Wednesday, June 21, 2017

မန်းဟန်ဒူဝါနော်ဆိုင် နှင့် အင်္ဂလိပ်မျက်နှာဖြူ တိုက်ပွဲ (ကချင်-အင်္ဂလိပ်တိုက်ပွဲ)

Namsim Tsabawk's post.
1 hr
Namsim Tsabawk added 4 new photos — with Nang Pu and 4 others.
18 hrs

×××××××××××××××××××××××××
၁၈၈၅ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဗမာဘုရင်သီပေါမင်း၏ထီးနန်းအား အင်္ဂလိပ်တို့က လုံးဝ သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ထို့နောက် အင်္ဂလိပ်စစ်ဗိုလ် Colonel E Stedman ဦးစီးသော Third Gorkha Regiment တပ်သည် ၁၈၈၆ ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးမှထွက်ခွာလာပြီး ရှမ်းပြည်ကို စတင်သိမ်းပိုက်လာသည့်အခါ မည်သည့်ရှမ်းစော်ဘွားမှခုခံတိုက်ခိုက်ခြင်းမရှိသည့်အပြင် အသာတကြည် လက်ခံကြိုဆိုကြသည်။ ထို့ကြောင့် အင်္ဂလိပ်တို့သည် ၁၈၈၇ ခုနှစ်တွင် ရှမ်းပြည်တစ်ခုလုံးကို ခုခံမှုလုံးဝမရှိဘဲ သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း ကြေညာလိုက်သည်။ သို့သော် ဆင်လီနယ်နှင့် မုံးမြိတ်နယ်သို့ဝင်ရောက်လာချိန်တွင်မူ ကချင်တို့၏ ပြင်းထန်စွာ ခုခံတိုက်ခိုက်မှုကို စတင်ခံရပြီဖြစ်သည်။ လက်တစ်ဆုပ်စာသာရှိသော ကချင်လူမျိုးတို့သည် နေမဝင်အင်ပါယာအရှင်သခင် နယ်ချဲ့အင်္ဂလိပ်တို့ကို ရရာလက်နက်၊ လူသူအင်အားဖြင့် တန်ပြန်ခုခံတိုက်ခိုက်ခဲ့ကြသည်။ မုံးမြိတ် ဆင်လီနယ်သို့ ဗမာဘုရင်အစား အုပ်ချုပ်ရန် ရောက်လာသည်ကို ကချင်များ ခုခံတိုက်ခိုက်ခြင်းကိုကြည့်လျှင် ကချင်တို့သည် ဗမာဘုရင်၏ လက်အောက်ခံနယ်မြေတွင် နေထိုင်နေခြင်းမဟုတ်သည်ကို အင်္ဂလိပ်တို့ သိရှိခဲ့ကြပြီဖြစ်သည်။ ထိုကဲ့သို့ နေရာဒေသတစ်လျှောက် ခုခံတိုက်ခိုက်ကြရာတွင် မန်းဟန်ဒူဝါနော်ဆိုင် နှင့် အင်္ဂလိပ်မျက်နှာဖြူ တိုက်ပွဲသည်လည်း ထင်ရှားသောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ 
