆိုတာဟာ မဖြစ်မနေ မေးခွန်းထုတ်ရမယ့် ပုစ္ဆာတခုဖြစ်လာပြီ။ သမိုင်းပေးတာဝန် ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို ကိုယ်နဲ့ မဆိုင်သလို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ တနေ့မှာ သင့်အပေါ် ရောက်လာပါလိမ့်မယ်။ မတရားမှုတခုကို အောင်အောင်မြင်မြင် ကျူးလွန်ခွင့်ရသွားခဲ့သူဟာ အစွယ်ကို သွေးလူးသွားတဲ့ ကျားလို မတရားမှုကို အကြိမ်ကြိမ်အခါခါ ကျူးလွန်ပါလိမ့်မယ်။ လူ့အဖွဲ့အစည်းထဲက လူတယောက်အပေါ်မှာ အစိုးရကိုယ်တိုင်က ဒါမှမဟုတ် တခြားတစုံတယောက်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ်ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အဲသလို တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့ရင် တခြားသူတွေအပေါ်မှာပါ မတရားမှုကို ဆက်လက် ကျူးလွန်လာပါလိမ့်မယ်။ ဒါဟာ ဒီနေ့မှ သိရတဲ့ အသစ်အဆန်းမဟုတ်ဘူး။ သမိုင်းတလျှောက်လုံးမှာ ကမ္ဘာတလွှား နိုင်ငံအနှံ့အပြားမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးတဲ့ သင်ခန်းစာပါ။ တိုင်ယီ ဘိနပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ရရှိရေး၊ အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ကြတာ အားလုံးအသိပါ။ တကယ်တော့ အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေဆိုတာဟာ မြန်မာနိုင်ငံက စက်ရုံတွေတင်မကပါဘူး။ ကမ္ဘာတလွှားမှာပါ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်လွန်းကြတဲ့အတွက် နာမည်ပျက်နဲ့ ကျော်ကြားကြပါတယ်။ ဥရောပကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ GAP၊ Nike၊ Adidas တို့လို ကုမ္ပဏီကြီးတွေတောင်မှ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ကြလွန်းလို့ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး ဆောင်ရွက်သူ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဝိုင်းဝန်း ကန့်ကွက်ကြတာ၊ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုကြတာဟာ အကြိမ်ကြိမ်အခါခါပါ။ ဂါးဒီးယန်းတို့လို၊ ဘီဘီစီတို့လို ထိပ်တန်းမီဒီယာကြီးတွေ ထဲမှာလည်း အကြိမ်ကြိမ် အခါခါ ပါခဲ့ဖူးပါတယ်။ တရုတ်ကုမ္ပဏီတွေကတော့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို ဖောက်ဖျက်ကြတဲ့အထဲမှာ တခြားကုမ္ပဏီတွေထက် နာမည်ပိုပျက်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျ ဥပေးမယ့် ငန်းမကြီးပမာ တယုတယ မွေးမြူထားချင်လာပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ထဘီကို အလံထူ၊ နိုင်ငံတကာကို ချော့မြှူပြီး ပြည်သူကို ဖိနှိပ်၊ ဒေါ်စုက ရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။” မြန်မာနိုင်ငံမှာလည်း အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြဿနာတက်ကြတာဟာ အကြိမ်ကြိမ်ပါပဲ။ စက်ရုံတွေမှာ အိုဗာတိုင်ပေးရမှာ ကြောက်လို့ အခြေခံလစာကို မတန်တဆ လျှော့ချထားကြတာကို အားလုံးအသိပါ။ ဈေးကွက်ပေါက်ဈေးအရ အခြေခံလစာ သိပ်နည်းနေရင် အလုပ်သမားရှာမရမှာ စိုးတဲ့အတွက် အခြေခံလစာအစား ခရီးစရိတ်၊ ရှားပါးစရိတ်၊ စားသောက်စရိတ်ဆိုတာမျိုးတွေ နာမည်တပ်ပေးပြီး အခြေခံလစာကိုတော့ လျှော့ထားကြပါတယ်။ ဒီညစ်ကွက်ကလည်း လှိုင်သာယာမှာ လုပ်နေကျ ညစ်ကွက်ကြီးလိုလို ဖြစ်နေပါပြီ။ အလုပ်သမားတွေ အိမ်သာတက်ရင် အလုပ်ချိန်လျော့မှာ စိုးလို့ တနေ့ကို အိမ်သာ ဘယ်နှမိနစ်ပဲ တက်ရမယ်လို့ ကန့်သတ်ချုပ်ချယ်တာလည်း အဲဒီစက်ရုံတွေပါပဲ။ ရေသောက်တာကို ဘယ်နှကြိမ်ထက် မပိုရလို့ ကန့်သတ် ချုပ်ချယ်တာလည်း ဒီစက်ရုံတွေပါပဲ။ အလုပ်သမားကို အလုပ်မပေးနိုင်လို့ အားနေရင် သူတို့တာဝန်နဲ့ မဆိုင်တဲ့ ကြမ်းတိုက် မြက်နှုတ်ခိုင်းတာလည်း ဒီစက်ရုံတွေပါပဲ။ ဒီလုပ်ရပ်တွေဟာ အလုပ်သမားတွေကို လခပေး ငှားရမ်းခိုင်းစေတာနဲ့တောင် မတူတော့ပဘဲ လခပေးပြီး ကျေးကျွန်ငှားရမ်းထားတာနဲ့တောင် တူနေပါတယ်။ အလုပ်ခွင်အခြေအနေတွေလည်း ကြည့်ကြဦး။ တော်တော်များများက သွပ်မိုးဂိုဒေါင်ကြီးတွေပုံစံမျိုး။ အင်မတန် ပူလောင်တဲ့နိုင်ငံမှာ အလုပ်သမားတွေ ဘယ်လို အလုပ်လုပ်နေရတယ်ဆိုတာ စာနာစဉ်းစားကြည့်ကြပါတော့။ အလုပ်လုပ်ရတဲ့ ရက်နဲ့ နာရီတွေကလည်း မတန်တဆ။ တလကို ၂၅ ရက် ၂၆ ရက် အလုပ်လုပ်ကြရတယ်။ ညဥ့်နက်သန်းကောင် အလုပ်လုပ်ကြရတယ်။ ၁၈၈၆ ခုနှစ်ကတည်းက တနေ့အလုပ်လုပ်ချိန် ၈ နာရီထက် မကျော်လွန်ရေးကို အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြပေမယ့် ကျနော်တို့ဆီမှာ အလုပ်သမားတွေဟာ သားနဲ့အမိ၊ မောင်နဲ့နှမ တွေ့ဆုံချိန်တောင် မရလောက်အောင် အလုပ်ခွင်ရဲ့ လခစား ကျွန်စနစ်ယန္တရားထဲမှာ ဘဝတွေ ကုန်လွန်နေကြရတုန်းပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာ တချို့စက်ရုံမှာ အိုဗာတိုင် မဆင်းမနေရ သတ်မှတ်ချက်မျိုး ရှိနေပြန်တယ်။ တချို့စက်ရုံတွေမှာ အလုပ်သမားတွေကို အမြဲတမ်း လခစားဝန်ထမ်းအဖြစ် မခန့်ထားဘဲ နေ့စားအဖြစ် ခန့်ထားပြီး အချိန်ပို မဆင်းရင် အလုပ်ဖြုတ်မယ်ဆိုတဲ့ စည်းကမ်းချက်မျိုး သတ်မှတ်တယ်။ နေ့စား အလုပ်သမားအဖြစ် ခန့်ထားပြီး၊ ခွင့်ရက်ခံစားခွင့် မပေးဘဲ ထားတာမျိုးလည်း ရှိတယ်။ ဒီလောက် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်တဲ့ ကြားထဲမှာ နောက်ထပ် လဲရာကို သူခိုးထောင်းတဲ့ လုပ်ရပ်က တရုတ်နှစ်သစ်ကူးမှာ အလုပ်ရှင်က အလုပ်ပိတ်ပြီး အဲဒီပိတ်ရက်ကို လစာမပေးဘဲ ဖြတ်တောက်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဆိုသူကရော ဘယ်ဘက်က ရပ်တည်ပါသလဲ။ ကျနော်တို့တိုင်းပြည်က အစိုးရ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ ခေတ်အဆက်ဆက်မှာ စစ်ထောက်လှမ်းရေး ကိုယ်စားလှယ်အဖြစ်သာ ရပ်တည်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် စက်ရုံမှာအလုပ်လုပ်ခဲ့စဉ်က အလုပ်သမားရုံး အရာရှိနဲ့ စကားပြောခဲ့ဖူးပြီး