ဒီတစ်ခေါက်ပြန်ဖြစ်တဲ့ စစ်ကို ကျနော်တို့ ဗဟိုက ဘယ်လိုသဘောထားသလဲဆိုတော့ လွန်ခဲ့တဲ့ (၁၇)နှစ်တာကာလပတ်လုံးလည်း အပစ်ရပ်ခဲ့ကြပြီးပြီ၊ ဘာနိုင်ငံရေးအဖြေမှလည်း ပေါ်ပေါက်လာခြင်း မရှိဘူး။ နိုင်ငံရေးဆွေးနွေးပြောဆိုခြင်းလည်း မရှိခဲ့ဘူး။ အမျိုးသားညီလာခံကို တက်ရောက်ပြီး ဆွေးနွေးခဲ့သော်လည်းပဲ၊ ရေးသားတင်ပြခဲ့သော်လည်းပဲ အရာမထင်ခဲ့ဘူး။ နယ်ခြားစောင့်တပ်အရေးတုန်းကလည်း ပင်လုံကတိက၀တ်အတိုင်းသာ ရှေ့ဆက်မယ်ဆိုရင် ကျနော်တို့ ကချင်တွေ လုံးဝလက်နက်စွန့်ပါမယ် လို့လဲ ကမ်းလှမ်းခဲ့ပြီးပြီ။
“ ဒါကြောင့်မို့လို့ ဒီတစ်ခေါက်တော့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးတံခါးမဖွင့်နိုင်သ၍၊ တိုင်းပြည်နဲ့လူမျိုးအတွက် အလင်းတံခါးကို မဖွင့်နိုင်သ၍ ကျနော်တို့ဘက်က အပစ်မရပ်တော့ပါဘူး … ရရာလက်နက်၊ ရှိသမျှ လက်နက်နဲ့ ကြိုးစားအားထုတ်ကြဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်… ”
တရုတ်လည်း ကျနော်တို့ကို ကူမှာ မဟုတ်ပါဘူး။ အိန္ဒိယလည်း အကူအညီပေးမှာ မဟုတ်ပါဘူး။ အမေရိကန်လည်း ကူညီမှာ မဟုတ်ဘူး။ ဘယ်သူကမှ ကူညီမှာ မဟုတ်သော်လည်းပဲ ကျနော်တို့ကို အမှန်တကယ် အကူအညီပေးမယ့်သူရှိပါတယ်။ တရုတ်ပြည်ကို ဖန်ဆင်းထားသလို၊ အမေရိကန်တွေကို ဖန်ဆင်းထားသလို ကျနော်တို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးကိုလည်း ဘုရားသခင်က ဖန်ဆင်းထားတာပါ။ ဒီအရာအကုန်လုံးကို ပိုင်သအုပ်စိုးတာ ဘုရားသခင်ပါပဲ။ ဒါ့ကြောင့်မို့လို့ ဘုရားသခင်ကို ကိုးစားခြင်းအားဖြင့် ကျနော်တို့ရဲ့ တရားမျှတတဲ့ စစ်၊ ရှောင်လွှဲလို့ မရတော့တဲ့ စစ်ကို ရင်ဆိုင်ကျော်လွှားကြပါစို့ ဆိုပြီး စစ်ဆင်ရေး စတင်ခွင့်ပြုတဲ့ အမိန့်ကို ဗဟိုကော်မတီရဲ့ သဘောတူဆုံးဖြတ်ချက်အရ ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်မှာပြောခဲ့သလိုပဲ ကချင်ပြည်နဲ့ ကချင်ပြည်သူပြည်သားတွေအတွက် အလင်းတံခါးကို မဖွင့်နိုင်သမျှ ကျနော်တို့ ဒီစစ်ကို မရပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ပြီး၊ ဘုရားသခင်ရဲ့ခွန်အားကို ယုံကြည်ကိုးစားတဲ့စိတ်နဲ့ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဒီကနေ့အထိ ကျနော်တို့တပ်တွေနဲ့ ဗမာအစိုးရတပ်တွေ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးငယ်အရေအတွက်ဟာ ရာဂဏန်းရှိခဲ့ပါပြီ။ သို့သော်လည်းပဲ ဒီကနေ့အထိ ကျနော်တို့ ရဲဘော်တွေ ဗမာကျည်သင့်တယ်ဆိုတာ မရှိသလောက်ပါပဲ။ နောက်ပြီးတော့ ကျနော်တို့တပ်တွေ ရန်သူတက်မလာနိုင်အောင် လမ်းမကြီးတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ ကျနော်တို့ လက်ဦးမှု ရယူလိုက်ပါတယ်။ အဲဒီအခါကြတော့ သူတို့တတွေ အရှက်ကွဲကြပြီ။ သူတို့ရဲ့တပ်တွေ အင်မတန် စွမ်းဆောင်နိုင်မယ်လို့ ထင်ခဲ့ကြတာပါ။ အမှန်အကယ်တော့ သူတို့တပ်တွေ ဘာမှ မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့တယ်။
