Friday, August 25, 2017

ဧရာဝတီ တမ်းချင်း

Hkalen Uma



ဧရာဝတီ မြစ်ဘေးမှာ ဒေသခံများ လက်ယက်ကျင်း ရွှေကျင်တာက ဟိုးရှေးရှေးကတည်းကပါ မြစ်ရေ ခဏတဖြုတ်နှောက်တာပဲရှိတယ် နောက်မနက်ပြန်ကြည်တာပဲ။
ငယ်ငယ်တုန်းက မြစ်ရေကိုခပ်သောက်ကြတယ်။ နွေရာသီ ဆိုရင် ဧရာဝတီမြစ်ရေဟာ အကောင်းဆုံး သောက်ရေဖြစ်ခဲ့တယ်။ အေးမြမြ နဲ့ သောက်ကောင်းလို့ လူကြီးတွေက တကူးတက သွားခပ်ခိုင်းလေ့ရှိတယ်။ ဧရာဝတီ မြစ်ပေါ်မှာပဲ ကျနော်တို့ ရေကူးတတ်ခဲ့တယ်။
ဧရာဝတီမြစ် လုံးဝ ပြောင်းလဲသွားတာက ၁၉၉၅ နောက်ပိုင်း တရုတ်ပြည်မက တရုတ်လုပ်သား အများအပြား ဧရာဝတီမြစ်ဖျား ပေါ် ရောက်လာကတည်းကပါ။
(၁) ရွှေဖေါင်အကြီးစား များ ထောင်ချီ ရောက်လာခြင်း
(၂) ရေအားလျှပ်စစ် လုပ်သားများ ထောင်ချီ ဝင်လာခြင်း (ချီဖွေ နဲ့ မြစ်ဆုံ)
တရုတ်လုပ်သားတွေဟာ အမိုက်စွန့်ပစ်တဲ့ နေရာမှာ စည်းကမ်းမရှိဘူး။ နောက်ပြီး ပလားစတိတ် နဲ့ ထုတ်ထားတဲ့ ready made အသားအသောက် အသုံးအများဆုံးဖြစ်တယ်။
မနှစ်က တစ်ခေါက် ကလေးတွေနဲ့ မြစ်ရေသွားချိုးမယ်ဆိုပြီး ဆင်းကြည့်တာ မြစ်ကြမ်းပြင်အောက်မှာ ပလားစတိတ်၊ လူသုံးကုန်ပစ္စည်းနဲ့ အဝတ်အစားအပိုင်းအစ အမိုက်တွေ အင်မတန် များနေတာ တွေ့ပြီးကတည်းက နောက်ပိုင်း မသွားတော့ဘူး။ အခု မြစ်ကမ်းဘေးမှာနေတဲ့ ကျနော့ကလေးတွေ ရေမကူးတတ်တော့ဘူး။
ဒါက မြစ်ဆုံဆည် စီမံကိန်း အစပိုင်းပဲရှိသေးတာပါ။ မေခ မှာ ဆည် အနည်းဆုံး ငါးခု၊ မလိခ ဖက်မှာ အနည်းဆုံးဆည် ၂ ခု ဆောက်မယ် ဆိုတာ ကနဦး စီမံကိန်း ဖြစ်ပြီး မြစ်ဆုံမှာ လုပ်နေတဲ့ ဆည် ကြီး မလုပ်ဖြစ်ရင် မေခ နဲ့ မလိခ ဖက်မှာ ထပ်တိုး ဆောက်မယ် လို့ သိရပါတယ်။ ဆည်အားလုံးပြီးစီးအောင် ဆောက်မယ် ဆိုရင် နောက်ထပ် တရုတ်လုပ်သား အနည်းဆုံး လေးသောင်းကျော်ရဲ့ အမိုက်တရိုက်တွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ထိ ခံယူရမှာပါ။ ကြာချိန်ကတော့ ၂၀ နှစ်ကြာမှာဖြစ်တယ်။
တရုတ်လုပ်သား ၁/၃ ကတော့ အိမ်ပြန်မယ် ဆိုတာ မသေချာပါဘူး။ အိမ်ထောင်ကျပြီး ဒေသခံဖြစ်သွားမှာပါ။
ဂေဟ စနစ် အပြောင်းအလဲ ဆိုတာတွေ၊ social impacts ဆိုတာတွေ ကျနော် မတွက်တတ်ဘူး၊ အခုလက်ရှိ မြင်နေရတဲ့ အရာကို သက်သေခံခြင်းသာ ဖြစ်ပါတယ်။
သက်ဆိုင်သူများ စဉ်းစား ဖို့ နဲ့ ဆင်ခြင်ဖို့ တင်ပြခြင်းပါ။