Friday, April 22, 2016

ပနားမား အရှုပ်တော်ပုံကို ဖွင့်ချခဲ့သော ICIJ ၏ နောက်ထပ် မှတ်တမ်းတစ်ရပ်တွင် မြန်

Zaw WinFollow
ပနားမား အရှုပ်တော်ပုံကို ဖွင့်ချခဲ့သော ICIJ ၏ နောက်ထပ် မှတ်တမ်းတစ်ရပ်တွင် မြန်မာနိုင်ငံမှ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးကျော်ဝင်း၊ ဦးဌေးမြင့်၊ ဒေါ်မြသီတာဆွေတင်၊ ဦးအေးဇော်ဝင်း၊ Asia World နှင့် ဆက်စပ်သော CNOOC ကုမ္ပဏီတို့၏ အမည်စာရင်းများ ပါဝင်
Written by : နေထွန်းနိုင်
အခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျို့ဝှက်စွာ ပြုလုပ်ထားသော စီးပွားရေးဆက်ဆံမှုများနှင့် ငွေကြေးခ၀ါချမှု အရှုပ်တော်ပုံကို ဖွင့်ချခဲ့သော ပနားမား စာရွက်စာတမ်းများ (Panama Papers) ကို ထုတ်ပြန်ခဲ့သော နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်များအဖွဲ့ (ICIJ) ၏ အခြားမှတ်တမ်း တစ်ရပ်တွင် မြန်မာနိုင်ငံမှ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးကျော်ဝင်း၊ ဦးဌေးမြင့်၊ ဒေါ်မြသီတာဆွေတင်၊ ဦးအေးဇော်ဝင်း၊ Asia World ကုမ္ပဏီနှင့်ဆက်စပ်သော CNOOC ကုမ္ပဏီတို့၏ အမည်စာရင်းများ ပါဝင်နေသည်။
■ ပမားနား စာရွက်စာတမ်းဖွင့်ချမှု
သမိုင်းတစ်လျှောက် အကြီးမားဆုံး ပေါက်ကြားမှု အနေဖြင့် ဧပြီ ၃ ရက်က ဖွင့်ချခဲ့သည့် ပနာမား စာရွက်စာတမ်းများသည် နိုင်ငံ ၅၀ ကျော်မှ နိုင်ငံရေးသမား ၁၄၀ ဦး (ထိုအထဲတွင် လက်ရှိ နှင့် ယခင် နိုင်ငံအကြီးအကဲ ၁၂ ဦးပါဝင်)၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူများ၏ အခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျှို့ဝှက်စွာ ပြုလုပ်ထားသော စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးခ၀ါချမှု ပြုလုပ်ခြင်းများ ပါဝင်သည့် စာရွက်စာတမ်းပေါင်း ၁၁ ဒသမ ၅ သန်းကျော်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဂျာမနီ သတင်းစာ Sueddeutsche Zeitungက အမည်မဖော်ပြသော ရင်းမြစ်တစ်ခုထံမှ ရရှိခဲ့သော မှတ်တမ်းများကို အခြေခံပြီး အပြည်ပြည်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်များအဖွဲ့ (ICIJ) က နိုင်ငံတကာ မီဒီယာအဖွဲ့ပေါင်း ၁၀၀ ကျော်၏ ပူး ပေါင်းပါဝင်မှုဖြင့် တစ်နှစ်ကျော်ကြာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အချက်အလက်အခြေခံ အထောက်အထားများကို ဖွင့်ချလိုက်ခြင်းဖြစ်သည်။
