Wednesday, February 1, 2012

Operation padang hkrun lam-part ( II )

ကျနော်တို့ရဲ့ စစ်တပ်မရှိတော့တဲ့အခါ၊ ကျနော်တို့ရဲ့ လက်နက်တွေ ဒီလူတွေထံ ယုံယုံကြည်ကြည်နဲ့

အပ်ပစ်လိုက်လို့ကတော့ ကျနော်တို့ အစွယ်အချိုးခံလိုက်ရသလိုဖြစ်သွားမှာပါ။ အစွယ်မရှိတော့ဘူးဆိုရင်တော့ ဒီသားရဲတိရစ္ဆာန်တွေက ကျနော်တို့ကို အလွယ်တကူ ကုတ်ဖဲ့ဝါးမျို သွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီနယ်ခြားစောင့်တပ်(BGF)ကို ကျနော်တို့ လက်မခံခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို ရှေ့တန်းစခန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေအနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေဖို့ ရှင်းလင်းပြောကြားခြင်းဖြစ်ပါတယ်။ စစ်တိုက်စရာမလိုပဲ၊ သေနတ်တစ်ချက် မဖောက်လိုက်ရပဲ ကျနော်တို့ရဲ့ လက်နက်တွေကို အလွယ်တကူ သိမ်းယူလိုက်နိုင်ခြင်းအားဖြင့် ကချင်တပ်မတော်ကို ဖျက်သိမ်းပစ်လိုက်မယ့် ကလိန်ဆင်မှု တစ်ရပ်ဖြစ်ပါတယ်။ ဒီကိစ္စတွေကို ကျနော်တို့ ဗဟိုအနေနဲ့ စကားပရိယာယ်အမျိုးမျိုးပြောပြီးတော့ အဆင်ပြောချောမွေ့စွာ ကျော်လွှားခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်လောက် ကြာပြီးတဲ့နောက်မှာတော့ “လက်နက်ချပါ” လို့ ထုတ်ဖော်ပြောကြားပါတယ်။ သူတို့တစ်တွေ အရှက်ကုန်သွားကြပါပြီ။ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို တစ်နှစ်အကြာမှာ ထုတ်ပြောလိုက်ကြပါတယ်။ လက်နက်မချရင်တော့ သောင်းကျန်းသူ ဆိုပဲ။ လွန်ခဲ့တဲ့ (၁၇)နှစ်က ဘွဲ့ ကျနော်တို့ကို ပြန်ပေးကြတယ်။ အဲဒီကာလတုန်းကလည်း သောင်းကျန်းသူလို့ သတ်မှတ်ခဲ့ကြတယ်။ အင်္ဂလိပ်ဘာသာစကားအရဆိုရင်တော့ Destructive Element ဆိုပဲ။ အင်မတန်ဆိုးရွားတဲ့ စကားလုံးပါ။ ဘယ်သူတွေကမှ အမှန်တကယ် သောင်းကျန်းနေကြတာလဲ ဆိုတာ အားလုံးအသိပါပဲ။ ပြည်ထောင်စုတစ်ခုလုံးကို အုပ်ချုပ်စီမံတဲ့ အာဏာအရပ်ရပ်ကို သေနတ်နဲ့ သိမ်းပိုက်လိုက်တာ သူတို့ ဗမာအစိုးရ ကိုယ်တိုင်ပါပဲ။ နေ၀င်း တိုင်းပြည်ကို လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး သောင်းကျန်းခဲ့တယ်။ ဒီဗမာစစ်တပ်သာလျှင် ပြည်ထောင်စုအပေါ် အမှန်တကယ် သောင်းကျန်းနေတာ အားလုံးအသိပါပဲ။ လက်ရှိအချိန်တွေမှာလည်း ပြည်သူလူထုအပေါ် သောင်းကျန်းနေတာ သူတို့တတွေပါပဲ။ ဒါပေမယ့် ကျနော်တို့က အသားလွှတ် သောင်းကျန်းသူ နာမည်တပ်ခံရတယ်။

ကျနော်တို့ ဗဟိုကော်မတီလည်း သူတို့တတွေနဲ့ အကြိမ်ကြိမ် အငြင်းအခုံ ဖြစ်ခဲ့ကြရတယ်။ သူတို့က ကျနော်တို့ကို နယ်ခြားစောင့်တပ်အစီအစဉ် လက်ခံဖို့ အကြိမ်ပေါင်းများစွာ အတင်းအကြပ် ဖိအားပေးခဲ့ကြတယ်။ ဒီအကြောင်းကိစ္စတစ်ခုတည်းကို ဆွေးနွေးဖို့ တိုင်း(မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)ကို ကျနော်တို့ (၁၅) ကြိမ်၊ (၁၆) ကြိမ်လောက် သွားရောက်ခဲ့ကြပါတယ်။ စာရေးသားပေးပို့တာလည်း (၁၇)စောင်လောက် ရှိခဲ့ပါတယ်။ သန်းရွှေထံကိုလည်း ရေးသားပေးပို့ခဲ့တယ်။ ဗမာအစိုးရဗဟိုဖြစ်တဲ့ နေပြည်တော်ကို ရေးသားပေးပို့ခဲ့တာလဲ အကြိမ်ပေါင်းများစွာပါပဲ။ “ဆုံးဖြတ်နိုင်တဲ့ သူတွေလာပါ” ဆိုလို့ ကျနော်တို့ရဲ့ ဥက္ကဌကြီးကိုယ်တိုင် စစ်တိုင်းဌာနချုပ်ကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တာလည်း သုံးလေးကြိမ် မကပါဘူး။ ဒါပေမယ့် ဘာမှ အရာမထင်ခဲ့ပါဘူး။ “ဆုံးဖြတ်နိုင်တဲ့ သူတွေလာပါ” ဆိုလို့ ဘာအရေးကြီးကိစ္စများ ပြောလိမ့်မလဲဆိုပြီး ဥက္ကဌကြီးကိုယ်တိုင် သွားရောက်တွေ့ဆုံတော့လည်း ဒီနယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်းရေးကိစ္စကိုပဲ ထပ်ခါထပ်ခါ ဖိအားပေးပြောပြန်ရော။

