Sunday, April 10, 2016

တတိယလှိုင်း နှင့် ကချင်စစ်ပွဲ





  • ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်တာထက်မှန်တယ် တဲ့။ ရှေးစကားပုံတွေဆိုတာ အလကားထားခဲ့တာမှ မဟုတ်ပဲ။ အယ်လ်ဗင်တော်ဖလာ ဆိုတဲ့ စာရေးဆရာကြီးဟာ တတိယလှိုင်းဆိုတဲ့ ခေတ်ပြောင်းစနစ်ပြောင်း အနာဂတ်ဟောကိန်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့စဉ်က ၁၉၈၀ ခုနှစ်ကပါ။ နှစ်ပေါင်း ၃၂ နှစ် ကြာပြီးနောက်မှာတော့ ပြေးကြည့်စရာမလိုတော့ပဲ သွေးထွက်အောင်မှန်တယ်လို့ သိလာရပါပြီ။ ဂုရုကြီးက ရှင်းပြထားတာ
  • ပထမလှိုင်း -- စိုက်ပျိုးနည်းကို စတင်တွေ့ရှိမှုကြောင့် လူနေမှုစနစ်ပြောင်းလဲခြင်း
  • ဒုတိယလှိုင်း --- စက်မှုသိပ္ပံထွန်းကားမှုကြောင့် လူနေမှုစနစ်ပြောင်းလဲခြင်း
  • တတိယလှိုင်း --- နည်းပညာအသစ်များတိုးတက်မှုကြောင့် လူနေမှုစနစ်ပြောင်းလဲခြင်း



  • ဒီတတိယလှိုင်းကြီးမှာ အင်အားကြီးတခုထဲက ဗဟိုချုပ်ကိုင်နိုင်စွမ်းတွေ လျော့နည်းသွားပြီး အင်အားငယ်များ၊ အစုအဖွဲ့များအဖြစ် ကွဲထွက်သွားမယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒါဟာ တကမ္ဘာလုံးအတွက် ရည်ရွယ်တာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ခေါင်းစဉ်အားလုံးနဲ့ အကျုံးဝင်ပါတယ်။
  • မျက်မှောက်ကမ္ဘာမှာ ဒီဟောကိန်းမှန်ကြောင်း ဖြစ်စဉ်တွေကို ဆန်းစစ်ကြည့်နိုင်ပါတယ်။ နံပါတ်ဝမ်းစူပါ ပါဝါ အမေရိကန်ရဲ့ အင်အားကြီးကို တရုတ်နဲ့ အိန္ဒိယက မကြာမှီစိန်ခေါ်တော့မယ်လို့ အားလုံးသိနေကြပါပြီ။ စီးပွားရေးမှာလည်း ထို့အတူ၊ ယဉ်ကျေးမှုမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘာသာစကားမှာတောင် အင်္ဂလိပ်စကားထက် တရုတ်စကားပြောသူက ပိုများလာတာမို့ နောင်ဆို တရုတ်စကားကို မဖြစ်မနေသင်ကြားကြရတော့မယ်လို့ သိလာကြပါတယ်။
  • ဒီဖြစ်စဉ်အားလုံးရဲ့ အရင်းအမြစ်ကတော့ နည်းပညာနဲ့ သတင်းအချက်အလက်စီးဆင်းမှုကို အရင်လို တစုံတယောက်၊ တဖွဲ့က ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့လို့ပါပဲ။ စာရွက်တွေမလိုတော့ပဲ အင်တာနက်ပေါ်မှာပဲ သတင်းစာထုတ်တဲ့ အဆင့်ကိုရောက်နေကြပါပြီ။ ပင်မသတင်းမီဒီယာကြီးတွေထက် ဘလော့တွေ၊ လူမှုမီဒီယာတွေက လက်စောင်းထက်နေပါပြီ။ ဒီတတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှားအမြင်နိုင်ဆုံးကတော့ လတ်တလောဖြစ်ပွားနေတဲ့ ကချင်စစ်ပွဲပါပဲ။