“ ကိုးကန့်တုန်းကတော့ (၃)ရက်နဲ့ ရှင်းပစ်လိုက်တယ် … ဒီကချင်တွေကိုတော့ (၁၀)ရက် မကြာဘူး … သီတင်းတစ်ပါတ်ထဲနဲ့ ရှင်းပစ်လိုက်မယ်” ဆိုပြီး တရုတ်ဘေကျင်းကို နေပြည်တော်အဖွဲ့က သွားပြောကြတယ်။ တရုတ်ကလည်း ဒါကို ယုံတယ်။ ဒီအကြောင်းအရာတွေကို အခုရက်ပိုင်းကမှ တရုတ်တွေ ကျနော်တို့ကို ပြန်ပြောပြကြတယ်။ ကျနော်တို့ကို အင်မတန် အထင်အမြင်သေးခဲ့ကြတဲ့ အကြောင်း ပြန်ပြောပြကြတယ်။ ကြည့်ရတာ သူတို့ပြောတဲ့အတိုင်း ဖြစ်ခဲ့ပုံမပေါ်ဘူး။ ကျနော်တို့ကို အရမ်းအထင်သေးခဲ့ကြတယ်။ ကျနော်တို့ကို ဘယ်သူကမှ မကူသော်လည်းပဲ အမှန်တကယ် ကူညီတဲ့သူ ရှိတယ်။ ကျနော်တို့က ဖန်ဆင်းရှင် (Hpan Wa Ningsang, Chye Wa Ningchyang) ကို ရှေးပဝေသဏီကတည်းက ယုံကြည်ကိုးစားခဲ့သလို ဒီကနေ့မှာလည်း ဒီဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို ကိုးစားဆည်းကပ်နေဆဲ ဖြစ်တယ်။ ဘုရားသခင်ကူညီရင် ကျနော်တို့ကို ဘာမှ မထိခိုက်နိုင်ပါဘူး။
ဒီလိုပဲ သူတို့တတွေ အရှက်တကွဲ၊ အကျိုးနည်းတွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ကို ကမ်းလှမ်းလာတယ်။ အပစ်အခတ် ရပ်ကြပါစို့ တဲ့။ ဗိုလ်မှူးကြီးသန်းအောင်ဆိုတဲ့ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဦးဆောင်ပြီး လာရောက်ဆွေးနွေးကမ်းလှမ်းလာခဲ့ကြပါတယ်။ “အပစ်ရပ်ကြပါစို့ .. ကျနော်တို့တတွေဟာ ညီရင်းအစ်ကို တွေပါပဲ .. အမြန်အပစ်ရပ်ကြပါစို့ … စာချုပ်တောင် မလိုပါဘူး …” တဲ့။ အင်မတန်ကို ခင်မင်ရင်းနှီးတဲ့ မိတ်ဟောင်းဆွေဟောင်းတွေလိုလို၊ မိခင်နို့တစ်ခုတည်း ပေါင်းစို့ခဲ့တဲ့ မွေးချင်းပေါက်ဖော်တွေလိုလို ပြောလာတယ်။
လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်တုန်းက ဗိုလ်ချုပ်အေးကျော်၊ ဗိုလ်ချုပ်စောလွင်၊ ဗိုလ်ချုပ်ကျော်သိန်း စတဲ့ ဗိုလ်ချုပ်တွေမြောက်များစွာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကျနော်တို့ ကေအိုင်အိုဘက်ကလည်း ဥက္ကဌကြီးနဲ့ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင်တွေဖြစ်ကြတဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာဆဘွဲဂျွမ်၊ ဦးခွန်မြတ်၊ ဒူဝါလ၀မ်တို့လို အတွေ့အကြုံရင့်ကျက်တဲ့ လူကြီးတွေ လက်မှတ်ရေးထိုး သက်သေပြုခဲ့ကြတယ်။ အဲဒီလို အခိုင်အမာပြုခဲ့တဲ့ စာချုပ်တောင်မှ နောက်ဆုံးမှာတော့ အလကားဖြစ်သွားပါတယ်။ သူတို့ကြိုက်သလို လုပ်ချင်သလိုပဲ လုပ်ခဲ့ကြတယ်။ ဒီလို အခိုင်အမာလုပ်ခဲ့တဲ့ ကိစ္စတောင် အရာမ၀င်ဖြစ်သွားခဲ့ရတာ၊ အခုလို ဗိုလ်မှူးကြီးအဆင့်လူပုဂ္ဂိုလ်တစ်ယောက် ဆွေးနွေးအဖြေရှာမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်တော့ ခိုင်လုံတဲ့ ကတိက၀တ်၊ ခိုင်မာတဲ့ သက်သေနဲ့မှ လုပ်တော့မယ်လို့ ပြောလိုက်ပါတယ်။ ကတိတည်ဖို့လိုသလို၊ သက်သေခိုင်မာစေဖို့ရန်အတွက် တရုတ်၊ ဒါမှမဟုတ် ကုလသမ္မဂကို အသိသက်သေလုပ်ပေးနိုင်စေဖို့ ကျနော်တို့ လိုလားပါတယ်။ အဲဒီအခါကြတော့ သက်သေလုပ်ဖို့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ကို အဆိုပြုကြတယ်။ ဘယ်လိုလို့ ဒီလူတွေက သက်သေဖြစ်မှာလဲ။ ဗမာနဲ့ အပစ်အခတ်ရပ်စဲရေး ကတိက၀တ်ပြုမယ့် ကိစ္စမှာ ဗမာတွေကပဲ သက်သေပြန်လုပ်မယ်ဆိုတာ အဓိပ္ပါယ် လုံးဝမရှိပါဘူး။ တကယ်လို့သာ အခုလိုမျိုး သူတို့ဘက်က သဘောတူညီမှု ပြန်ချိုးဖောက်ခဲ့ရင်ဘယ်သူက သက်သေလုပ်ပေးမှာလဲ။ တဘက်ကလည်း ဗမာအစိုးရ၊ သက်သေကတည်း ဗမာကိုယ်စားလှယ်ဆိုတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုံးဝ အဓိပ္ပါယ်မရှိတဲ့ ကိစ္စပဲ။ ကျနော်တို့ လုံးဝ ငြင်းပစ်လိုက်တယ်။
ကျနော်တို့ ကချင်လွတ်လပ်ရေးအဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဆိုတဲ့ မဟာအမှားကြီးကို ပြုခဲ့မိလို့ လွန်ခဲ့တဲ့ (၁၇)နှစ်တာ ကာလပတ်လုံး နိုင်ငံရေးစကားပြောလို့ မရခဲ့ဘူး။ ဒါ့ကြောင့် ဒီတခေါက် ကျနော်တို့ကို သူတို့ဘက်က ကမ်းလှမ်းလာတဲ့အခါ ကျနော်တို့ဘယ်လို အကြောင်းပြန်လိုက်သလဲဆိုတော့
“(အပစ်အခတ်ရပ်စဲပြီးနောက်) စေ့စပ်ဆွေးနွေးမယ့် နိုင်ငံရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို သိချင်တယ် …”
ဒီနိုင်ငံရေးဆွေးနွေးမှု Road Map ကို ကျနော်တို့ သိချင်တယ်။ ဘယ်လို နိုင်ငံရေးဆွေးနွေးမှုတွေ ရှိလာမလဲဆိုတာ ကျနော်တို့ မေးမြန်းခဲ့ပါတယ်။ ကျနော်တို့ ထင်မှတ်ထားတဲ့ အတိုင်းကွက်တိပါပဲ။ ဒီ ဗမာအစိုးရက ကျနော်တို့ကို နာဂစ်အခြေခံဥပဒေဘောင်အတွင်းကို ဆွဲသွင်းပစ်လိုက်မယ့် သဘောရှိပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ကျနော်တို့ ဘိုးဘွားတွေအစပြုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်စေချင်တာပါ။
နိုင်ငံရေးဆွေးနွေးမယ် ဆိုတာကိုလည်း အစပိုင်းက သူတို့တစ်တွေ လက်ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။ ပြောရင်းဆိုရင်းနဲ့မှ တဖြည်းဖြည်း လက်ခံလာကြတာပါ။
သူတို့နဲ့ ဆွေးနွေးပွဲတွေ အစပိုင်းမှာ ဘယ်လိုဖြစ်ခဲ့သလဲဆိုတော့ ကြံ့ဖွံ့ပါတီကလည်းဖြစ်၊ မြစ်ကြီးနားနယ်ရဲ့ လွှတ်တော်အမတ်လည်းဖြစ်တဲ့ (ဗိုလ်မှူးချုပ်)သိန်းဇော်က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အတွက်၊ ကိုယ့်အမျိုးသားချင်း စစ်မက်ဖြစ်ပွားတာကို ခရီးကြုံတုန်း အခိုက်အတန့်မှာ ၀င်ကူညီစေ့စပ်ပေးချင်တယ် ဆိုပြီး ပြောလာတယ်။ ဒီလိုဆိုတော့ နေပြည်တော်က ခိုင်းလိုက်တာ မဟုတ်ပဲနဲ့တော့ ကျနော်တို့ ဘယ်လိုလက်ခံရမှာလဲ။ ပြည်နယ်အဆင့်ပုဂ္ဂိုလ်တွေ ဘာမှ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာ ကျနော်တို့ သိနေတာပဲ။ ကျနော်တို့နဲ့ အပစ်ရပ်စဲရေးဆွေးနွေးဖို့ သူ့ကို ဘယ်သူခိုင်းလိုက်သလဲ၊ နေပြည်တော်က စေခိုင်းလိုက်တာလားလို့ မေးတော့လဲ ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ တယ်လီဖုန်းနဲ့ ပြောပြီးပါပြီ လို့ ပြောတယ်။ သိန်းစိန်နဲ့ တယ်လီဖုန်းပြောပြီးပြီလို့ ပြောပေမယ့် သက်သေသာဓကမရှိပဲ ကျနော်တို့က ဘယ်လို လက်ခံရမှာလဲ။ ကျနော်တို့ ကေအိုင်အိုနဲ့ စေ့စပ်ဆွေးနွေးဖို့ ခန့်အပ်စေလွှတ်လိုက်ကြောင်း စာနဲ့ ပေနဲ့ မလုပ်ရင်တော့ ဘယ်လိုလုပ် ယုံကြည်လို့ ရမှာလဲ။ တရားဝင် ခိုင်လုံတဲ့ သက်သေအထောက်အထားပြပါ ဆိုတော့လဲ မပြနိုင်ဘူး။