“ ဒီBGF အစီအစဉ်ကို လက်ခံဖို့လိုပါတယ် … ဒါဟာ အဘ သန်းရွှေရဲ့ မေတ္တာပါ … ” ဆိုပဲ။

အဲဒီလိုတွေဖြစ်တော့ ဘာမှပြောဆိုဆွေးနွေးလို့မရတဲ့အခါ ဒီတွေ့ဆုံဆွေးနွေးမှုတွေကလည်း မအောင်မြင်ခဲ့ပါဘူး။ ဒီလိုပဲ အကြိမ်ကြိမ် အငြင်းအခုံတွေ ဖြစ်ခဲ့ကြရတဲ့အတွက် နောက်ဆုံး ကျနော်တို့ဘက်က ဘာပြောခဲ့သလဲဆိုတော့

“ ကောင်းပါပြီ … ကျနော်တို့ ကချင်တွေ ဖြူစင်တဲ့ စိတ်သဘောထားနဲ့ ပွင့်ပွင့်လင်းလင်း၊ ဖြောင့်ဖြောင့်မတ်မတ် ပြောပါမယ် … ဒီပြည်ထောင်စုဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်မှ စတင်ပေါ်ပေါက်ခဲ့တဲ့ ပြည်ထောင်စုဖြစ်တယ် … ဒါကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ထောင်မယ်ဆိုရင် ကျနော်တို့ ကချင်တွေ လက်နက်စွန့်ပါမယ် …”

ဒီပြည်ထောင်စုကြီးဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်မှ စတင်ပေါက်လာခဲ့တဲ့ ပြည်ထောင်စုဖြစ်တယ်။ ဟိုအရင် ဗမာဘုရင်တွေလက်ထက်မှာ ပြည်ထောင်စုဆိုတာရှိခဲ့တာ မဟုတ်ဘူး။ နောက်ဆုံးဗမာဘုရင် သီပေါမင်းနဲ့ ဆွေမျိုးတွေကို အင်္ဂလိပ်တွေ သိမ်းကျုံးဖမ်းဆီးသွားတဲ့ အချိန်အထိ ပြည်ထောင်စုဆိုတာ ရှိခဲ့တာမဟုတ်ဘူး။ ပင်လုံစာချုပ်ကြောင့်သာလျှင် ဒီပြည်ထောင်စု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်တယ်။ ပင်လုံကတိက၀တ်ဟာ ဒီပြည်ထောင်စုကြီးကို မွေးဖွားပေးလိုက်တဲ့ မိခင်ကြီးဖြစ်တယ်။ ဒီပင်လုံစာချုပ်ဟာ ကချင်ပြည်ထောင်၊ ချင်းပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ဗမာပြည်ထောင် စတဲ့ ပြည်ထောင်တွေကို စုစည်းထားတဲ့ ပြည်ထောင်စုတည်ထောင်ဖို့အတွက် ကတိက၀တ်ဖြစ်တယ်။ အဲဒီပင်လုံစာချုပ်မှာ ကျနော်တို့ရဲ့ ဘိုးဘွားခေါင်းဆောင်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကတိက၀တ်တစ်ခုဆိုတာ လက်မှတ်ရေးထိုးခြင်းအားဖြင့် အတည်ပြုခိုင်မာ စေဖို့ လိုပါတယ်။

ပြည်ထောင်စုတည်ထောင်ဖို့အတွက် ကျနော်တို့ရဲ့ ဘိုးဘွားတွေ ဘာကြောင့် ဒီစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ လိုတာလဲ။ ဘာကြောင့် လက်မှတ်ရေးထိုးခဲ့ကြရတာလဲ။ ဒီကနေ့ လူငယ်တွေ မှတ်သားထားကြပါ။ ဘာကြောင့် လက်မှတ်ရေးထိုးဖို့ လိုတာလဲ။ ကျနော်တို့ရဲ့ တိုင်းပြည်ဟာ ဗမာပြည်မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ ကျနော်တို့ရဲ့တိုင်းပြည်ဟာ အခြားပြည်တစ်ပြည် ဖြစ်တဲ့ အတွက် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးရခြင်းဖြစ်တယ်။ ဒီလိုသာမဟုတ်ရင်တော့ ဗမာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ကျနော်တို့အကြောင်း ပါဝင်စရာ အကြောင်းမရှိပါဘူး။ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးလိုက်ရင် ပြီးသွားမယ့် ကိစ္စပဲ။ ကျနော်တို့ဘိုးဘွားတွေ ပါဝင်ပတ်သက်စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို ကျနော်တို့ တိုင်းရင်းသားဒေသတွေအပါအ၀င် ရယူဖို့အတွက်၊ လွတ်လပ်ရေးရပြီးတဲ့နောက် ပြည်ထောင်စုတည်ထောင်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်တယ်။ ကျနော်တို့ပြည်ဟာ အစကတည်းက ဗမာပြည်ဖြစ်ခဲ့မယ်၊ ဗမာပြည်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ ဘိုးဘွားတွေ လက်မှတ်ရေးထိုးစရာ မလိုပါဘူး။ ကချင်ပြည်ထောင်၊ ချင်းပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ဗမာပြည်ထောင် စတဲ့ ပြည်ထောင်တွေပေါင်းလိုက်တဲ့ အခါမှသာလျှင် ပြည်ထောင်စုဖြစ်လာမှာ ဖြစ်တယ်။ တစ်ခုချင်းစီဆိုရင်တော့ တိုင်းပြည်တစ်ပြည်သာ ဖြစ်တယ်။ ကချင်ပြည်ပဲ၊ ရှမ်းပြည်ပဲ။ ကျနော်တို့ ဘိုးဘွားတွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ခြင်းဟာ ကျနော်တို့ရဲ့ပြည်ကို ပြည်ထောင်စုမှာ ထည့်သွင်းပေါင်းစည်းလိုက်ခြင်းပဲ ဖြစ်တယ်။ ပြည်ထောင်စုမှာ ပေါင်းစည်းပါဝင်လိုက်တဲ့အခါမှသာ