  • ဒီစစ်ပွဲက အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ပြည်တွင်းစစ်အဖြစ်တိုက်နေခဲ့တာ အနှစ် ၅၀ ရှိပါပြီ။ အင်္ဂလိပ်နယ်ချဲ့မရှိသေးခင် ဘုရင်ခေတ်ကအကြောင်းကို ပြန်ပြောင်းဆွဲယူလိုသူများကတော့ ကချင်မြေဟာ ဗမာဘုရင်သြဇာခံ မဟုတ်ခဲ့ပါဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ နာမည်တပ်ခံရတာ ဂုဏ်ယူစရာတော့မကောင်းလှပါဘူး။ စစ်အာဏာရှင်များလက်ထက်က အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ပြီး နိုင်ငံရေးစနစ်အပြောင်းအလဲမှာ တိုက်ပွဲခေါ်သံပြန်စခဲ့တာပေါ့လေ။


  • မြန်မာနိုင်ငံဟာ လောကကြီးနဲ့အဆက်ပြတ်နေခဲ့ပြီး အခုမှ ဥခွံထဲကထွက်ဖို့ပြင်နေတဲ့ အကောင်ပေါက်ကလေးဆိုတော့ အရာရာထူးဆန်းအံ့သြကုန်နိုင်ဖွယ်တွေ ဖြစ်လို့နေပါတယ်။ သူများတွေ ဒီမိုကရေစီတွင်တွင်အော်လို့ အနှစ် ၂၀၀ လောက်ရှိမှ ကိုယ်က ၂ နှစ်သားပါ။ သူများတွေ အာရှကျားဖြစ်သွားတာ မျိုးဆက် ၂ ဆက်လောက်ရှိမှ ကိုယ်က ကုန်းကောက်စရာမရှိတဲ့ ဘ၀က ပြန်စရမှာ။ စိုက်ပျိုးရေးဆိုတာ ပထမလှိုင်းမှာ ခေတ်စားခဲ့တာ။ ဒုတိယ စက်မှုခေတ်ကို ကျော်လို့ အခု တတိယလှိုင်းကို ရောက်နေပြီ၊ ကိုယ့်မှာတော့ လယ်ကွင်းထဲမှာ ကောက်စိုက်လို့ကောင်းတုန်း။ သူများတွေ ခေတ်သစ်ကျောက်သင်ပုန်းကြီးပေါ်လို့ ကျောင်းတွေမှာ အလကားဝေနေချိန်မှာ ကိုယ့်မှာ မိရိုးဖလာကျောက်သင်ပုန်းလေးတွေ သုံးနေဆဲပါ။ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား ဘဘကြီးရေလို့ ပြောရမယ်ထင်ပါတယ်။ ၀မ်းနည်းရတာက သူများနောက်မှာ ၂ ကမ္ဘာလောက်ပြတ်ကျန်နေလို့၊ ၀မ်းသာရမှာက နည်းပညာအားကိုးနဲ့ ခုန်ပျံကျော်လွှားနိုင်ခွင့်တွေ ရှိနေလို့ပါပဲ။ တရုတ်သိုင်းကားထဲကလိုပေါ့လေ။