သူတို့သဘောထားကို ထင်ထင်ရှားရှား သိခဲ့ရဖူးတယ်။ ကျနော်က စက်ရုံရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ တာဝန်ယူရတဲ့အတွက် အလုပ်ရှင်ရဲ့ကိုယ်စားလှယ်လို့ သဘောထားပြီး အလုပ်သမားရုံး အရာရှိက သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်လာတိုင်းမှာ အလုပ်သမားတွေဘက်က ဘာလိုချင်သလဲ။ တယောက်ယောက်က တာဝန်ယူပြီး ထွက်ပြောလို့ သူတို့က ခိုင်းတယ်။ အဲဒီလူကို ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး အရေးယူတယ်။ ဖိနှိပ်တယ်၊ ဖြိုခွဲတယ်။ ခေါင်းဆောင်တဲ့သူ မရှိဘူးဆိုတာ ဟုတ်ကိုမဟုတ်ဘူး။ အမြဲတမ်း ခေါင်းဆောင်ရှိတယ်။ အဲဒီခေါင်းဆောင်ကို ဖော်ထုတ်အရေးယူရမယ်လို့ သူတို့ကို အထက်က ညွှန်ကြားထားကြောင်း ပြောပါတယ်။ အဲဒီညွှန်ကြားချက်တွေကို ပေးတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေသူ ဦးအောင်ကြည်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီလို မတရား ဖိနှိပ်ညှင်းပန်းခံနေရတဲ့သူတွေဘက်မှာ အခု ကိုဖိုးဖြူ၊ မစုစုနွေး၊ ကိုဟန်ဝင်းအောင်တို့ ရပ်တည် အကူအညီပေးကြတယ်။ ဆွီဒင်နိုင်ငံက ဆွီဒင် ဆိုရှယ်ဒီမိုကရက် ကျောင်းသားများအဖွဲ့၊ ဆွီဒင် ဆိုရှယ်ဒီမိုကရက် လူငယ်အဖွဲ့တို့ကတောင် နိုင်ငံတကာသွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ စာနာထောက်ခံကြောင်း စာပေးပို့ပါတယ်။ ဒါပေမယ့် ရှက်စရာကောင်းတာက ကျနော်တို့ရဲ့ ဒီမိုကရေစီ သူရဲကောင်းကြီးများအဖို့မှာ မြင်လျက် အကန်း၊ ကြားလျက် အဆွံ့၊ သိလျက် မဝံ့ဖြစ်နေကြတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတကာက ဆုပေါင်း ရာချီရထားတဲ့ ဒီမိုကရေစီမိခင်၊ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ အာဏာရဖို့ မဲဆွယ်တဲ့ အလုပ်ကိုပဲ လုပ်နေပါတယ်။ သူ့ကို အားပေးကြတဲ့ သောင်းချီတဲ့ လူပရိသတ်ကြီးရှေ့မှာ ကျမကို မဲပေးရမယ်နော် ဒါပဲ ... ဆိုတဲ့ စကားမျိုးတွေလောက်ကိုပဲ မရှက်မကြောက် ပြောနေပါတယ်။ ဒါ … ဒီမိုကရေစီခေါင်းဆောင်တဲ့လား။ ဒါ … လူထုခေါင်းဆောင်တဲ့လား။ ပြည်သူလူထုကြီးက ချစ်လွန်းလို့ အမေစု၊ အမေစု အခေါ်ခံရတဲ့သူ၊ အများပြည်သူရဲ့ ဆင်းရဲဒုက္ခနဲ့ ပရိဒေဝ သောကမီးတွေကို ငြှိမ်းသတ်ပေးမယ်လို့ မျှော်လင့်ခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုကိစ္စမျိုးတွေမှာ တခွန်းတပါဒတောင် မဖွင့်မဟရဲတာက ဦးသိန်းစိန်ကို ကြောက်လို့လား၊ ဦးသန်းရွှေကို ကြောက်လို့လား၊ ဒါမှမဟုတ် အာဏာရမ္မက် ငမ်းငမ်းတက်နေလို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။ ဒီနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မှာ ရပ်နေသလဲ၊ ဘယ်သူ့ဘက်မှာ ရပ်နေသလဲဆိုတာဟာ မဖြစ်မနေ မေးခွန်းထုတ်ရမယ့် ပုစ္ဆာတခုဖြစ်လာပြီ။ ဦးသိန်းစိန်ဘက်က ရပ်မှာလား။ အလုပ်သမား၊ လယ်သမား ဆင်းရဲသား ပြည်သူလူထုကြီးဘက်က ရပ်တည်မှာလား။ အာဏာရှင်ဘက်က ရပ်မှာလား၊ ဒီမိုကရေစီဘက်က ရပ်မှာလား။ “မသေချာပေမယ့် စွန့်စားရမှာပဲ” ဆိုတဲ့ သူ့ရဲ့ လွှတ်တော်တွင်းဝင်ပြီး ဒီမိုကရေစီ ကံစမ်းမဲထိုးမယ့် အစီအစဉ်ကြီးအတွက် အလုပ်သမား၊ လယ်သမားတွေရဲ့အရေးကို စတေးလိုက်တော့မှာလား။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်လိုက်လို့ ဘာမှ ဆုံးရှုံးစရာမရှိပါဘူးဆိုတာ ဟုတ်ပါရဲ့လား၊ ပြန်စဉ်းစားဖို့သင့်ပါပြီ။ အခုဆိုရင် အလုပ်သမားအရေးကို ဥပဒေကြောင်းအရ တရားစွဲ ဖြေရှင်းကြရမလို ဖြစ်လာပါတယ်။ ဒီအခြေအနေဟာလည်း အားရစရာ မရှိပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတာ အားလုံးအသိပါ။ အလုပ်သမားအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေတွေလည်း လုံလုံလောက်လောက် မရှိပါဘူး။ အဆိုးဆုံးကတော့ အစိုးရကိုယ်တိုင်က အလုပ်သမားတွေ၊ တက်ကြွသူတွေကို ဖိနှိပ်ညှင်းပန်းနေတဲ့ အချက်ကြောင့် တရားစွဲ ဖြေရှင်းနည်းဟာ ကိုယ့်အတွက် အခွင့်မသာတဲ့ နည်းလမ်းပါ။ တကယ်တော့ အလုပ်သမားအရေးကို အလုပ်သမားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ ILO၊ ၈၈ မျိုးဆက်နဲ့ ဒီမိုကရေစီရေးဆောင်ရွက်သူတွေ ဝိုင်းဝန်းပံ့ပိုးတောင်းဆိုကြမှ အောင်မြင်မှုရမှာပါ။ အားလုံး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ရင် တိုင်ယီ တခုတည်းအတွက် မဟုတ်ဘဲ၊ အလုပ်သမားအားလုံးအတွက် အောင်ပွဲရသွားနိုင်ပါတယ်။ ဘယ်သူမှ မပံ့ပိုးရင် ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အရေခြုံအစိုးရက အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေကို ဘဝပျက်အောင် ဖျက်ဆီးကြပါလိမ့်မယ်။ “လူ့တယောက်ရဲ့တန်ဖိုးကို သမိုင်းက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” လို့ ဆရာဗန်းမော်တင်အောင်က ပြောခဲ့ဖူးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ပုခုံးပေါ်ကို သမိုင်းက တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက် ကျေပွန်သလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ။ ဆရာဗန်းမော်တင်အောင်ကို ကိုးကားလို့ ကျနော့်ကို လက်ဝဲဆန်တယ်လို့ တချို့က ထင်ချင်ထင်ကြမယ်။ အရင်ဆောင်းပါးတွေမှာ လူထုလှုပ်ရှားမှုကို ထောက်ခံလို့ လက်ဝဲဆန်တယ်လို့ ဝေဖန်တာမျိုးကိုလည်း ကြုံခဲ့ရဖူးတယ်။ ကမ္ဘာ့ပြည်သူလူထုကြီးက လူထုလှုပ်ရှားမှုကို တက်တက်ကြွကြွ ဆောင်ရွက်နေချိန်မှာ လူထုလှုပ်ရှားမှုပြောတိုင်း လက်ဝဲတံဆိပ် ကပ်နေတာကတော့ မဆလ ဆန်လွန်းတယ်။ မဆလ၊ နဝတ၊ နအဖ ကနေ ကြံ့ဖွံ့အထိ စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့ကို ဆန့်ကျင်လာရင် လက်ဝဲတံဆိပ် ကပ်တာ ထုံးစံပဲ။ ဒီ့အတွက်ဘာမှ တုန်လှုပ်စရာမရှိဘူး။ လက်ဝဲဆန်တာ လက်ယာဆန်တာက အဓိက မဟုတ်ဘူး။ မှန်သလား၊ မှားသလား၊ တရားသလား၊ မတရားဘူးလား ဆိုတာကသာ အခရာ ဖြစ်ပါတယ်။ တကယ်လို့များ လူထုခေါင်းဆောင်၊ အများကြည်ညိုနေတဲ့ ခေါင်းဆောင်ဟာ လမ်းလွဲပေါ်ရောက်နေပြီဆိုရင် ဘာဖြစ်မလဲ။ ကျနော်တို့ ဘယ်လို ရုန်းကန်ကြရမလဲ။ ဘယ်လောက် အန္တရာယ်ကြီးမလဲ။ သေသေချာချာ စဉ်းစားကြဖို့ လိုပြီ။ ပြတ်ပြတ်သားသား ဝေဖန်ကြဖို့ လိုပါပြီ။ ကျနော်တို့ နိုင်ငံရေးမှာ ဝေဖန်ရေး လိုအပ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်မို့လို့ မပြောဝံ့၊ မဆိုဝံ့၊ မဝေဖန်ဝံ့ပါ ဆိုတဲ့ နုံချာချာ စိတ်ထားတွေကို ကျနော်တို့ အဝင်ခံလို့ မဖြစ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက်ဖြစ်မယ် ဆိုတဲ့ ရှေးဆန်တဲ့ အတွေးအခေါ်ကိုလည်း စွန့်သင့်ပြီ။ သိပါ၊ မြင်ပါရက်နဲ့ ကျနော်တို့ မပြောဘဲနေရင် ကျနော်တို့ပါ ရောပြီး တရားခံဖြစ်သွားနိုင်တယ်။ နောင် အနှစ်နှစ်ဆယ်မှာ ခင်ဗျားတို့ တာဝန်မကျေလို့ ကျုပ်တို့ စစ်ကျွန်ဘဝမှာ နေရတယ်လို့ နောက်မျိုးဆက်က ကျနော်တို့ကို လက်ညှိုထိုးတာ ခံရလိမ့်မယ်။ ဒေါ်စု မှားရင် ဒေါ်စုကို ချစ်တဲ့ ပြည်သူလူထုပါ တွေဝေယိမ်းယိုင်သွားလိမ့်မယ်။ ဒီအဖြစ်မျိုးကို လက်ပိုက်ကြည့်မနေကြပါနဲ့လို့ ခေါင်းဆောင်တွေကို ကျနော် တိုက်တွန်းချင်ပါတယ်။ ဒီနေ့အချိန်မှာ အရေးပါတဲ့ နေရာတွေမှာရောက်နေသူတွေ key players တွေ stake holders တွေအနေနဲ့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ချပြကြဖို့၊ ကြိုက်မကြိုက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ အချိန်တန်ပြီလို့ ဆိုချင်ပါတယ်။ ခင်ဗျား ပြောလိုက်တဲ့ စကားတခွန်းကြောင့် သမိုင်းမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ခင်ဗျား မပြောလိုက်တဲ့ စကားတခွန်းကြောင့်လည်း သမိုင်းမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ပြောရေးဆိုခွင့်ကို တန်ဖိုးရှိရှိ အကျိုးရှိရှိ အသုံးချစေချင်ပါတယ်။ ဘာ့ကြောင့် ဒီစကားကို ကျနော် ပြောရပါသလဲ။ မကြာခင်တုန်းက ဥပမာလေးတခုကို ပြန်ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဖြစ်ရပ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရေး မဝင်ရေး၊ မှတ်ပုံတင်ရေး မတင်ရေးနဲ့ ပတ်သက်ပြီး မဲခွဲကာနီးအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင်ရေး၊ မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်တဲ့အသံ သိပ်များများစားစား မကြားခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ဝန်ခံလက်မှတ်ထိုးမယ့် လုပ်ရပ်ဟာ စစ်အာဏာရှင်စနစ်ကို အညံ့ခံ အလျှော့ပေးတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်တာမျိုး သိပ်ရှားပါးခဲ့ပါတယ်။ ဒီတော့ နိုင်ငံရေးခေါင်းဆောင် အများအပြားဟာ ဝင်ရေး၊ တင်ရေး၊ အညံ့ခံရေးကို ထောက်ခံနေကြသလားလို့ ထင်မှတ်စရာ ဖြစ်ခဲ့ပါတယ်။ (မှတ်ချက်။ ။ ဦးဝင်းတင်နဲ့ စီအာပီပီ ခေါင်းဆောင်တချို့က လူသိရှင်ကြားမဟုတ်ပေမယ့် အတွင်းကြိတ် ဝေဖန်ခဲ့တာမျိုးတော့ ရှိခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်လောက်မှန်သလဲ၊ ဘယ်အတိုင်းအတာအထိ ဝေဖန်ခဲ့သလဲတော့ မသိရပါ။) ဒါပေမယ့် တကယ်တမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မဲခွဲဆုံးဖြတ်အပြီး၊ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ကျအပြီးမှာ ကြေညာချက်တွေ အများအပြား ထွက်ပေါ်လာပါတယ်။ အဲဒီကြေညာချက်တွေအရ နိုင်ငံရေးခေါင်းဆောင်အများစုဟာ ဝင်ရေး၊ တင်ရေးကို မနှစ်သက်ကြဘူးဆိုတာ တွေ့လာရပါတယ်။ တချို့က မကြိုက်ကြောင်း အတိအလင်း ပြောကြပါတယ်။ တချို့ကတော့ မကြိုက်ပေမယ့် ဒေါ်စုကိုတော့ ဝန်းရံသွားမယ်လို့ ဆိုကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (အဲဒီတုန်းက မင်းကိုနိုင်တို့ မလွတ်သေး)၊ သံဃာ့တပ်ပေါင်းစု ( အသျှင်ဂမ္ဘီရ မလွတ်သေး)၊ ဗကသအဖွဲ့ချုပ် (ကျော်ကိုကိုတို့ မလွတ်သေး)၊ ဗကသနိုင်ငံခြားရေးကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ SNLD၊ မွန်၊ ရခိုင် အပါအဝင် စီအာပီပီအဖွဲ့ဝင် ပါတီများ၊ ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံ အဖွဲ့အစည်းတွေ ... စသဖြင့် တော်တော်များများဟာ ဝင်ရေး၊ တင်ရေးကို သိပ်မနှစ်သက်ကြတာ တွေ့လာရပါတယ်။ အဖွဲ့အစည်းအသီးသီးရဲ့ ကြေညာချက်တွေကို ဖတ်ရတဲ့အချိန်မှာ ကျနော် တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ ဘာ့ကြောင့် နှောင့်နှေးခဲ့ကြသလဲ။ သူတို့ ဘာ့ကြောင့် စောစောစီးစီး ထုတ်ဖော်ပြောဆို ဝေဖန်ဖို့ ဝန်လေးခဲ့ကြသလဲ။ အဲဒီအချိန်မှာ လူထုဟာ ခေါင်းဆောင်မှု လိုအပ်နေပါတယ်။ မဲမခွဲခင်မှာ ခေါင်းဆောင်အားလုံးရဲ့ ဆွေးနွေးဝေဖန် အကြံပေးတင်ပြမှုတွေ လိုအပ်နေခဲ့ပါတယ်။ လူထုရှေ့မှောက်မှာ နိုင်ငံရေးအမြင်အမျိုးမျိုးကို ရှင်းလင်းချပြဖို့ လိုအပ်ခဲ့ပါတယ်။ တကယ်လို့သာ အဲဒီအချိန်တုန်းက ဝင်ရေး၊ တင်ရေးကို မနှစ်သက်ကြတဲ့ ခေါင်းဆောင်တွေဟာ သူတို့သဘောထားကို လူထုသိအောင် ချပြနိုင်ခဲ့ရင်၊ စောစောစီးစီး ချပြဖို့ ရှင်းလင်းပြောပြဖို့ မပျက်ကွက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း မဲခွဲတဲ့အခါ ဆုံးဖြတ်ချက်ဟာ တမျိုးတဖုံ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သမိုင်းဟာ တမျိုးတဖုံ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် စောစောတုန်းက ပြောခဲ့တာပါ။ ခင်ဗျားပြောလိုက်တဲ့ စကားတခွန်းကြောင့် သမိုင်းကို အပြောင်းအလဲ ဖြစ်စေနိုင်သလို၊ ခင်ဗျား မပြောဖြစ်လိုက်တဲ့ စကားတခွန်းကြောင့်လည်း သမိုင်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။ ခုတော့ ခေါင်းဆောင်အသီးသီးဟာ အပြောသိပ်နောက်ကျခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအကြောင်းအမျိုးမျိုးထဲမှာ ဒေါ်အောင်ဆန်းစုကြည်မို့ မဝေဖန်ရဲတာ ဆိုတဲ့ အကြောင်းတချက်များ ပါနေခဲ့လေမလားလို့ သံသယဝင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ ထောက်ခံမှု၊ လူထုထောက်ခံမှု သိပ်ကြီးပါတယ်။ ဒီထောက်ခံမှု အရှိန်အဝါကို