ပြည်နယ်တစ်ခုဖြစ်လာတာပါ။ သီးသန့်တစ်ခုတည်းဆိုရင် တိုင်းပြည်တစ်ပြည်ပါပဲ။ ကချင်ပြည်ပါပဲ။

Wunpawng Mungdan ပါပဲ။ Wunpawng Mungdan (ကချင်တိုင်းပြည်) ကို Munghpawm (ပြည်ထောင်စု)မှာ ပေါင်းလိုက်တဲ့အခါမှသာလျှင် Wunpawng Mungdaw (ကချင်ပြည်နယ်) ဖြစ်လာတာပါ။

ဒီတိုင်းပြည်ဟာ ဘုရားသခင် ကျနော်တို့ကို ပေထားတဲ့ တိုင်းပြည်ပါ။ ကျနော်တို့ရဲ့ ဘိုးဘွားတွေဟာ ဟိုးပဝေသဏီ နတ်ကိုးကွယ်တဲ့ကာလတွေကတည်းက ဖန်ဆင်းရှင် (Hpan Wa Ningsang, Chye Wa Ningchyang) ကို လက်ခံယုံကြည်ခဲ့ကြတာပါ။ Hpan Wa Ningsang ဆိုတာ အကြီးမြတ်ဆုံးသော အစဉ်အမြဲရှင်သန်နေတဲ့ ဖန်ဆင်းရှင်ဆိုတဲ့ အဓိပ္ပါယ်ပါ။ Chye Wa Ningchyang ဆိုတာ မနေ့၊ ယနေ့၊ နောက်ကာလတွေမှာ ဖြစ်ပျက်ခဲ့သမျှ၊ ဖြစ်လာမယ့်အရာတွေနဲ့ အရာရာကို သိမြင်နေတဲ့ ထာဝရဘုရားကို ပြောတာပါ။ ဒါကြောင့် ဒီတိုင်းပြည်ဟာ ဒီကနေ့ ကျနော်တို့ ကိုးစားယုံကြည်တဲ့ ဖန်ဆင်းရှင်ထာဝရဘုရားသခင် ဖန်ဆင်းပေးအပ်ထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုကြီးရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ပါဝင်ဖို့ ကျနော်တို့ရဲ့ပြည်ကို ပေါင်းစည်းခဲ့ခြင်းဖြစ်တယ်။ ဗမာပြည်မဟုတ်တဲ့ ကျနော်တို့ရဲ့ပြည်ကို ဗမာအစိုးရကပဲ ချယ်လှယ်စိုးမိုးနေတာ၊ ကျနော်တို့ပြည်က သယံဇာတတွေကို အကြီးအကျယ် ထုတ်ယူရောင်းချနေတာ၊ ကျနော်တို့ပြည်ကို ဗမာပြည်လို့ပဲ ယျေဘုယသတ်မှတ်ခြင်းခံရတာ လုံးဝ တရားမျှတမှု မရှိတဲ့ကိစ္စပါပဲ။ သူတို့နဲ့ လားလားမျှသက်ဆိုင်ခြင်းမရှိတဲ့ အရာတွေကို လာရောက်စီမံချယ်လှယ်နေခြင်းပါပဲ။

အဲဒါကြောင့် ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရကိုရမှ ဖြစ်မှာပါ။ ဒီကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်မှ မသတ်မှတ်ပေးနိုင်ဘူးဆိုရင်တော့ ဘာ့ကြောင့် ပြည်ထောင်စုမှာ ဆက်ပါဝင်ရမှာလဲ။ ပြည်ထောင်စုမှာ မပါဝင်လဲ ကျနော်တို့ တရားဝင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကမှ ပြည်ထောင်စုမလုပ်ချင်တာကိုး။ စစ်မှန်တဲ့ပြည်ထောင်စု မတည်ထောင်ချင်ဘူးဆိုရင်တော့ ကျနော်တို့လည်း ပြည်ထောင်စုနေ့လို့ သတ်မှတ်ထားတဲ့ ၁၉၄၇ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မတိုင်ခင် အခြေအနေအတိုင်း ပြန်နေဖို့ပဲ ရှိတော့တာပေါ့။ ဒီကိစ္စဟာ ရှင်းနေတာပဲ။ သူတို့အနေနဲ့ ပြည်ထောင်စုအကြောင်းမစဉ်းစားဘူး၊ ဒီမိုကရေစီစနစ်အကြောင်း မစဉ်းစားဘူးဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ သူတို့လက်အောက်မှာ ဘယ်သူက ကျွန်လို နေချင်မှာလဲ။