  • ကချင်ဇတ်လမ်းမှာတော့ ဒီရိုက်ကွင်းအသစ်ကို ထူးထူးခြားခြားကြီးကို မြင်ရတာပါ။ အရင်တုန်းက စစ်ဖြစ်ပြီဆိုရင် အစိုးရထိန်းချုပ်ထားတဲ့ မီဒီယာက ပြောသလောက်ပဲ သိခွင့်ရပါတယ်။ သူက သူပုန်ဆိုတော့ ကိုယ်ကလည်းသူပုန်ပေါ့။ သူက နိုင်ပြီဆိုတော့လည်း ဝေးဟေးဟေးပေါ့။ ဒီထက်မပိုပါဘူး။ ဘယ်နှစ်ယောက်ကျသွားလဲ မမေးနဲ့လေ။ သတင်းစာထဲက နာရေးကြော်ငြာဖတ်လိုက်။ ဒါပါပဲ။ ၂၀၁၂ နှစ်ကုန်ပိုင်းမှာတော့ အင်တာနက်နဲ့ Facebook ကြီးက မူလလက်ဟောင်းဒါရိုက်တာကြီးကို ဖယ်ထုတ်လိုက်ပြီး လူတိုင်းလူတိုင်းကို ဒါရိုက်တာ၊ မင်းသမီး၊ မင်းသား၊ ဇတ်ရံ၊ ဇတ်ညွှန်းဆရာ စိတ်ကြိုက်ဖန်တီးခွင့်၊ ချယ်လှယ်ခွင့်ကို ပေးလိုက်ပါတော့တယ်။ အဝေးကြည့်မဟုတ်ပဲ အနီးဆုံးကပ်ကြည့်ခွင့်ကို ရကြတာပေါ့လေ။
  • ခဏနေရင် ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ဓါတ်ပုံလေးတွေပြလိုက်၊ ခဏနေရင် ဦးအောင်မင်းက ၂၀၁၅ မတိုင်ခင်အပြီးလုပ်သွားပေးမယ်ဆိုတဲ့ ဗီဒီယိုလေးကြည့်လိုက်။ ခဏနေတော့ တိုက်ပြီ၊ တိုက်ပြီ၊ မိုင်းတွေခွဲလို့ ရထားကြီးလဲ တုံးလုံးပက်လက်၊ ပိုးစိုးပက်စက်သေနေတဲ့ အလောင်းတွေကို မညှာမတာ ဓါတ်ပုံရိုက်ပြီး အောင်ပွဲခံလား၊ ခံရဲ့။ ပုခက်လွှဲသောလက်သည် ကမ္ဘာကိုစိုးမိုးနိုင်ရမည်ဆိုတဲ့အတိုင်း ကချင်မိန်းကလေးချောချောလေးတွေ စစ်ဝတ်စုံနဲ့ အင်တာဗျုးလည်းပါသေး။ တခါမှ မကြားဖူးတဲ့ ရှေ့တန်းမှာ ဒဏ်ရာရတဲ့ တပ်မတော်သားကို ကေအိုင်အေက ခွဲစိတ်ဝတ်စုံပြည့်နဲ့ တောတွင်းမှာပဲ ကုသပေးနေတာမျိုးအထိ တွေ့ရတော့ သြချမိပါရဲ့။
  • ပြတဲ့လူတွေက ပြတော့လည်း ကြည့်တဲ့လူတွေကလည်း ကြည့်ရတာပေါ့လေ။ တော်ကြာနေ ၀မ်းသာလိုက်၊ ၀မ်းနည်းလိုက်၊ တော်ကြာနေ ဒေါသထွက်လိုက်၊ ကြေကွဲလိုက်။ ခံစားမှုအစုံစုံကို တိုက်ပွဲမပြီးမချင်းပေးစွမ်းနိုင်တာကလား။ ဆဲသံဆိုသံ မိုးလုံးညံကြတာပေါ့။ ကိုရီးယားကားထက် ဆွဲဆောင်မှုရှိတာ မငြင်းနိုင်ပါဘူး။ တတိုင်းပြည်လုံးရဲ့ အနာဂတ်နဲ့ တွဲချိတ်ထားတာမို့ ဘယ်သူမျက်နှာလွှဲနိုင်မလဲလေ။