ဖွင့်ချမှုများအနက် ပြည်ပမှ သီးခြားစာရွက်စာတမ်း ၂၁၄၀၀၀ ခန့်မှ အထောက်အထားများသည် နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ထားသော ပနားမားနိုင်ငံ အခြေစိုက် ဥပဒေအကျိုးဆောင် အဖွဲ့ကြီးဖြစ်သည့် မော့ဆက်ဖွန်စီကာမှတစ်ဆင့် ပေါက်ကြားခဲ့ခြင်း ဖြစ်ပါသည်။
လက်ရှိထုတ်ပြန်ထားသော အချက်အလက်များသည် ကနဦးဖွင့်ချမှုဖြစ်ပြီး ကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ်အမည် စာရင်းများ အပြည့်အစုံ ပါဝင်သော ဖွင့်ချမှုကို မေလဆန်းတွင် ICIJ က ထုတ်ပြန်မည် ဖြစ်သည်။
ပနားမား အရှုပ်တော်ပုံ၏ အခြေခံမှာ အခွန်တိမ်းရှောင်ရန် သို့မဟုတ် မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို ဖုံးကွယ်ရန် သို့မဟုတ် တရားမ၀င် နည်းလမ်းဖြင့် ရရှိသော ငွေကြေးများကို ခ၀ါချရန် (ပွဲစားဆန်သော) ဥပဒေ အကျိုးဆောင် လုပ်ငန်းများ၏ အကူအညီဖြင့် ဟန်ပြကုမ္ပဏီများ (Shell Companies)၊ လျှို့ဝှက်ကုမ္ပဏီများ တည်ထောင် လုပ်ကိုင်ခဲ့သူများကို ဖွင့်ချခြင်းဖြစ်ပါသည်။

■ မြန်မာနိုင်ငံနှင့် ဆက်စပ်မှု
ပနားမား အရှုပ်တော်ပုံ၏ ကနဦး ဖွင့်ချမှုများတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယ၊ ဒေသတွင်း မလေးရှားနှင့် ကမ္ဘောဒီးယားမှ နိုင်ငံရေး ခေါင်းဆောင်များ၊ ၎င်းတို့နှင့် ဆက်စပ်သူများ၏ ပြည်ပ၌ ရင်းနှီးမြှုပ်နှံထားသော လျှို့ဝှက်စီးပွားရေး လုပ်ငန်းများ၊ ငွေပေးငွေယူ ကိစ္စများနှင့် အခွန်တိမ်းရှောင်မှုများကို ဖော်ပြခဲ့သည်။
ကနဦးဖွင့်ချမှု၌ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အတိအကျ ညွှန်းဆိုခဲ့သည့် တရားဝင် ရည်ညွှန်းချက်များ တွေ့ရှိရခြင်း မရှိသေးသော်လည်း ၂၀၁၃ ခုနှစ်တွင် ICIJ က ထုတ်ပြန်ခဲ့သည့် သီးခြားမှတ်တမ်းတစ်ရပ်၌ မြန်မာမှ ပါဝင်ပတ်သက်သူများ ပါဝင်ခဲ့သည်။
ICIJ က ၂၀၁၃ ခုနှစ်၌ ထုတ်ပြန်ခဲ့သော မှတ်တမ်းများမှာ ပြည်ပတွင် ဟန်ပြကုမ္ပဏီ (Shell Companies) ထူထောင်လိုသူများ အသုံးပြုလေ့ရှိသည့် ကျွန်းနိုင်ငံငယ် British Virgin Islands (BVI) တွင် တည်ထောင်ထားသည့် Protcullis Trust Net (BVI) ၏ စင်ကာပူအခြေစိုက်ရုံးနှင့် BVI အခြေစိုက် Common wealth Trust Limited တို့မှ ပေါက်ကြားခဲ့သော အချက်အလက်များကို အခြေခံ၍ နိုင်ငံ ၅၈ နိုင်ငံမှ ဂျာနယ်လစ် ၁၁၂ ဦးက ၁၅ လကြာ အချိန်ယူပြီး ဖွင့်ချခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ ဖွင့်ချမှုတွင် British Virgin Islands (BVI)၊ Cook Islands၊ စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှားတို့ အပါအ၀င် ဒေသ ၁၀ ခု၌ ပြည်ပတရားစီရင်ရေး စနစ်ကို အခွင့်ကောင်းယူပြီး ပြည်ပစီးပွားရေး လျှို့ဝှက်ကုမ္ပဏီ ထူထောင်ခဲ့သူများ၊ ဆက်စပ်ကုမ္ပဏီများ အကြောင်းကို ဖော်ပြခဲ့ပါသည်။