“ မင်းတို့ ဒီလိုနေချင်ကြသလား ? ” - “ မနေချင်ပါဘူး …”

“ ကျွန်လို နေချင်ကြသလားဟေ့ ? ” - “ မနေချင်ပါဘူး …”

အေး … နေချင်လို့ ဘယ်ဖြစ်မလဲ။ ဘာကြောင့် ကျွန်လို နေကြရမှာလဲ။ အခုလေးတင်ပဲ ဒီအစည်းအဝေးကို တရားဟောဆရာ ဆုတောင်းဆက်ကပ်ပြီး ကျမ်းစာဖတ်ခဲ့တယ်။ ဘုရားသခင်ဟာ ကျနော်တို့ကို လွတ်မြောက်ဖို့ရန်အတွက် ရွေးနှုတ်ကယ်တင်ခဲ့ခြင်းဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ကို ကျွန်ဇာတ်မှာ နှစ်မြှုပ်မနေကြဖို့ ဆိုထားပါတယ်။ ကျွန်ဖြစ်နေဖို့ ဘုရားသခင် အလိုတော်မရှိပါဘူး။

“ အဲဒါကြောင့်မို့လို့ ပင်လုံညီလာခံမှာ ဆွေးနွေးသဘောတူ ဆုံးဖြတ်ထားတဲ့အတိုင်း

ပင်လုံကတိတ၀တ်နဲ့၊ ပင်လုံစိတ်ဓါတ်နဲ့ ဒီပြည်ထောင်စုကြီးကို တည်ထောင်မယ်ဆိုရင်

ကျနော်တို့ ကချင်တွေ လက်နက်မကိုင်တော့ပါဘူး …

ပြည်သူ့စစ်အနေနဲ့၊ နယ်ခြားစောင့်တပ်အနေနဲ့တောင် မနေပါဘူး …

လုံးဝကို လက်နက်စွန့်ပါမယ် … ”

လို့ ကျနော်တို့ အသိပေးပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ကချင်တွေ ရဲရဲဝံ့ဝံ့ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

“ ကဲ … ကျနော်တို့တတွေ ဖြောင့်မတ်ရမယ်

ကျနော်တို့ရဲ့ မှန်ကန်မှုကို ထုတ်ဖော်ပြောကြားကြရမယ်…

စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်ဆိုရင်

ကျနော်တို့ ကချင်တွေဟာ လက်နက်စွန့်ပါမယ် … ”

သန်းရွှေထံ ကျနော်တို့ကေအိုင်အို အနေနဲ့ စာရေးသားပေးပို့ရာမှာလည်း ဒီအကြောင်းအရာတွေကို ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ထံမှ ဘာအကြောင်းပြန်ကြားချက်မှ ပြန်မရခဲ့ပါဘူး။ ဘာလို့ နည်းနည်းလေးတောင် အဖက်မလုပ်၊ အကြောင်းမပြန်ရတာလဲဆိုတော့ သန်းရွှေနဲ့ စစ်အုပ်စုရဲ့ စိတ်ထဲမှာ ပြည်ထောင်စု မရှိတော့လို့ ဖြစ်တယ်။ ဒီမိုကရေစီစိတ်ဓါတ် မရှိလို့ ဖြစ်ပါတယ်။ လက်နက်စွန့်ပါမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာတောင် မသာအလောင်းကောင်ကို အမှာစကားပါးသလိုပဲ ဘာဆိုဘာမှ ပြန်ကြားပြောဆိုခြင်း မရှိခဲ့ပါဘူး။

ဒီလောက်ဆိုရင်တော့ ကျနော်တို့ဗဟိုအနေနဲ့ နယ်ခြားစောင့်တပ်ကိစ္စကို ဘာကြောင့် လက်မခံခဲ့ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းသဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ မျိုးချစ်ရဲဘော်တွေ အနေနဲ့ ဒီအကြောင်းအရာတွေကို ပြည်သူလူထုတွေ နားလည်အောင် ရှင်းလင်းပြောပြကြပါ။ ရဲဘော်ရဲဘက် အချင်းချင်းလည်း ရှင်းပြပေးကြပါ။ ကျနော်တို့အပေါ် အင်မတနှ် မမှန်မကန်လုပ်နေကြတဲ့ ဗမာအစိုးရပါပဲ။

အရပ်သားအစိုးရ ပေါ်ပေါက်လာတဲ့အခါမှသာလျှင် နိုင်ငံရေးဆွေးနွေးကြပါဆိုပြီး ကျနော်တို့ကို (၁၇)နှစ်တိုင်တိုင် ချောင်ထိုးထားတယ်။ အပစ်ရပ်အချိန်ကာလအတွင်း ကျနော်တို့ကို ဘယ်လို ချုပ်ချယ်ခဲ့သလဲ ဆိုတော့ အစိုးရတစ်ရပ်လုပ်တဲ့ လုပ်ငန်းတွေ ကျနော်တို့ကို မလုပ်ဖို့ပြောတယ်။