အဲဒီနောက်မှာတော့ လဂျားယန်မှာ ပြည်နယ်ကိုယ်စားလှယ်အဖွဲ့နဲ့ ပထမအကြိမ် တွေ့ဆုံခဲ့ကြတယ်။ သူတို့ဘက်က ဘာပြောလာသလဲဆိုတော့ “ဇွန်လ (၁၈) ရက်မှ စတင်ကာ ကေအိုင်အေဘက်မှ စတင်ပစ်ခတ်ခြင်းမရှိလျှင် မိမိဘက်မှ ပစ်ခတ်ခြင်း မပြုရန် ညွှန်ကြားထားပြီးပါပြီ” လို့ ပြောလာတယ်။ ကောင်းပြီ။ အထောက်အထားပြပါ ဆိုတော့ မပြနိုင်ဘူး။ မပြနိုင်ဘူးဆိုရင်တော့ ကျနော်တို့ ဘယ်လို ယုံကြည်လို့ရမှာလဲ။ အပစ်အခတ်ရပ်ဖို့က နှစ်ဦးနှစ်ဘက် ကျေနပ်သဘောတူမှ ဖြစ်မှာကိုး။ သူတို့ရဲ့ အထောက်အထားကို မပြနိုင်ပဲနဲ့ ဘယ်လိုလုပ် ရှေ့ဆက်လို့ ရမှာလဲ။ မအူမလည်နဲ့ လာလှည့်ဖြားခဲ့ကြတယ်။ အပစ်ရပ်တယ်ဆိုတာ နှစ်ဦးနှစ်ဘက် ကျေနပ်သဘောတူရုံသာမက အသိသက်သေတွေအနေနဲ့လည်း ခိုင်ခိုင်မာမာ ဖြစ်ဖို့လိုပါတယ်။ သူတို့ဘက်က ကလိန်ကကျစ်လုပ်ကြည့်တာ မဟန်ခါကျတော့ နိုင်ငံရေးဆွေးနွေးမှုတွေလည်း ရှိလာမှာပါလို့ ပြောလာပြန်တယ်။ အပစ်အခတ်အရင်ရပ်ပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးကြတာပေါ့တဲ့။ ဖြစ်ပြန်ရော။ ဒီမှာ တစ်ခု သဘောပေါက်ဖို့လိုတာက သူတို့တတွေက အပစ်အခတ်ရပ်စဲထားတာကို ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ဖွင့်ကြတယ်။ ကျနော်တို့ အတွက်တော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ညီတူညီမျှဖြစ်မှုသည်သာလျှင် ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ဒီနိုင်ငံရေးအခွင့်အရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှသာလျှင် ငြိမ်းချမ်းရေးကို ရရှိမှာ ဖြစ်ပါတယ်။ သူတို့တတွေ ကြိုက်သလို ချယ်လှယ်စိုးမိုးနေပြီးတော့ ကျနော်တို့ကိုတော့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ထားမယ်ဆိုရင် ဘယ်လိုလုပ် တရားမျှတတော့မှာလဲ။ သေနတ်ကိုင်ထားပြီး ခေတ္တခဏ အပစ်ရပ်နေတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ Ceasefire နဲ့ Peace ဆိုတာ တခြားစီပါ။ ဒါကိုကျနော်တို့ ကောင်းကောင်းနားလည်ထားကြဖို့ လိုတယ်။ လွန်ခဲ့တဲ့အချိန်ကာလတွေတုန်းက ဒီစကားရပ်နှစ်ခုကြားမှာ ကျနော်တို့ လမ်းပျောက်ခဲ့ကြတာပါ။ Ceasefire ဆိုတဲ့ အပစ်အခတ်ရပ်စဲခြင်း နဲ့ Peace ဆိုတဲ့ ငြိမ်းချမ်းရေးဟာ တခြားစီပါ။ သူတို့တတွေက အပစ်ရပ်ပြီးတဲ့ နောက် ပစ်တာခတ်တာမရှိတော့ဘူးဆိုတော့ လမ်းတွေဖောက်ကာ သွားချင်သလိုသွား၊ လုပ်ချင်တာတွေ လုပ်ခွင့်ရသွားပြီ။ တရုတ်လုပ်ငန်းရှင်တွေ၊ အခြားနိုင်ငံခြားသားလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတော်အဆင့်က