မလွန်ဆန်ရဲလို့များ မဝေဖန်ခဲ့ကြသလားလို့ သံသယဝင်မိပါတယ်။ တကယ်တော့ လူအများ ထောက်ခံတိုင်း မှန်တယ်လို့ အခါခပ်သိမ်းမှာ တရားသေ ယူဆလို့ မရပါဘူး။ လူအများ ထောက်ခံပေမယ့် မှားနေတဲ့ ကာလမျိုးတွေ ရှိတတ်ပါတယ်။ များတိုင်းလည်း မမှန်သလို နည်းတိုင်းလည်း မမှားပါဘူး။ ဒီလိုပြောလိုက်လို့ လူအများရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ဇွတ်လုပ်ဖို့ ပြောနေတာမျိုး မဟုတ်ပါဘူး။ လူအများကို အမှန်ရောက်လာအောင် အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ စည်းရုံးယူရမယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။ လူများစု လူထုကြီးဆိုတာ မှန်ကန်တဲ့ ဦးဆောင်မှု လိုပါတယ်။ ရှင်းလင်းပြောကြားပေမယ့်သူ လိုအပ်ပါတယ်။ လူထုကို အပြိုင်အဆိုင် စည်းရုံးတင်ပြမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ စည်းရုံးဦးဆောင်မှု မရှိရင် လူထုရဲ့ အားပေးထောက်ခံမှုတွေဟာလည်း ယာယီအားဖြင့် ချွတ်ချော်တိမ်းမှားမှုတွေ၊ ခေတ်နောက်ကျမှုတွေ ရှိတတ်ပါတယ်။ ဥပမာတချို့ ပြောရရင် လူများစုလူထုကြီးမှာ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုကြီးကျော်၊ မနှဲလေး ကိုးကွယ်မှုမျိုးတွေ ရှိတတ်တာမျိုးပါ။ ဂျော်ဒန်နိုဘရူနိုက နေကို ကမ္ဘာက ပတ်တယ်၊ ကမ္ဘာကြီး လုံးတယ် ပြောခဲ့တာကိုလည်း လူအများစု လူထုကြီးက ချက်ချင်း မထောက်ခံခဲ့ပါဘူး။ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုယ်ကျိုးရှာ ဘာသာရေးခေါင်းဆောင်တွေကိုသာ ထောက်ခံခဲ့ကြလို့ ဂျော်ဒန်နိုဘရူနိုဟာ အသတ်တောင် ခံခဲ့ရဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကြိုကာလမှာ ဂျာမန်တွေအပေါ်မှာ မဟာမိတ်အင်အားစုတွေက ဗာဆိုင်းစာချုပ်နဲ့ မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့အချိန်မှာ ဟစ်တလာဟာ ဗာဆိုင်းစာချုပ်ကို စက္ကူစုတ်လို သဘောထားခဲ့တဲ့အတွက် ဂျာမန်ပြည်သူတွေက တခဲနက် ထောက်ခံခဲ့ကြဖူးပါတယ်။ မဲပေးရွေးကောက်ခဲ့ပါတယ်။ အမေရိကန် ဗြိတိန်ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တချို့ကတောင် ဟစ်တလာကို လေးစားရုံသာမက အထင်ကြီး အားကျခဲ့ပါတယ်။ ဒီနေ့ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲမှာ ပြနေသလို အဲဒီခေတ်မှာ ဟစ်တလာကို လူတိုင်းက အရူးလို့ ထင်နေတာမျိုး မဟုတ်ပါဘူး။ အဲဒီတုန်းက ဟစ်တလာနဲ့ နာဇီဝါဒဟာ ကမ္ဘာ့ပြည်သူတွေကို ဒုက္ခအကြီးအကျယ်ပေးမယ်ဆိုတာ လူထုက ကြိုတင်မသိမြင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဟစ်တလာရဲ့အန္တရာယ်ကို ထောက်ပြဝေဖန်ခဲ့သူတွေလည်း ရှိတော့ရှိခဲ့ပါတယ်။ ဆိုလိုတာက တချို့အချိန်တွေမှာ အမှန်တရားဘက်မှာ ထောက်ခံသူ လူနည်းစုသာရှိတဲ့ အချိန်မျိုး ကြုံရတတ်ပါတယ်။ အဲသလို အချိန်မျိုးမှာ လူနည်းစုအတွက် ရင်ဆိုင်ရတဲ့ အခြေအနေဟာ ခက်ခဲကျပ်တည်းတတ်ပါတယ်။ စိတ်ထိခိုက်နာကျင်စရာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲသလို အခက်အခဲ အကျပ်အတည်းမျိုးကို သည်းခံပြီး စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်ဖြတ်ကျော်မှုမျိုးသာ မလုပ်ကြရင် အတွေးအခေါ်မှားတွေဟာ ကာလရှည်ကြာ သရဖူဆောင်းသွားကြမှာပါ။ ဒီနေ့အချိန်အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်ယီ အလုပ်သမားအရေး ဥပေက္ခာပြုမှု၊ ရွေးကောက်ကိုယ်စားလှယ် ရွေးချယ်ရာမှာ ဒီမိုကရေစီနည်းမကျတဲ့ ဆောင်ရွက်ချက်တွေ၊ ကိုယ်စားလှယ်ကောင်းတာ မကောင်းတာ အရေးမကြီးပါဘူး ... ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက ဟုတ်မဟုတ်ပဲ အရေးကြီးပါတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို လက်ညှိုးထောင် ခေါင်းညိတ်တွေချည်းပဲ ရွေးချယ်ခဲ့တာတွေ၊ ပါတီပြန်လည်ဖွဲ့စည်းရာမှာ အပြိုင်မထားတဲ့ (ဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့) အာဏာရှင်စနစ်ဆီ ဦးတည်သွားနိုင်တဲ့ ဖွဲ့စည်းပုံ ပုံဖော်မှုတွေ၊ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးကိစ္စကို အစိုးရဘက်က ကြားဝင်ပေးဖို့ မတောင်းဆိုလို့ ဘာမှ လုပ်လို့မရပါဘူးဆိုပြီး လက်ပိုက်ကြည့်နေတာတွေ၊ အစိုးရ အလိုတော်ရိ ကရင်သစ္စာဖောက် ဗိုလ်ထိန်မောင်အဖွဲ့နဲ့ကျမှပဲ တိုင်းရင်းသားတွေကို အလွန်ချစ်တဲ့ပုံနဲ့ အတင်းဖက်ပြနေတာတွေ၊ လူထုတရပ်လုံးရဲ့ အကြီးအကျယ် ထောက်ခံမှုရနေပါရက်နဲ့ မဲထည့်ရမယ်နော် ဆိုတာထက် ဘာတခုမှ ပိုပြီး စည်းရုံးလမ်းညွှန်မှု မပြုလုပ်တာတွေနဲ့ ပတ်သက်ပြီး ဘဝင်မကျသူတွေ တော်တော်များများ ရှိနေကြမယ်ထင်ပါတယ်။ ကိုယ်ဘက်မှာ လူနည်းစုဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ထုတ်မပြောသူတွေလည်း အများအပြား ရှိနိုင်ပါတယ်။ ဘဝင်မကျရင် ဘဝင်မကျကြောင်း ထုတ်ဖော်ပြောဆိုကြဖို့သင့်ပါပြီ။ ဒီအခြေအနေကို ဒီအတိုင်း ဆက်လွှတ်ထားရင် ဗိုလ်သိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာအချင်းချင်း သွေးစည်းညီညွတ်ရေးလုပ်သွားပြီး တိုင်းရင်းသားတွေကို ဥပေက္ခာပြုထားတယ်၊ ချောင်ထိုးထားတယ်လို့ တိုင်းရင်းသားတွေက တနေ့မှာ ထင်မြင်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျ ဥပေးမယ့် ငန်းမကြီးပမာ တယုတယ မွေးမြူထားချင်လာပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ထဘီကို အလံထူ၊ နိုင်ငံတကာကို ချော့မြူပြီး ပြည်သူကို ဖိနှိပ်၊ ဒေါ်စုက ရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။ စစ်အစိုးရအကြိုက် ဖြစ်မှာစိုးလို့ ဒေါ်အောင်ဆန်းစုကြည်ကို မပြောမဆို မဝေမဖန်ဘဲထားရင် အခြေအနေဟာ ဒီမိုကရေစီပန်းတိုင်နဲ့ တနေ့တခြား ပိုပြီး ဝေးကွာလာနိုင်ပါတယ်။ ဒါ့ကြောင့် တာဝန်သိသိနဲ့ ဝေဖန်အကြံပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဟာလည်း သမိုင်းပေးတာဝန်တရပ် ဖြစ်ပါတယ်။ ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)