အခွန်ကောက်ခံခြင်း မပြုရ။

တရားစီရင်ခြင်း မပြုရ။

စစ်အင်အား တိုးချဲ့ခြင်း မပြုရ။

စစ်လက်နက် တိုးချဲ့တပ်ဆင်ခြင်း မပြုရ။

စတဲ့ ‘ မလုပ်ရ၊ မလုပ်ရ ’ ဆိုတာတွေချည်း ပါပဲ။ ကျနော်တို့ကိုတော့ ‘မလုပ်ရ’ တွေနဲ့ ပိတ်ပင်တားမြစ်ပြီး သူတို့တတွေကျတော့ စစ်တပ်တွေချဲ့ပြီးရင်းချဲ့ခဲ့ကြတယ်။ တပ်အင်အားတွေ တိုးပြီးရင်းတိုးခဲ့ကြတယ်။ အပစ်ရပ်ပြီးနောက်ပိုင်း စစ်အင်အား ဘယ်လောက်တောင် တိုးချဲ့နိုင်ခဲ့ကြသလဲ ဆိုတော့ လမ်းဆုံလမ်းခွမကျန် ကင်းစခန်းတွေ ပေါ်လာတယ်။ ကျနော်တို့နဲ့ နယ်ခြားစခန်း လဂျားယန် (Laja Yang) မှာလဲ စစ်တပ်အပြင် မူးယစ်ရဲ၊ ရာဇ၀တ်ရဲ စသဖြင့် ဘာတွေမှန်းကို မသိအောင် စခန်းတွေလာဖွင့်ထားကြတယ်။ သူတို့တတွေကျတော့ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေး အရပ်ရပ်ကိုလည်း ယူလိုက်တယ်။ ညီလာခံဆိုတာလုပ်ပြီး သူတို့ကြိုက်သလိုရေးထားတဲ့ အခြေခံဥပဒေကိုလည်း မတရားသဖြင့် ရေးသားအတည်ပြုလိုက်တယ်။ စစ်အင်အားတိုးချဲ့တယ်။ စုကြည်နဲ့ အဖွဲ့ကိုလည်း ဂဏန်းခြေထောက် ခြွေသလို ပြုတ်ပြုတ်ပြုန်းအောင်၊ ဘာမှလှုပ်ရှားလို့ မရအောင် လုပ်လိုက်ကြတယ်။ ကျနော်တို့ကိုလည်း အဘက်ဘက်မှ ကန့်သတ်တာမျှမက ဖြတ်လေးဖြတ်ဆိုတာမျိုးတွေလုပ်လာခဲ့ကြတယ်။ ဘဏ္ဌာငွေ မရရှိနိုင်ရန်လုပ်တဲ့ ဖြတ်လေးဖြတ်မကတဲ့ ဖြတ်တောက်မှုတွေ လုပ်ခဲ့ကြတယ်။

ကျောက်စိမ်းမှော်မှာလည်း သူတို့ကြိုက်သလို ချယ်လှယ်စိုးမိုးကြတယ်။ ကျနော်တို့ပြည်က ထွက်တဲ့ ကျောက်စိမ်းတွေကို သူတို့ကြိုက်သလို ထုတ်ဖော်ရောင်းစားနေကြတယ်။ ကျောက်စိမ်း Emporium တစ်ခုလုပ်တိုင်း ယူရိုငွေသန်းထောင်ချီ ရရှိကြတယ်။ ဒီငွေတွေ ဘယ်မှာ ဘာတွေလုပ်လိုက်ကြသလဲတော့ မသိဘူး။ သူတို့က ဒီလို အမြတ်ထုတ်စားနေကြတယ်။ အင်မိုင်ခ နဲ့ မလိခ မြစ်ဆုံဘက်မှာလည်း တရုတ်နဲ့ ပေါင်းပြီး ရေအားလျှပ်စစ်စီမံကိန်းတွေ အကြီးအကျယ် အကောင်အထည်ဖော်ကြတယ်။ ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားတွေ အကုန်လုံး တရုတ်ပြည်ကို ရောင်းစားဖို့ လုပ်ကြတယ်။

ကဲ … ဒါကျနော်တို့ရဲ့ တိုင်းပြည်ဒေသလေ။ ဘာကြောင့် ဒီလိုစီမံကိန်းကြီးတွေလုပ်ဖို့ ကျနော်တို့ကို နည်းနည်းလေးတောင်မှ အသိမပေးရတာလဲ။ ဘာကြောင့် ကျနော်တို့ကို ပြောဆိုအကြံပေးခွင့်လေးတောင် မပေးရတာလဲ။ ကျနော်တို့ ကေအိုင်အိုလည်း ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခဲ့တာပဲ။ ကျနော်တို့ရဲ့ စက်ရုံကနေ ဖြန့်ဝေတဲ့ လျှပ်စစ်ဓါတ်အားကို ဒီကနေ့ သူတို့သုံးစွဲနေကြတာပဲ။ ဒီလူတွေ အရှက်မရှိကြဘူးလား။ ဒီကနေ့ထိ မြစ်ကြီးနားမှာ ကျနော်တို့ ပေးတဲ့လျှပ်စစ်မီး ထွန်းနေကြတာပဲ။ ကျနော်တို့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အစဉ်တစိုက်လုပ်ခဲ့ကြတာပဲ။ ဒီ မလိ-အင်မိုင် မြစ်ဆုံကိစ္စကျမှ ဘာလို့ ကျနော်တို့ကို နည်းနည်းလေးတောင်မှ မတိုင်ပင်ရတာလဲ။ ဘာ့ကြောင့် မပြောပြကြရတာလဲ။

