Saturday, January 14, 2017

ကချင်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူထားခြင်းမပြုလုပ်ရန် အထူး ကန့်ကွက် မေတ္တရပ်ခံပါတယ်။

အခုလာမည့် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့အမှီ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မြစ်ကြီးနားမြို့မှာ စိုက်ထူးရန် စီစဉ်နေသဖြင့် ယခုစာအား ရေးသားကန့်ကွက် လိုက်ရပါသည်။
ဟိုး ငယ်ငယ်တုန်းကတော့ ကျောင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်ကြီးဟု အဆမတန် အမွမ်းတင်သင်ကြားခဲ့လို့် တကယ်ကို ကြည်ညိုလေးစားမိခဲ့ပါတယ်။
ယခုကြီးလာတော့ သမိုင်းစာများ ရှာဖွေဖတ်မှတ်လေ့လာ တော့မှ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်၏ တစ်ဦးတည်းသော မဟာကယ်တင်ရှင်ကြီးလို တင်စားနေကြတာ တကယ်ထိုက်တန်ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။
ထိုစဉ်က ကချင်၊ ရှမ်းနှင့် ချင်း ခေါင်းဆောင်များ ဗမာတွေကို မယုံကြည်ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုကို အခြေခံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်စကားများကို ယုံကြည်ခဲ့မိလို့ မိမိတို့ပြည်၊ မိမိတို့မြေကို အစုရှယ်ယာထည့်ပြီး တန်းတူညီမျှသဘောဖြင့် ပြည်ထောင်စုကြီးကို အတူတကွတည်ထောင်ကြရန် သဘောတူညီခဲ့ကြတာဖြစ်တယ်။
မိမိတို့ပြည် မိမိတို့မြေကို မိမိတို့သာ အပြည့်အဝ ထိန်းချုပ် အုပ်ချုပ်ရန်ဖြစ်တယ်။
အခုအဲဒီကတိတွေ ဖောက်ဖျက်ခံနေရဆဲဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အာဏာကို ရရှိလာလျှင် ဖခင်၏ ကတိကဝတ်များကို လေးစား တန်ဖိုးထားကာ အကောင်အထည်ဖော်ဆောင်လာမလားဟု မျှော်လင့်ခဲ့ပေမဲ့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဆိုသလို ဖြစ်လာပါတယ်။
အဲဒီ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ မှားနေပြီလားဆိုသည့် အမှတ်လက္ခဏာများကိုသာ ပိုမိုတွေ့ရှိလာနေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားများအပေါ် အမှန်တကယ်ပဲ အပြည့်အဝ ရိုးသားခဲ့ရဲ့လားဆိုတာကတော့ သူစောစောသေသွားလို့ တိကျသည့်အဖြေတော့ ရဖို့ခက်သွားပါတယ်။
ဘာပဲဖြစ်ဖြစ် သူစောစောသေသွားခဲ့ပေမဲ့ သူ့ရဲ့ ကတိကဝတ်တွေကတော့ ဘယ်တော့မှ ပြောက်ကွယ်သွားလိမ့်မည် မဟုတ်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေအပေါ် တကယ် ရိုးသားခဲ့ရဲ့လား၊ ဘယ်လောက်ရိုးသားခဲ့သလဲ ဆိုတာကိုတော့ သမိုင်းထဲပြန်ရှာဖွေရပါအုံးမယ်။
ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားတွေကတော့ ထိုကတိတွေ ဖောက်ဖျက်ခံရပြီး အတိုင်မသိ ဆုံးရှုံးနစ်နာနေတော့ ဗိုလ်ချုပ်အောင်ဆန်း၏စကားကိုသာ ငါတို့ဘိုးဘေးတွေ၊ ငါတို့ခေါင်းဆောင်တွေ မယုံကြည့်ခဲ့မိရင် ငါတို့လူမျိုးတွေ အခုဆိုရင် ကမ္ဘာမှာ မိမိတို့ လူမျိုး၊ မိမိတိုင်းပြည်အလံ ခန့်ညားစွာလွှင့်ထူပြီး
ကြီးကျယ်ခန်းနားသော လူမျိုးအဖြစ် ရပ်တည်နေကြရမည်ဟု တွေးနေကြမည်မလွှဲပါ။
အခုတော့ ဗိုလ်ချုပ်အောင်ဆန်းကိုပင် ကြည်ညိုလေးစားဖို့ ခွန်အား မရှိဖြစ်နေပါသည်။
ဒါကြောင့် ဗိုလ်ချုပ်ရုပ်တုကို ကချင်ပြည်နယ်မှာ မစိုက်ထူကြပါနဲ့အုံး၊
ဗိုလ်ချုပ်ရုပ်တု စိုက်ထူမှာထက် ဗိုလ်ချုပ်ကို အမှန်တကယ်ကြည်ညိုလေးစားစိတ်ဖြစ်ပေါ်အောင် ဗိုလ်ချုပ်ကတိစကားတွေကို အရင်အကောင်အထည်ဖော်ကြပါ။ ဒါမှ ဗိုလ်ချုပ်ရုပ်တုကို ကြည့်ရတာ အနစ်သာရရှိ အဓိပ္ပယ်ရှိမှာပါ။
ဒီလိုမဟုတ်ပဲ ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူထားလို့ ငါတို့ကြည့်လည်း ဘာအနစ်သာရမှ မရှိသည့်အပြင် ကန့်လန့်အနေအထားသာတွေ့ရမည်ဖြစ်သည်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကချင်ပြည်နယ်တွင် မစိုက်ထူသေးဖို့ အထူးမေတ္တာရပ်ခံအပ်ပါသည်။
မြန်မာပြည် စစ်မှန်သည့်ငြိမ်းချမ်းရေးကို လိုလားသူ -
Tara Kasa