မန်းဟန်ဒူဝါနော်ဆိုင်သည် ဩဇာအာဏာအရှိန်အဝါ ကြီးမားသူဖြစ်ပြီး အခြားကချင်ဒူဝါများနှင့်မတူပေ။ သိန်းနီရှမ်းစော်ဘွားနှင့် အဆင့်အတန်းတူညီသော ကချင်ဒူဝါကြီးတစ်ဦးလည်းဖြစ်သည်။ ၁၈၉၃ခုနှစ်တွင် ဗန်းမော်တွင်တပ်စွဲထားသော Captain Marrett သည် မန်းဟန်ဒူဝါတပ်ဖွဲ့အား တိုက်ခိုက်ရန် စစ်သည်အင်အား (၅၀) အား ဗန်းမော်မှ နမ့်ခမ်းသို့ စေလွှတ်လိုက်သည်။ ထိုစစ်ကြောင်းကို နမ့်ခမ်းမှ ၁၃မိုင်ဝေးသော စယ်လန့်တွင် တပ်စွဲထားပြီး စစ်သည်​အင်အား (၃၅) ယောက်ကို မူဆယ်သို့ စေလွှတ်လိုက်ရာ မန်းဟန်ဒူဝါ တပ်ဖွဲ့နှင့် တိုက်ပွဲစတင်ဖြစ်ပွားပြီဖြစ်သည်။ ထိုစစ်ပွဲတွင် ဗြိတိသျှစစ်သား (၁၃) ယောက်ကျဆုံးပြီး စယ်လန့်သို့ပြန်လည်​ဆုတ်ခွာခဲ့ရသည်။ ထို့နောက်​ မန်းဟန်ကို ချေမှုန်းရန် တပ်သား ၇၅ ယောက်ဖြင့် ၇.၂.၁၈၉၃ တွင်ချီတက်သွားရာ မကြာမီပင် အင်္ဂလိပ်စစ်ဗိုလ် Liuet. William ကျဆုံးသွားပြီး စစ်ကြောင်းလည်း နမ့်ခမ်းသို့ ပြန်လည်ဆုတ်ခွာခဲ့သည်။ မန်းဟန်နယ်ကို တိုက်ခိုက်ခြေမှုန်းသောစစ်တွင် ဗြိတိသျှတပ်မှူး Lt. William နှင့် အခြားတပ်သားများစွာ ထိခိုက်ကျဆုံးခဲ့ရသည်။ 
နောက်ပိုင်းတွင် အင်္ဂလိပ်တို့သည် လူသူလက်နက်အင်အားအမြောက်အများဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာပြန်သည်။ လူသူလက်နက်အင်အား မမျှသောကြောင့် ဒူဝါနှင့် နောက်လိုက်များသည် လူသူလက်နက်အင်အားပြန်လည်စုဆောင်းရန် ခေတ္တ တိမ်းရှောင်သွားခဲ့သည်။ ယခုလက်ရှိ တရုတ်ပြည်၊ ယခင်ဇော်ဘုံဘန်ဒပ်ကချင်နယ်တွင် ခိုလှုံနေစဉ် အင်္ဂလိပ်တပ်ဖွဲ့များလိုက်လာပြီး ရွာကိုလည်း မီးရှို့လိုက်သည့်အတွက် ဆက်လက်တိမ်းရှောင်ရင်း ဟိုဖျက်မန်ဘုံနှင့် လွမ်ခမ်းရွာကြားရှိ တောင်ကြားလျှိုတွင်နားနေစဉ် နာမကျန်းဖြစ်၍ ကွယ်လွန်သွားခဲ့သည်။ ထိုလျှိုကို ယနေ့ချိန်ထိ မန်းဟန်တောင်ကြားဟု အမည်တွင်လျက်ရှိသည်။ 
ဤမန်းဟန်ဒူဝါနော်ဆိုင် နှင့် အင်္ဂလိပ်မျက်နှာဖြူ တိုက်ပွဲ (ကချင်-အင်္ဂလိပ်တိုက်ပွဲ)တွင် ကချင်တို့၏စိတ်ဓာတ်သည် ကိုယ့်နယ်မြေကို မတရားကျူးကျော်လာသူမှန်သမျှကို ရွမ်းရွမ်းချွံချွံ ခုခံတိုက်ခိုက်ခဲ့သော မျိုးချစ်စိတ်ဓာတ်ကို နောင်လာနောင်သားများ သိရှိစေရန် ဤသမိုင်းကို အနှစ်ချုပ် မှတ်တမ်းတင်
ဂုဏ်ပြုတင်ပြအပ်ပါသည်။ 
By/-
#Namsim_Tsabawk
နန်းဆင်​စား​ပေါက်
References;
- The Making of Burma
- Gazzetteer of Burma
- ရှမ်းပြည် ကချင်သမိုင်းစာအုပ်