ကျနော်တို့ ပြည်က သဘာဝရေအရင်းအမြစ်တွေကို သူတို့ကြိုက်သလို စီမံချယ်လှယ်ပြီး ထွက်ရှိမယ့် ရေအားလျှပ်စစ်တွေအကုန်လုံး တရုတ်ကို ရောင်းစားပြီး သူတို့က အမေရိကန်ဒေါ်လာ သန်းထောင်ချီ မြိုဆို့မယ့်ကိစ္စပဲ။ ဒီစီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မလိ-အင်မိုင်မြစ်ဆုံနားက ဆည်တမံဟာ လုံးဝကို တည်ဆောက်ရမယ့်ကိစ္စ မဟုတ်ဘူး။ ဒီဆည်တည်ရှိနေမယ့် နေရာဟာ ဗမာစကားအရဆိုရင် စစ်ကိုင်းပြတ်ရွေ့ကျောလို့ခေါ်တဲ့ မြေငလျှင်ကျောကြီးရှိနေတဲ့ နေရာဖြစ်တယ်။ နောက်တစ်ချက်က ဒီ မလိခ(မြစ်)ဟာ တစ်ခါတစ်ရံ အချို့နှစ်တွေမှာ ရေကြီးရင် မြစ်ကြီးနား စီတာပူ (Shata Pru)က အမြဲလိုလို ရေလွှမ်းနှစ်မြှုပ်လေ့ ရှိတယ်။ ဒီလိုဆိုတော့ ငလျှင်ကြောင့်ပဲဖြစ်ဖြစ်၊ မိုးသည်းထန်၊ ရေကြီးလို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် စတုရန်းမိုင်ပေါင်း (၅၀၀) နီးပါးရှိမယ့် ဒီဆည်ကြီးသာ ကျိုးပေါက်ခဲ့မယ်ဆိုရင် မြစ်ကြီးနားတစ်မြို့လုံး ရေအောက်ရောက်သွားမယ်။ ဒါမျှမက ဆင်ဘိုနားက မြစ်ကျဉ်းကြောင့် ရေမြန်မြန်ဆန်ဆန်စီးဆင်းသွားနိုင်ခြင်းရှိမှာ မဟုတ်တဲ့အတွက် မြစ်ကြီးနားတစ်မြို့လုံးသာမက မိုးကောင်းဒေသ၊ နမ္မတီးဒေသတွေ၊ ၀ိုင်းမော်ဘက်ခြမ်းက ခပ်ချို၊ ၀ါရှောင်အပါအ၀င် ဒဘပ်၊ဂျာပူဘက်ထိ ရောက်အောင် ရေပင်လယ်ပြင်ကြီးလို ဖြစ်သွားမယ်။ ကျနော်တို့ ကချင်တွေ ဒီဒေသတွေ တ၀ိုက်မှာ အများစုနေထိုင်ကြတာ၊ ဒီလိုသာ ရေကြီးလွှမ်းမိုးသွားမယ်ဆိုရင်တော့ ကချင်တွေလည်း ကုန်ပြီပေါ့။ ဒီလိုကိစ္စတွေကြောင့် သန်းရွှေထံ ကျနော်တို့ ကန့်ကွက်စာ ရေးသားပေးပို့တယ်။ ဘာမှ အကြောင်းမပြန်ဘူး။ ဒီလိုပဲ လျှစ်လျူရှု ခံခဲ့ရပါတယ်။

ဟူးကောင်းလွင်ပြင်ဒေသဘက်မှာလည်း ယူဇနကုမ္ပဏီမှ မြေဧကသိန်းနဲ့ချီပြီး သိမ်းပိုက် လုပ်စားကြတယ်။ ကျနော်တို့ရဲ့ ပြည်သူလူထုရဲ့ လယ်ယာမြေတွေ မတရားသိမ်းပိုက်လိုက်တော့ ပြည်သူတွေခမျာ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေကြရတယ်။

“ ကဲ … ဒီကနေ့တော့ ကျုပ်တို့ သေနတ်ဖောက်လို့ရပြီ …

ဒီတော့ ယူဇနကုမ္ပဏီကို ကျုပ်တို့ ညွှန်ကြားထားပြီးပြီ …

ကျုပ်တို့ရဲ့ ပြည်သူလူထုထံမှ မတရားသိမ်းယူထားတဲ့ လယ်ယာမြေတွေ အကုန်ပြန်ပေးပါ …

မပေးဘူးဆိုရင် ကျုပ်တို့ အကြောင်းသိမယ် … ဒီကနေ့ ကျုပ်တို့ သေနတ်ဖောက်လို့ ရပြီ …

ဟိုအရင်ကလို လက်ပိုက်စောင့်ကြည့်နေမှာ မဟုတ်တော့ဘူး …

ကျုပ်တို့ ကချင်လွပ်လပ်ရေးတပ်တွေ ဟိုအရင်ကလို မဟုတ်တော့ဘူး …

ကျုပ်တို့ မှားခဲ့ကြတဲ့အတွက် (၁၇)နှစ်တာကာလပတ်လုံး ဘာမှလုပ်လို့ မရဘူး။ နိုင်ငံရေးလည်း လုပ်လို့မရ။ စစ်အင်အားလည်း တိုးချဲ့လို့မရ။ အဲဒီလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခု မဟုတ်တော့ဘူး။