  • အိုးနင်းခွက်စွပ် ကသောင်းကနင်းဖြစ်ကုန်တာကတော့ လှေကြီးထိုးရိုးရိုးကို ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ အစိုးရမီဒီယာများပါပဲ။ ဒုတိယလှိုင်းမှာ အိပ်ပျော်နေတုန်း တတိယလှိုင်းက ပြင်းပြင်းဆောင့်လို့ ဒလိမ့်ခေါက်ကွေးဖြစ်ကြရတာပေါ့။ တကယ်ဆို ကိုယ်ပိုင်ရုပ်သံလိုင်း၊ သတင်းစာနှစ်စောင်၊ ဂျာနယ်အစောင်စောင်ကို ခိုင်ခိုင်မာမာကြီး ပိုင်ဆိုင်ထားပြီး တိုင်းပြည်ကြီး စည်ပင်ဝဖြိုးသာယာကြောင်း နေ့စဉ်ကြော်ငြာပေးနေတာပါ။ သို့ပေသော်ငြားလည်း အကောင်ကြီးလို့ အထိုင်နှေး အထနှေးရတဲ့အထဲ တက်ကြွလန်းဆန်းသူ၊ သင်ယူတတ်လွယ်သူ လူငယ်တွေလက်ထဲ ဖွဘုတ်ထည့်လိုက်တာမို့ ကိုယ်ဟာလူကြမ်းလေးပါ သီချင်းကို မဆိုချင်ပဲ ဆိုရတော့မလို ဖြစ်ကုန်ပါတယ်။ အရင်လိုပဲ သတင်းထိန်းချုပ်တာ၊ ပွင့်လင်းမြင်သာအောင် ချမပြနိုင်တာ၊ ချမပြရဲတာ၊ အလွဲသုံးစားဝါဒဖြန့်တာတွေကြောင့် သေနတ်ချင်းယှဉ်ပစ်တာတောင် ကလိန်ကကျစ်လို့ အပြောအဆိုခံရပါတော့တယ်။ ကြည့်မကောင်းအောင် မြင်နေရတာက နှံပြည်စုတ်ကြောင့် ဒိုင်နိုဆော ငိုရသလိုဖြစ်ကုန်ပါရော။


  • လက်တွေ့မြေပြင်ပေါ်ကစစ်ပွဲထက် ဒစ်ဂျစ်တယ်တိုက်ပွဲက ပိုပြင်းထန်နေတာကို သိသိသာသာတွေ့ရပါတယ်။ ပြည်သူအားလုံးကလည်း စိတ်ဝင်တစားစောင့်ကြည့်နေပြီး မှတ်ချက်အားလုံးကလည်း ငြိမ်းချမ်းရေးကိုသာလိုလားကြကြောင်း ဗေဒင်မေးဖို့ မလိုပါဘူး။ ကိုယ်ကျိုးစီးပွားပတ်သက်သူများကသာ အမုန်းမီးပိုကြီးအောင်၊ ပွဲပိုဆူအောင်လုပ်ကြတာပါ။ ဒီအထဲမှာ အသံလုံးဝမကြားရသူများကတော့ စစ်ဒဏ်ကိုအလူးအလဲခံရတဲ့ ဒုက္ခသည်တွေပါပဲ။ စက္ကူပုံးလေးတွေကာပြီး တွင်းကလေးထဲမှာ စောင်ခြုံကွေးနေကြတဲ့ ကလေးတွေပုံဟာ မြင်သူတိုင်းကို စိတ်ထိခိုက်စေပါတယ်။ လူတစ်သိန်းရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျုရှူပြီးတိုက်နေတဲ့စစ်ကို အမြန်ဆုံးရပ်တန့်စေချင်တဲ့စိတ် တတိုင်းပြည်လုံးမှာ ရှိနေတာ တညီတညွတ်ထဲပါ။
  • ဒီစစ်ပွဲက သင်ခန်းစာအနေနဲ့
(၁) လက်နက်အားကိုးထားတဲ့ အာဏာချင်းထိပ်တိုက်တွေ့ပေမယ့်လည်း တပ်မတော်သား ၅ သိန်း၊ ကေအိုင်အေ ငါးထောင်(ခန့်မှန်း)၊ ဒုက္ခသည် တစ်သိန်း၊ ကချင်လူမျိုး ၉ သိန်း၊ ပြည်သူလူထု သန်း ၅၀ ဆိုတာ သတိပြုစေချင်ပါတယ်။

