Monday, February 20, 2012

ကျွန်နော် အစွန်းရောက်နေပါသလား

ဗမာလူမျိုးတွေ စိတ်သဘောကောင်းတယ်၊ ဖော်ရွေတယ်၊ ကူညီတတ်တယ်ဆိုတာ ကျနော့်ကိုယ်တွေ့ပါ။ လက်ခံပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ ကျနော်တင်တဲ့ ပို့စ်တွေ၊ သတင်းတွေကြောင့် ကျနော့်ကို တလွှဲမြင်ကြမယ့် သူငယ်ချင်းတွေ(ရှိခဲ့ရင်ပေါ့လေ)ကိုလည်း အစိုးရရဲ့ အလုပ်မဖြစ်တဲ့ မူဝါဒကို ဝေဖန်ခြင်း၊ ထောက်ပြခြင်းသာဖြစ်ကြောင်း နားလည်စေလိုပါတယ်။ Online မှာတော့ ရေးလိုက်တဲ့ လူမျိုးရေး၊ လူချင်းတွေ့တော့ သူမဟုတ်သလိုလို့ ပြောမယ့်သူတွေရှိခဲ့ရင်လည်း နားလည်နိုင်ကြပါစေ။ ကချင်တစ်ယောက်ရဲ့အမြင်ကို ကချင် သဘောထားနဲ့ ထင်ဟပ်ဖော်ပြခြင်းသာ ဖြစ်ကြောင်းပါ။
 အစိုးရက ကချင်တွေကို စစ်ဆင်ရေးလုပ်တာပဲ၊ ဗမာလူမျိုးတွေ ကချင်တွေကို သွားတိုက်နေတာမှ မဟုတ်တာလို့ ဖြေကောင်း ဖြေပါလိမ့်မယ်.. ကချင်လူမျိုးတွေကို တိုက်နေတာမှ မဟုတ်တာ။ ကချင်သူပုန် ကေအိုင်အို/ကေအိုင်အေကို တိုက်နေတာပါလို့ ပြောကောင်းပြောပါလိမ့်မယ်။ ဟုတ်ကဲ့ပါ အတိုင်းအတာတစ်ခုထိ မှန်ပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ဖွဲ့စည်းပုံ အဆင့်ဆင့်မှာ တာဝန်ရယူထားကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအားလုံးနီးပါးဟာ ဗမာလူမျိုးတွေ ဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။
ဒီလိုပဲ ကချင်လွတ်မြောက်ရေးအစိုးရ/တပ်မတော်မှ အမှုထမ်းတွေ အများစုဟာလဲ ကချင်မျိုးနွယ်စုဝင်တွေပါ .. ဒီတော့ ဗမာစစ်တပ်က ကချင်နယ်မြေကို ကျူးကျော်စစ်ဆင်လို့ ကချင်စစ်တပ်က တွန်းလှန် တိုက်ခိုက်ရတယ်လို့ပဲ ယေဘုယျ မှတ်ယူရမှာပါ.. တိုင်းတပါးသားတွေ ကျူးကျော်တိုက်ခိုက်လို့ ပြန်လည်ခုခံနေရတဲ့ အနေအထားပါ .. နောက်တစ်ချက်က ကေအိုင်အေကို
စစ်ဆင်ရေးလုပ်တယ်ဆိုရင် ကေအိုင်အေစခန်းတွေ၊ ကေအိုင်အေစစ်သားတွေကိုပဲ တိုက်ပါလားဗျာ။ ဘာလို့ အရပ်သားတွေနဲ့ အရပ်ဘက် အဆောက်အဦတွေကိုပစ်မှတ်ထားရတာလဲ။ ကချင်တွေကို မျိုးဖြုတ် သတ်ဖြတ်ချင်လို့လား။ အစိုးရတပ်တွေလုပ်တာ တို့ဗမာတွေနဲ့ ဘာဆိုင်လို့တုန်းလို့ ထပ်မေးပါလိမ့်မယ်.. ကျနော် ဥပမာ တစ်ခုပေးပါရစေ။ ဆိုပါတော့ယိုးဒယားစစ်တပ်က ရန်ကုန်မြို့ကို သိမ်းဖို့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်စစ်ဆင်နေတယ်ဆိုပါစို့။ ဘယ်ဗမာ မဆို ဒီယိုးဒယားတွေ ငါတို့ကို ကျူးကျော်စော် ကားနေတယ်လို့ပဲ ယေဘုယျတွေးကြမှာပဲ မဟုတ်လား။ တလောကမှ ဖြစ်သွားတဲ့ ဗမာအမျိုးသမီး တစ်ယောက်ကို ဂျပန်တစ်ယောက်ပါးရိုက်တဲ့ ဖြစ်စဉ်ကိုပဲ ကြည့်ပါလား။ ဂျပန်စော်ကား သွားတယ်လို့ပဲ မြင်ကြတာပဲမဟုတ်လား။ ကျနော် ဗမာမုန်းတီးလို့ ဒီလိုပြောနေတာ မဟုတ်ဘူးနော်.. ကချင်လူမျိုးတစ်ယောက်ရဲ့ ခံစားချက်ကို ကချင်အမြင်ဘက် (from a Kachin’s point of view or perspective) ကနေနဲ့ ထုတ်ဖော်ပြနေတာပါ.. စစ်ပွဲမှာ သေဆုံးသွားတဲ့ ဗမာစစ်သည်တစ်ယောက်ရဲ့ မိသားစုဝင်တွေလဲ ငါ့သား၊ ငါ့ခင်ပွန်း၊ ငါ့အဖေကို ကချင်သတ်သွားတယ်လို့ပဲ မြင်မှာပဲလေ.. ဒီတော့ဆိုလိုရင်းက ကျနော်တို့ ကချင်တွေကို ဗမာတွေတိုက်နေတယ်လို့ ယေဘုယျသတ်မှတ်မယ်ဆိုရင် လွန်မယ်မထင်ဘူးလို့ ပြောချင်တာပါ။ မင်းဒီလောက်တောင် ဦးနှောက်မရှိဘူးလား၊ ဒါလေးတောင် ခွဲခွဲခြားခြားမမြင်နိုင်အောင်အမုန်းတွေလွှမ်းမိုးနေပြီလားလို့ မေးစရာဖြစ်လာပါလိမ့်မယ်။ သြော် ပြောပြီးပါပကောကျနော် ဘယ်ဗမာကိုမှ မမုန်းပါဘူးလို့။ ဒီကနေ့ ဖြစ်နေတဲ့ စစ်ပွဲကိုလဲခွဲခွဲခြားခြားမြင်ပါတယ်။ ဒါပေမယ့် ကချင်လူမျိုးတစ်ယောက်ဖြစ်နေတဲ့ အတွက် ကချင်သဘောထားအမြင်(View)၊ ကချင်ရပ်တည်ချက်(Stand)၊ ကချင်မူဝါဒ(Policy)တွေကိုပဲ ထောက်ခံရမယ်၊ ကိုင်စွဲထားရမယ် ဆိုတာကိုတော့ နားလည်ပေးစေချင်ပါတယ်။ နှစ်ခြင်းခရစ်ယာန်အခြေခံစည်းမျဉ်း (Basic Baptist Christian Distinctives) တွေထဲက ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားရမယ် (Separation of the Church and the State) ဆိုတဲ့အချက်ကိုအခြေပြုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention) တောင်မှ ဒီကျူးကျော်စစ်မှာတော့ ကြားနေလို့မဖြစ်တော့ဘူးဆိုတဲ့ မူဝါဒကို ပြောင်းလဲလာတဲ့ အချိန်မှာ ကချင်တစ်ယောက်ဖြစ်တဲ့ ကျနော်သည်လည်းပဲ ကချင်ပြောတဲ့စကားကိုပဲ ပြောမှာပါ.. ကချင်အမြင်ကိုပဲ မြင်မှာပါ.. ဆရာတော်ကြီးတွေအပါအ၀င် ကချင်တွေအားလုံး သဘောထားတစ်ခုထဲ ရှိနေတဲ့ အချိန်မှာ ကျနော်က ဘာကောင်မို့လို့ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို သစ္စာဖောက်တဲ့ အမြင်မျိုးရှိရမှာလဲဗျာ။ ဟုတ်တယ်မလား။ နောက်တစ်ချက်က ကချင်လွတ်မြောက်ရေးအစိုးရ/အဖွဲ့ (ကချင်တွေက အစိုးရ လို့ပဲသုံးနှုန်းပါတယ်) ရဲ့ နိုင်ငံရေးမူဝါဒပါ.. အန်တီစု ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေ ယခင်စစ်အစိုးရလက်ထက်မှာ ထိပ်တိုက်ရင်ဆိုင်ရေးမူဝါဒ ကိုင်စွဲထားဆဲကာလကတည်းက ကေအိုင်အိုက စစ်အစိုးရနဲ့ အပစ်ရပ်စဲကာ အမျိုးသားညီလာခံကို အင်တိုက်အားတိုက်(လေ့လာသူ အဆင့်တောင် မဟုတ်ဘူးနော်) တက်ရောက်ဆွေးနွေး အကြံပြုခဲ့ကြပါတယ်။