ကျုပ်တို့ရဲ့ ညွှန်ကြားချက်ကို လိုက်နာရမယ်လို့ အကြောင်းကြားထားပြီးပြီ …

ပြန်မပေးဘူးဆိုရင်တော့ ဆော်မှာပဲ …

ကချင်လွတ်လပ်ရေးတပ်မတော်ဟာ အလှပြဖို့ ရှိနေတာ မဟုတ်ဘူး …

တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်တယ် … ”

ယုဇနကုမ္ပဏီက လယ်မြေဖော်ထုတ်ရေးဆိုပြီးတော့ ဟူးကောင်းချိုင့်ဝှမ်းဒေသကို အုပ်စိုးလိုက်ကြတယ်။ သူတို့ကြိုက်သလို ချယ်လှယ်အမြတ်ထုတ်ကြတဲ့ သဘောပါပဲ။ ကျနော်တို့ ပြည်သူပြည်သားတွေမှာတော့ မျက်ရည်နဲ့ မျက်ခွက်။ အဲဒီတော့ ဒီအပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဟာ ကျနော်တို့ အတွက် ဘာဆိုဘာမှ အကျိုးမရှိတဲ့ ကိစ္စဖြစ်တယ်။

ဒီတစ်ခေါက် ပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ လွတ်လပ်ရေးတပ်အနေနဲ့ ဟိုအရင်တုန်းက အခြေအနေနဲ့ မတူတာကို တွေ့ရပါတယ်။ ဟိုအရင်အချိန်တွေတုန်းက ကျနော်တို့တပ်တွေ ဗမာစစ်သား သုံ့ပန်းဖမ်းမိတယ် ဆိုတာ အင်မတန်နည်းပါတယ်။ ဖမ်းမိခဲ့ဖူးတဲ့ သုံ့ပန်းတွေမှာထဲလည်း အရာရှိဆိုတာ မရှိခဲ့ဖူးသလောက်ပါပဲ။ အင်မတန် ကြိုးပမ်းအားထုတ်ပြီး စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းတဲ့အခါတွေမှာသာ ဖမ်းမိဖူးတာပါ။ ဒါပေမယ့် အခုပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ ဗမာစစ်အရာရှိတွေကို လတိုင်းလိုလို ဖမ်းဆီးရမိနေတာကို တွေ့ရပါတယ်။ တပ်မဟာ(၄) ဒေသဘက်မှာလည်း ကျနော်တို့ ရဲဘော်တွေ လိုက်လံဖမ်းဆီးရာမှာ အရာရှိတွေအပါအ၀င် ဖမ်းဆီးရမိကြပါတယ်။ ကနေ့အထိ ဖြစ်ခဲ့ပြီးဖြစ်တဲ့ တိုက်ပွဲတွေမှာလည်း ဗမာစစ်တပ်အရာရှိတွေ အမြောက်အများကို ရှင်းလင်းပစ်လိုက်နိုင်တာကို တွေ့ရပါတယ်။ တပ်မဟာ(၂) နယ်မြေဘက်၊ အဲဒီ ယုဇနဘက်ခြမ်းမှာလည်း ကျနော်တို့တပ်တွေ ရှင်းပစ်လိုက်တာ တပ်ရင်းမှူးနှစ်ယောက် ပါဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် အဖြစ်အပျက်တွေမှာတော့ ကျနော်တို့ကို ကူညီနေတဲ့သူ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။

အဲဒီလိုပဲ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ဇွန်(၉)ရက်နေ့ကတည်းက သူတို့ဘက်က အကျအရှုံးများခဲ့တဲ့အခါကျတော့ စစ်သုံ့ပန်းလွှဲအပ်ဖို့၊ သူတို့ဘက်က ဒါဏ်ရာရစစ်သည်တွေကို သယ်ဆောင်ဖို့၊ ကျဆုံးစစ်သည်တွေကို ကောက်ယူဖို့အတွက် ပြဿနာစဖြစ်တဲ့ (၉)ရက်နေ့မှာပဲ ကျနော်တို့ အပစ်အခတ် ခေတ္တရပ်ပါတယ်။ မနက်ပိုင်း (၁၁)နာရီ (၄၅)မိနစ်မှာ အပစ်ရပ်ပါတယ်။ အဲဒီအချိန်မှာ ဗမာအစိုးရတပ်သားတွေ လက်မြှောက်ထားကြတယ်။ ကျနော်တို့ စိတ်သဘောကြီးခဲ့ကြပါတယ်။ ဘယ်စစ်ပွဲတွေမှာပဲဖြစ်ဖြစ် ကြက်ခြေခတ် (Red Cross) အလံကို လွှင့်ပြီး ကျဆုံးစစ်သည်တွေ၊ ဒါဏ်ရာရ စစ်သည်တွေကို ကောက်ယူသယ်ဆောင်ကြရတာ ကမ္ဘာ့စစ်ဥပဒေပါပဲ။ ဒီသဘောတူညီချက် ဥပဒေကို ကျနော်တို့ လိုက်နာပါတယ်။ ကျနော်တို့ တော်လှန်ရေးတပ်သားတွေတောင် လိုက်နာကျင့်သုံးပါတယ်။

သူတို့ဘက်က ဘာပြောသလဲဆိုတော့ သူတို့ဖမ်းဆီးထားတဲ့ ကျနော်တို့ရဲ့ စစ်ဘက်၊ အရပ်ဘက်အမှုထမ်းတွေအားလုံးကိုလည်း လွှတ်ပေးမယ်။ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး ပြန်လွှတ်ပေးပါ့မယ် လို့ ပြောတယ်။ တိုင်းမှူးက ကျနော်တို့ကို ဒီလိုပဲ လိမ်ညာပြောခဲ့တယ်။