(၂) ဓါးသွားထက် ကလောင်သွားထက်လို့ ဆိုတာမို့ ကီးဘုတ်စစ်သားတွေ ဂျာနယ်လစ်တွေအနေနဲ့ သတင်းကို သတင်းမှန်အတိုင်း ခံစားချက်မရောထွေးပဲ တင်ပြဖို့လိုပါတယ်။ အရှည်တည်တံ့တဲ့ သတင်းမီဒီယာဖြစ်လိုတယ်ဆိုရင်ပေါ့လေ။

(၃) မြေပြင်စစ်ပွဲမှာ အနိုင်ရဖို့ လူအင်အား၊ လက်နက်အင်အားက အရေးကြီးသလိုပဲ မီဒီယာစစ်ပွဲမှာ အနိုင်ရဖို့ မှန်ကန်မှုနဲ့ မြန်ဆန်မှုက အရေးပါပါတယ်။ ငိုတတ်တဲ့ ကလေးမုန့်စားရတယ်ဆိုပေမယ့် ကြာကြာလိမ်လို့တော့ မရပါဘူး။ လှမ်းပြီးတိုင်တည်နေတဲ့ လင်းယုန်ကြီးက မျက်နှာလွှဲနေပါပြီ။ အစိုးရမီဒီယာအနေနဲ့ အရင်လို စိုးရိမ်တကြီးချုပ်ကိုင်ထိန်းထားနိုင်စွမ်း မရှိတော့ဘူးဆိုတာကိုလည်း အရှိအတိုင်း လက်ခံပြုပြင်ဖို့လိုပါတယ်။ လူထုအနေနဲ့ နှစ်ဖက်စလုံးကသတင်းကို ယုံကြည်စိတ်ချနိုင်စွမ်းမရှိတာကြောင့် ရေရှည်မှာ လူထုကြားက သံသယကို ပိုမိုကြီးထွားစေနိုင်ပါတယ်။ အက်ကြောင်းကို ပိုမိုနက်ရှိုင်းစေပါတယ်။

(၄) တိုင်းရင်းသားအချင်းချင်း ဘယ်သူကပဲနိုင်နိုင် ကိုယ့်သွေးကိုယ်ဖောက်သောက်ရသလို အရသာမရှိတာမို့ စစ်ကိုရပ်ပါ။


၂၀၁၃ ဇန်န၀ါရီလမှာ တိုင်းရင်းသားအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ကြမယ်လို့ သိရပါတယ်။ ကိုယ့်လူမျိုးကို တကယ်ချစ်ပြီး တိုင်းပြည်ကို တိုးတက်စေလိုသူများကတော့ ဘုံတူညီချက်တခုကို ရှေးရှူနိုင်တာမို့ ညှိနှိုင်းဆွေးနွေးလို့ မအောင်မြင်နိုင်စရာ အကြောင်းမရှိပါ။ ခေတ်တွေစနစ်တွေ ဘယ်လိုပြောင်းပြောင်း ရာစုနှစ်ဝက်လောက် ခံစားသိနဲ့ ရင်းနှီးပေးဆပ်ထားရတာမို့ မြန်မာပြည်သူတွေရဲ့ အသည်းနှလုံးကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးဟာ တနိုင်ငံလုံးရဲ့ လိုလားချက်ဖြစ်ပြီး ဒါကိုဆန့်ကျင်သူမှန်သမျှ ကျဆုံးရမှာပါ။

ကချင်မြေနဲ့ မြန်မာပြည်အနှံ့ ပန်းတွေပွင့်ပါစေ။ ပွင့်တဲ့ပန်းတိုင်း မွှေးပါစေ။
http://kyawpa.blogspot.com/2013/01/by-thanda-win-on-sunday-january-6-2013.html