ချုပ်ဆိုထားတဲ့ စီပွားရေးသဘောတူစာချုပ်တွေ အကောင်အထည်ဖော်လို့ ရသွားပြီ။ တပ်မတော် မရောက်တဲ့နေရာ မရှိစေရဆိုပြီး နေရာတကာ လိုက်ရှုတ်ပြန်။ ကျနော်တို့မှာတော့ အကန့်အသတ်တွေနဲ့ ဘာမှ လုပ်လို့မရ၊ ကိုင်လို့မရ။ အဲဒါကိုပဲ သူတို့က ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ဖွင့်ကြတယ်။ သေနတ်သံတွေလဲ မရှိတော့ဘူး၊ ပြည်သူလူထုတွေလည်း အေးအေးချမ်းချမ်း လုံလုံခြုံခြုံ ဘေးမသီ ရန်မခ သွားလာနိုင်ကြပြီ ဆိုပြီးတော့ ငြိမ်းချမ်းနေပါပြီလို့ ပြောကြတယ်။ ယာယီအပစ်အခတ်ရပ်ထားတာကိုပဲ ငြိမ်းချမ်းရေးလို့ လိမ်လည်လှည့်ဖျား ပြောဆိုခဲ့ကြပါတယ်။
BGF အရေးတုန်းကလည်း ကျနော်တို့ ဥက္ကဌကြီးကိုယ်တိုင် တက်ရောက်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုမှာ ဗိုလ်ချုပ်ရဲမြင့်က ဘာပြောသလဲဆိုတော့ “ငြိမ်းချမ်းရေးယူတယ်ဆိုတာ ယာယီလက်နက်ကိုင်ဆောင်ခွင့် ပြုထားတာဖြစ်တယ် … ထာဝရငြိမ်းချမ်းရေးယူမယ်ဆိုရင်တော့ လက်နက်အပြီးအပိုင် စွန့်ရမှာဖြစ်တယ် … သို့မဟုတ် နယ်ခြားစောင့်တပ် လက်ခံရမှာ ဖြစ်တယ် …” လို့ ပြောခဲ့ပါတယ်။ ကဲ ဒါသူတို့ရဲ့ ငြိမ်းချမ်းရေး အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်တယ်။ လက်နက်အပြီးအပိုင်စွန့်ခြင်းကို ထာဝရငြိမ်းချမ်းရေးလို့ ဖွင့်ဆိုနေကြတာ ဖြစ်တယ်။
အခုလည်းပဲ ဒီ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးလာပြန်ပြီ။ ဒါကို မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူတချို့က သဘောမပေါက်ကြတဲ့အတွက် “အစိုးရကတော့ နိုင်ငံရေးဆွေးနွေးဖို့၊ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ပြောနေပြီ … အစိုးရက သဘောထားကြီးစွာနဲ့ ကမ်းလှမ်းနေပြီ … ကေအိုင်အိုက ဘာဖြစ်နေတာလဲ …” ဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။ ကျနော်တို့ ကေအိုင်အို/ကေအိုင်အေကပဲ စစ်အရမ်း တိုက်ချင်နေသလိုလို၊ စဉ်းစားတွေးတောမှု မရှိပဲ သေနတ်ပဲ ဖောက်ချင်လွန်းလို့ ဖောက်နေသလိုလို ထင်မြင်ပြောဆိုလာကြပါတယ်။ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ မိဘပြည်သူအချို့က နားလည်မှုလွှဲနေကြတာပါ။ အပစ်ရပ်ထားတာကို ငြိမ်းချမ်းရေးလို့ ခေါ်နေကြတာပါ။ ထာဝရငြိမ်းချမ်းရေးဆိုတာဟာလဲ ကျနော်တို့ရဲ့ တပ်နဲ့လက်နက်တွေကို ပေးလိုက်ရမယ့် အပြီးအပိုင် လက်နက်စွန့်ခြင်း၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းကို ပြောနေကြတာ ဖြစ်တယ်ဆိုတာ သိရှိနားလည်ထားဖို့ လိုပါတယ်။ ဒီလိုကိစ္စမျိုး ကျနော်တို့က လုပ်စရာလား။ ဒါဟာ သက်သက် စော်ကားတာပဲ။
“ဗမာပါးစပ်က ထွက်တဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ခင်ဗျားတို့၊ ကျနော်တို့ လွယ်ထားတဲ့ သေနတ်ကို အပ်ပစ်လိုက်ခြင်း ဖြစ်တယ်ဆိုတာ နားလည်ထားကြပါ …
နည်းလည်ကြရဲ့လား …”
““နားလည်ပါတယ် ……………………….””