ပြဿနာစတင် ဖြစ်ပွားခဲ့တုန်းကလည်း သူတို့ဘက်က ဘယ်လိုပြောခဲ့သလဲဆိုတော့ “ Bum Sen ကို တက်လာတဲ့ စစ်ဗျူဟာမှူးနဲ့ အဖွဲ့ နောက်နေ့ မနက်ကျရင် ပြန်ဆုတ်ခွာသွားပါမယ် … ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေလည်း လဲလှယ်ကြရအောင် ” လို့ပြောလာတယ်။ Sang Gang ဆက်ဆံရေးရုံးမှ ကျနော်တို့ရဲ့ ဒုတပ်ကြပ် ချန်းယိမ်းကိုလဲ သူတို့ဖမ်းထားတဲ့ အချိန်ပေါ့။ အဲဒီတော့ ကျနော်တို့ဖမ်းမိထားတဲ့ စစ်ဗိုလ်နှစ်ယောက်နဲ့ တပ်သားတစ်ယောက်ကိုလည်း ကျနော်တို့ ပြန်လွှဲအပ်ပေးခဲ့တယ်။ သူတို့ဘက်က ကျဆုံး/ဒါဏ်ရာရ စစ်သည်တွေကိုလည်း ကောက်ယူခွင့် ပြုပေးခဲ့တယ်။

အဲဒီနောက်တော့ သူတို့ပြောခဲ့တဲ့ စကားတွေလည်း တစ်ခုမှ မတည်တော့ဘူး။ ဗျူဟာမှူးက ဘာပြောလာသလဲဆိုတော့ “ ကျုပ်တို့တက်လာတာ Bum Sen စခန်းသိမ်းဖို့ ” တဲ့။ တင်းတင်းမာမာ ပြောလာကြတယ်။ Bum Sen စခန်းကနေ ကျနော်တို့တပ်သားတွေ ဆုတ်ခွာပေးရမယ်လို့ ဆိုလာပါတယ်။ သူတို့က အစိုးရဖြစ်တဲ့အတွက် ဆုတ်ခွာပေးရမယ်တဲ့။ အဲဒီလိုကြေးသာဆိုရင် ကျုပ်တို့လဲ အစိုးရပဲလေ။

ဗျူဟာမှူးလည်း ပြန်မဆင်းသွားတော့ဘူးတဲ့။ အဲဒီအချိန်မှာ ကျနော်တို့ဘက်ကတော့ ဖမ်းမိထားတဲ့ သူတို့လူတွေ အကုန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်။ အင်ဘာပါဘက်မှာရော၊ ဖားကန့်ဘက်မှာရော ဖမ်းမိထားတဲ့ သူတို့စစ်သားတွေ၊ ရဲတွေ အကုန်လွှတ်ပေးပြီးပြီ။ သူတို့ဖမ်းထားတဲ့ ကျနော်တို့ရဲ့ အမှုထမ်းတွေ အကုန်လုံးကိုလည်း လွှတ်ပေးပါ့မယ်ဆိုပြီး တိုင်းမှူးကတိပေးပြီးတော့ ဒီနေ့အထိ မလွှတ်ပေးသေးဘူး။ ဒီဗမာစစ်တပ်ကလူတွေ အဲဒီလောက်ထိ ကလိန်ကျတယ်၊ ဒီလောက်ထိကို ဗြောင်လိမ်ဗြောင်စား လုပ်ကြတယ်။ ခေတ္တပဲ အပစ်ရပ်ပြီးတော့ ညနေပိုင်းကျတော့ ကျနော်တို့ကို ထိုးစစ်ဆင်ပြန်ရော။ အဲဒီလို အချိန်တိုတိုလေးအတွင်းမှာလည်းပဲ လိမ်ညာလှည့်စားခဲ့ကြတယ်။

ဒါပေမယ့် ကျနော်တို့ဘက်က သူတို့ကို ဆက်လက်အဆက်အသွယ်ပြုလုပ်ပြီး ညှိနှိုင်းခဲ့တယ်။ ဇွန်လ (၁၃)ရက်နေ့ မွန်းတည့်ချိန်အထိ ကျနော်တို့ သည်းခံစောင့်ဆိုင်းပြီး ညှိနှိုင်းခဲ့ကြပါတယ်။ ကျနော်တို့ သဘောထားကြီးကြီးနဲ့ စိတ်ရှည်သည်းခံခဲ့ကြပါတယ်။ ကျနော်တို့ဟာ စစ်သွေးကြွနေတာမဟုတ်ဘူး။ အသားလွှတ်စစ်တိုက်ချင်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာချင်တာပါ။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးတိုင်ပင်ချင်တာပါ။ ကျနော်တို့ မရှိမဖြစ် ရဖို့လိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နိုင်ငံရေးနည်းလမ်းအားဖြင့်၊ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အဖြေရှာပေးကြပါလို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ဒါကို သူတို့ သဘောမတူပါဘူး။ အဲဒီတော့ မကောင်းတဲ့သူက ဘယ်သူလဲ၊ မှားနေတဲ့သူက ဘယ်သူလဲ ဆိုတာ ရှင်းနေတာပါပဲ။

Operation Padang Hkrunlam - Part III

[ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိကကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘောကွဲလွှဲနိုင်ပါသည်။]

By: http://www.facebook.com/note.php?note_id=2695294266438