■ မြန်မာနိုင်ငံက ဘယ်သူတွေလဲ
ပနားမား အရှုပ်တော်ပုံ ဖွင့်ချမှုမတိုင်မီ ရှိခဲ့သော ICIJ ၏ သီးခြားမှတ်တမ်းမှ "Burma" ခေါင်းစဉ်အောက်ရှိ အရာရှိကြီးများနှင့် ပင်မဖောက်သည် (Officer and Master Clients) စာရင်း၌ အမည်စာရင်း ၁၇ ခု ပါဝင်ခဲ့သည်။
ထို ၁၇ ခုထဲတွင် ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင်မောင်ဆွေတင်၊ ဒေါ်မြသီတာဆွေတင်၊ ဒေါ်မြမြစိုး၊ ဦးသုတ၊ ဦးဋ္ဌေးမြင့်၊ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးမြင့်ဆွေနှင့် ဦးမျိုးတင်စသည့် မြန်မာအမည်များ ပါဝင်ခဲ့ပါသည်။
Burma ခေါင်းစဉ်အောက်၌ အင်္ဂလိပ် အမည်ဖြင့် ဖော်ပြခဲ့သော စာရင်းထဲတွင် Jonathan W.smith၊ Earnest Howard Bolton II၊ Quamruddin Ahmed၊ William Mark Hilsma နှင့် Financecorp Limited လုပ်ငန်းစုများ၊ ၎င်းတို့၏ ဆက်နွှယ်မှုများ၊ မြန်မာနိုင်ငံမှ တရားဝင်လိပ်စာ အချက်အလက်များကို ဖော်ပြခဲ့ပါသည်။
ထို့အပြင် "Myanmar" ခေါင်းစဉ်အောက်၌ ဖော်ပြခဲ့သော ကုမ္ပဏီများစာရင်း၌ Poscelin Myanmar Limited၊ Myanmar - Search Company Limited၊ CNOOC Myanmar Ltd. နှင်ည CNOOC Myanmar Holding Ltd တို့ ပါဝင်ခဲ့သည်။
အဆိုပါ ကုမ္ပဏီများအနက် CNOOC ကုမ္ပဏီ နှစ်ခုစလုံး၏ ဒါရိုက်တာအမည်တွင် Xiang Chen ဟု ဖော်ပြထားပြီး ကုမ္ပဏီ၏ တရားဝင်လိပ်စာကို BVI ကျွန်းနိုင်ငံငယ်မှ လိပ်စာအား ဖော်ပြခဲ့ပါသည်။
ပနားမား အရှုပ်တော်ပုံတွင် ပါဝင်ခဲ့သော တရုတ်သမ္မတ ရှီကျင်ပင်း၏ မိသားစုဝင်များ လုပ်ကိုင်ခဲ့သည့် လျှို့ဝှက်စီးပွားရေး ပြည်ပကုမ္ပဏီများ၏ လိပ်စာများမှာလည်း BVI ကျွန်းနိုင်ငံငယ်တွင် ရှိသောလိပ်စာများ ဖြစ်နေသည့်အတွက် CNOOC နှင့် ပနားမား အရှုပ်တော်ပုံတွင် ပါဝင်ခဲ့သော တရုတ်လုပ်ငန်းစုများအကြား ဆက်စပ်မှုများ ရှိလာနိုင်ပါသည်။
ထို့အတူ အခြားကုမ္ပဏီ တစ်ခုဖြစ်သည့် Myanmar - Search Company Limited ၏ တရားဝင် လိပ်စာမှာလည်း BVI ကျွန်းနိုင်ငံငယ်ပင် ဖြစ်နေပြီး Poscelin Myanmar Limited ၏ တရားဝင်လိပ်စာကို ဟောင်ကောင်မှ လိပ်စာအား ဖော်ပြခဲ့သည်။
. . . .
အခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျို့ဝှက်စွာ ပြုလုပ်ထားသော စီးပွားရေးဆက်ဆံမှုများနှင့်…
NEWS-ELEVEN.COM

ပနားမား အရှုပ်တော်ပုံကို ဖွင့်ချခဲ့သော ICIJ ၏ နောက်ထပ် မှတ်တမ်းတစ်ရပ်တွင် မြန်