လွန်ခဲ့တဲ့(၁၇)နှစ်တာကာလ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဟာ ကျနော်တို့ အတွက် ဘာဆိုဘာမှ အကျိုးမရှိတဲ့ ကိစ္စဖြစ်တယ်။ သူတို့တတွေကပဲ မှန်တယ်၊ သူတို့တတွေကပဲ ကောင်းတယ်ဆိုတဲ့ အချိုးနဲ့ ကျနော်တို့ကိုတော့ အဘက်ဘက်က ချုပ်ချယ်တယ်။ နိုင်ငံရေးဆွေးနွေးစကားပြောဖို့လည်း မလုပ်ဘူး။ ပြောခဲ့တဲ့အတိုင်း BGF ကိစ္စကျော်လွန်သွားတဲ့နောက်တော့ လက်နက်ချပါလို့ ပြောလာတယ်။ ကျနော်တို့ဘက်က မချနိုင်ဘူးဆိုတော့ သောင်းကျန်းသူလို့ ပြန်သတ်မှတ်လိုက်ကြတယ်။ ဒီလို သောင်းကျန်းသူလို့ ပြောဆိုလိုက်ပြီးတဲ့နောက်ပိုင်း ကျနော်တို့ကို တိုက်ဖို့ပဲရှိတော့တာပေါ့။ အဲဒီနောက်တော့ ကျနော်တို့ကို နည်းလမ်းအမျိုးမျိုးနဲ့ ရန်စသလို၊ ပြဿနာရှာသလို ကိစ္စတွေ လုပ်လာတယ်။ တပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ ကျနော်တို့ကို ရန်စလာကြတယ်။ တပ်ရင်း(၅) နယ်မြေဘက်မှာ ဘာဖြစ်လာသလဲဆိုတော့ ဆင်ဘို-ကျောက်ကြီး မဟာဗျူဟာလမ်းဖောက်ဖို့ ပြောလာတယ်။ ခရိုင်ချင်းဆက်လမ်းဖောက်မယ်လို့ ပြောလာတယ်။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ခရိုင်ချင်းပဲ ဆက်ဆက်၊ ဘာပဲ ဆက်ဆက် ကျုပ်တို့နဲ့ မဆိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ကျနော်တို့ နယ်နိမိတ်ထဲ ၀င်လာမယ့်ကိစ္စ။ ကျနော်တို့ကို သောင်းကျန်းသူလို့ သမုတ်လိုက်ပြီးနောက်ပိုင်း ပြောလာတဲ့ကိစ္စပါ။ အရင်လိုပဲ ထပ်ခါထပ်ခါ ပြောလာကြတယ်။ သေနတ်ဖောက်လို့ရတဲ့ အချိန်လဲမဟုတ်တဲ့အခါကြတော့ ကောင်းပြီဆိုပြီး သူတို့တပ်တွေကို ၀င်ခွင့်ပေးလိုက်တယ်။ သူတို့တခြားဘာမှ မလုပ်ပါဘူး၊ လမ်းပဲ ဖောက်မှာပါ၊ လမ်းဖောက်ပြီးတာနဲ့ အကုန်ပြန်ဆုတ်ခွာပါ့မယ်လို့ ပြောခဲ့ကြတယ်။ လိမ်ကြလိမ့်မယ်ဆိုတာတော့ သိနေပြီးသားပါ။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ သူတို့ကို ကျနော်တို့ နယ်မြေထဲ ၀င်ရောက်ခွင့်ပေးလိုက်တယ်။ လမ်းဖောက်ခွင့် ပေးလိုက်တယ်။ လမ်းတော့မဖောက်ဘူး။ သူတို့တပ်တွေ ၀င်ရောက်နေရာယူ တပ်စွဲလာကြတယ်။ စစ်ဆင်ရေးဗျူဟာက G1 ကိုတောင် “ခင်ဗျားတို့ လုပ်နေတာတွေက ခလေးဗျူဟာတွေပဲ” လို့ ကျနော် ပြောလိုက်သေးတယ်။ တပ်ရင်း(၅)ဌာနချုပ်နဲ့ ကပ်ရပ်မှာ ဗမာတပ်ဖွဲ့တစ်ဖွဲ့ တပ်ဝင်စွဲတယ်။ ဆင်ဘိုဘက်က ဘန်ဒန်စခန်းနားမှာလဲ သူတို့တပ်တစ်တပ် ကပ်ရပ်နေရာလာယူတယ်။ နောင်းဂန်ဘက်က ရှေ့တန်းစခန်းတစ်ခုနားမှာလဲ ဗမာတပ်တစ်တပ် အထက်အောက် လာပူးထားတယ်။ ကျနော်တို့ ကချင်တွေလည်း တိုက်ပွဲများစွာ တိုက်လာခဲ့ကြတဲ့ သူတွေပါ။ သူတို့ဘာလုပ်လိမ့်မလဲဆိုတာ ကောင်းကောင်းသိပြီးသားပါ။ အဲဒါကြောင့် “ခင်ဗျားတို့ ဒီလို မလုပ်နဲ့ …”လို့ ကျနော်တို့ သတိပေးတယ်။ မဟုတ်ပါဘူးတဲ့။ လမ်းပဲဖောက်မှာပါလို့ ပြန်ပြောတယ်။ လမ်းဖောက်ဖို့ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိနေတာပဲ။ ဒီကိစ္စမှာလဲ တော်တော့ကို အငြင်းအခုံ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ သတိပေးလိုက်တယ်။ “ခင်ဗျားတို့ မေလ(၂၅)ရက် နောက်ဆုံး မဆုတ်ခွာပေးဘူးဆိုရင် ဖြစ်လာတဲ့ ပြဿနာတွေအကုန်လုံး ခင်ဗျားတို့တာဝန် ဖြစ်လိမ့်မယ်”လို့ သတိပေးလိုက်တယ်။ ဖြစ်လာမယ့် ကိစ္စတွေအတွက် အဘက်ဘက်မှ ကျနော်တို့ စဉ်းစားထားပြီး ဖြစ်တယ်။ အဲဒီလိုပဲ နယ်မြေဒေသအသီးသီးမှာ သူတို့နဲ့ ဆက်ဆံရေးအခြေအနေတွေ မကောင်းတော့ဘူး။ ကျနော်တို့ကိုလည်း အမျိုးမျိုး ရန်စလာတယ်။ တပ်ရင်း(၁၁)ဘက်မှာလည်း ရန်ရှာသလိုကိစ္စတွေ ဖြစ်လာတယ်။ တပ်မဟာ(၁)နယ်မြေဘက်မှာလည်း တရုတ်ရဲ့ လျှပ်စစ်စက်ရုံစီမံကိန်း လုံခြုံရေး အကြောင်းပြကာ ဗမာတပ်အင်အားအလုံးအရင်းဝင်ရောက်ပြီး ပြဿနာရှာလာတယ်။ တပ်ရင်း(၁၀)ဘက်မှာလည်း ဒီလိုကိစ္စတွေ ရှိလာတယ်။ တပ်မဟာ(၃)၊ ရင်း(၂၇)ဘက်မှာလည်း ပြဿနာတွေရှိလာတယ်။ ဒီလိုနဲ့ပဲ ဖြစ်ဖို့အကြောင်းဖန်ပြီး စတင်ဖြစ်ပွားတာကတော့ တရုတ်ကုမ္ပဏီ လျှပ်စစ်ထုတ်ရောင်းစားနေတဲ့ Tahkaw Krung (တာပိန်) ဘက်မှာ စဖြစ်တာပါ။ ဒီကိစ္စ နည်းနည်း ပြောပြချင်တယ်။ ဒီဒေသမှာရှိတဲ့ Sang Gang ရဲ့ အောက်ပိုင်းက သူတို့နယ်မြေပါ။ Sang Gang ရဲ့ အပေါ်ပိုင်း၊မိုင်(၂၀)၀န်းကျင်ကစပြီး ကျနော်တို့ နယ်မြေပါ။
“ဒီရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့ဆိုပြီး လုံခြုံရေးအကြောင်းပြကာ ဗမာတပ်တွေ ကျနော်တို့ နယ်နိမိတ်ထဲ ၀င်ရောက်တပ်စွဲခဲ့ကြတယ် … နှစ်နှစ်၊သုံးနှစ်လောက် စက်ရုံဆောက်ကြတယ် … ကျနော်တို့ ပြဿနာမရှာခဲ့ဘူး … ကျနော်တို့က ပြဿနာအရင်းအမြစ်မဟုတ်ဘူး … စက်ရုံဆောက်ပြီးသွားလို့ သိန်းစိန် ဖွင့်ပွဲလာလုပ်တယ် … စစ်ယူနီဖောင်းဝတ် ၀န်ကြီးချုပ်အနေနဲ့ လာဖွင့်တယ် … ရဟတ်ယာဉ်နဲ့ လာဆင်းကြတယ် … ဒီစက်ရုံလည်ပတ်ပြီး လျှပ်စစ်မီးရောင်းစားကြတာပဲ … ကျနော်တို့ ဘာပြဿနာမှ မရှာခဲ့ဘူး … ဒါပေမယ့် အချိန်တန်လာတဲ့အခါကျတော့ ဗျူဟာမှူးကိုယ်တိုင်ပါဝင်တဲ့ စစ်ကြောင်း အဲဒီစက်ရုံနားမှာရှိတဲ့ တပ်ရင်း(၁၅)ရဲ့ Bum Sen စခန်းဘက်ကို တက်လာတယ် … အဲဒီမတိုင်ခင် ဇွန်လ(၉)ရက် မနက်ပိုင်းမှာ Sang Gang ဆက်ဆံရေးကို ၀င်ရောက်စီးနှင်းပြီး ဒုတပ်ကြပ် ချန်းယိန်းကို ဖမ်းခဲ့ကြတယ် .. အဲဒီနောက်မှာတော့ Bum Sen စခန်းကို စတင်ထိုးစစ်ဆင် ပစ်ခတ်ကြပါတော့တယ်… သူတို့ဘက်က စပစ်လို့ ကျနော်တို့ရဲဘော်တွေ ပြန်လည်ပစ်ခတ်ရာမှ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် … ဒီရေအားလျှပ်စစ်စက်ရုံ မရှိခင်ကတည်းက ဒီနယ်မှာ ကျနော်တို့ရှိတယ် … စက်ရုံဆောက်ပြီးသွားတော့လည်း ကျနော်တို့ ဆက်ရှိနေတယ် … သူတို့ စက်ရုံဆောက်နေစဉ် နှစ်နှစ်သုံးနှစ်အတွင်းမှာလည်း ကျနော်တို့ ပြဿနာရှာခဲ့တာ မဟုတ်ဘူး … စက်ရုံဆောက်ပြီးသွားလို့ ဖွင့်ပွဲလုပ်တော့လည်း ပြဿနာမရှာခဲ့ဘူး … သိန်းစိန် ကိုယ်တိုင် လာရောက်ခဲ့တယ်… သူစီးလာတဲ့ ရဟတ်ယာဉ်ပစ်ချမယ်ဆိုရင် ကျနော်တို့ ပစ်ချလိုက်လို့ ရတာပဲ … သိန်းစိန်ကို ကျနော်တို့ ပစ်ချခဲ့လို့လား … ဒီရေအားလျှပ်စစ်စက်ရုံ လည်ပတ်ပြီး ကနေ့ ပိုက်ဆံရှာစားနေကြတာပဲ …”
ဒါပေမယ့် စိတ်ထားမဖြောင့်တဲ့ ဒီလူတွေက ရေအားလျှပ်စစ်စက်ရုံလုံခြုံရေးဆိုပြီး လိမ်လည်အကြောင်းပြကာ ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်ကာ စတင်လိုက်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်ဟာ သူတို့တတွေပါပဲ။ ကျနော်တို့ သုံးလေးရက်တောင် သည်းခံခဲ့ကြပါသေးတယ်။ တရုတ်ရှေ့မှာ မျက်နှာရဖို့ ကိုးကန့်ကို ချေမှုန်းခဲ့သလို ချေမှုန်းပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဗျူဟာမှူးကိုယ်တိုင်ဦဆောင်တဲ့ တပ်အင်အားအလုံးအရင်းနဲ့ ကျနော်တို့ တပ်ရင်း(၁၅)ရဲ့ Bum Sen စခန်းကို အလွယ်တကူသိမ်းနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ အင်အားအလုံးအရင်းနဲ့ ကျနော်တို့ကို စော်ကားပြခြင်းအားဖြင့် တရုတ်ရှေ့မှာ မျက်နှာရလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒီ ရင်း(၁၅)က မျိုးချစ်စစ်သည်တွေကို ကျနော်တို့ ဂုဏ်ပြုရမယ်။ စံနမူနာထားရမယ်။ အဲဒီစခန်းမှာ စစ်သည် ခြောက်ယောက်၊ ခုနှစ်ယောက်ပဲရှိတာ။ မလျှော့သောဇွဲသတ္တိနဲ့၊ မယိမ်းယိုင်သော စိတ်ဓါတ်နဲ့ ခုခံခဲ့ကြတယ်။ တွန်းလှန်ခဲ့ကြတယ်။ ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်တဲ့ စစ်ကြောင်းမှာ လက်နက်ကြီးမပါပဲတော့ ဘယ်နေလိမ့်မတုန်း။ စဉ်းစားကြည့်ကြပါ။ လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်ခတ်သော်လည်းပဲ ကြံ့ကြံ့ခံ ခုခံခဲ့ကြတယ်။ ရဲရဲဝံ့ဝံ့နဲ့ သုံးလေးရက်လောက် ခုခံခဲ့ကြတယ်။ နောက်ဆုံး အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတယ်ဆိုပေမယ့် အဝေးကြီးကို ဆုတ်ပေးခဲ့တာမဟုတ်ပါဘူး။ လှမ်းပစ်လို့ရတဲ့ အကွာအဝေးလောက်ကိုပဲ ဆုတ်ခဲ့ရတာပါ။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ လွတ်လပ်ရေးရဲဘော်ပီသခဲ့ကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ဂုဏ်ကိုလည်း ဆောင်ခဲ့ကြပါပြီ။
Operation Padang Hkrunlam - Part IV
[ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိကကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘောကွဲလွှဲနိုင်ပါသည်။]