Tuesday, July 28, 2015

သစ်၊ ငြိမ်းချမ်းရေး နဲ့ သတင်းမီဒီယာ


Khon Ja
လွန်ခဲ့တဲ့ ဇန္န၀ါရီလ ၈ ရက်နေ့ ဖြစ်မယ်ထင်တယ်။ နိုင်ငံပိုင် သတင်းစာတွေမှာ တရုတ်နိုင်ငံသား ၁၀၂ ယောက် ကို ယာဉ် ၄၇၀ စီးနဲ့ ဖမ်းမိတယ် ဆိုတဲ့ သတင်းတွေ ပါလာတယ်။

သတင်းထဲမှာ ပါတဲ့ ရွာတွေက ၀ိုင်းမော်မြို့နယ် မန်ဝိန်းရွာ ရဲ့ တောင်ဖက်မှာ ဆဒုံးမြို့နယ်ခွဲ၊ အပေါ်ဖက်မှာ ချီဖွေလမ်းပေါ်က မန်တောင်ကျေးရွာအထိ၊ အရှေ့ဖက်က လဖိုင်ကျေးရွာ၊ ကြားက ကျေးရွာတွေဖြစ်နေတယ်။

သတင်းစာမှာ ပါတဲ့ ရွာတွေကို အနီရောင် မျဉ်းစောင်းလေးတွေနဲ့ ချယ်ကြည့်တော့ အကွက်ကလေးတကွက် ထွက်လာတယ်။

အရှေ့ဖက်အစွန်းဆုံး လဖိုင်ရွာက ဆက်သွားရင် ဝေါ့ချုန်း၊ ရှင်ကြိုင် ပြီးရင် ကန်ပိုင်တီ နယ်စပ်မြို့လေး ရောက်သွားရော။

ဒီနေရာလေးကို KIA သစ်ခိုးတယ် လို့ MOI က ရေးလိုက်တာနဲ့ တပြိုင်နက် မြန်မာနိုင်ငံမှာ တဲ့ သတင်းမီဒီယာအတော်များများက မိတ္တူကူးချပြီး ကေအိုင်အေ နဲ့ သစ်ခိုးတယ် လို့ ရေးကြတယ်။

ဦးလနန်ကို အင်တာဗျူးပြီး ရေးတဲ့ သတင်းမီဒီယာ က ၄ ခုလောက် တွေ့မိတယ်။

ဒီတပတ်အတွင်း စည်သူအောင်မြင့်ကလည်း အဲဒီမှာ ဖမ်းတဲ့ တရုတ်တွေကို တသက်တကျွန်း ချတဲ့ အမှုနဲ့ ပတ်သက်ပြီး ကေအိုင်အေ နဲ့ ပူးပေါင်း သစ်ခိုးထုတ်တဲ့ ပုံစံမျိုးနဲ့ ရေးထားပြန်တယ်။

မျဉ်းစောင်းနဲ့ shading လုပ်ထားတဲက ဒေသလေးကို သုံးသပ်ကြပါအုံးစို့။

ဝိုင်းမော်-ချီဖွေ အထိ လမ်းမတလျှောက်လုံးဟာ မြန်မာ့တပ်မတော်က ထိန်းချုပ်ထားပြီး ဂိတ်ပေါင်းများလွန်းတဲ့အတွက် ၁၂ လက်မ = တပေ၊ ၃ပေ = တဂိတ် ဆိုပြီး ဒေသခံတွေ အမွှန်းတင်ထားတဲ့ လမ်းဖြစ်တယ်။ Shading အကွက်ရဲ့ အနောက်ဖက် နယ်နမိတ်လမ်းမကြီးပေါ့။

တောင်ဖက်.. မန်ဝိန်း-ဆိုင်လော်- ၀ရာယန် - ဆဒုံးပါ တခုလုံးဟာ လမ်းမကြီးဖြစ်ပြီး ဆဒုံးပါ ဟာ မြို့နယ်ခွဲဖြစ်တဲ့အတွက် အစိုးရရုံးစိုက်ရာ နေရာဖြစ်တယ်။ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့၊ ဆေးရုံ၊ အထက်တန်းကျောင်း ရှိတဲ့ နေရာဖြစ်ပြန်တယ်။ လမ်းတလျှောက်လုံးကလည်း အစိုးရအာဏာစက် သက်ရောက်ပြန်တယ်။

အရှေ့ဖက် ဆဒုံး၊ လဂျောင်၊ လဖိုင် ကနေ ကန်ပိုင်တီအထိလည်း နယ်ခြားစောင့်တပ်နဲ့ ဇခုံတိန့်ယိန်းရဲ့ ကိုယ်ပိုင်တပ်များ ကြီးစိုးရာ နေရာဖြစ်ပြန်တယ်။

နောက်တခါ တရုတ်နိုင်ငံက သစ်ခိုးယာဉ်ပေါင်း ၅၀၀ နီးပါး ဖြတ်သန်းသွားတဲ့ နယ်စပ်အပေါက် ၂ ပေါက် ကလည်း နယ်ခြားစောင့်တပ်ရဲ့ မြို့တော် ကန်ပိုင်တီ ဖြစ်ပြန်တယ်။ ပြီးတော့ နယ်ခြားစောင့်တပ်ထိန်းချုပ်ထားတဲ့ ထိန်ချုန်း နယ်ခြားထွက်ပေါက်လေး။

တရုတ်တွေကို ဖမ်းစဉ်က ကေအိုင်အေက ထုတ်ပေးထားတဲက သစ်ထုတ်ခွင့် လက်မှတ် ဆိုတာကို ပြန်တောင်းကြည့်ပြီး သတ်မှတ်ထားတဲ့ ဒေသကို မြေပုံမှာ အရောင်ပြန်ချယ်ကြည့်တဲ့အခါ မြေပုံရဲ့ မြောက်ဖျားက ချန်ငေါဘွမ် ဆိုတဲ့ ဒေသ ဖြစ်နေတယ်။ တရုတ်ဖမ်းတဲ့ နေရာနဲ့ မိုင်ပေါင်း အနဲဆုံး ၈၀ လောက် ဝေးပါအုံးမယ် ထင်ပါရဲ့။ အကယ်၍များ အဲဒီက သစ်ခုတ်တယ် ဆိုရင် အနီးစပ်ဆုံး နယ်စပ်က ထွက်သွားမှာမို့ ချီဖွေမြို့ရဲ့ အောက်ဖက်အထိ ဆင်းလာစရာ မလိုပါဘူး။

မေတ္တာဖောင်ဒေးရှင်းက ဆဒုံးပါမှာ စိုက်ပျိုးရေးစင်တာ ကို ၂၀၀၄ ခုနှစ်က ဖွင့်လှစ်စဉ်က စင်တာ တာဝန်ခံအဖြစ် ကိုယ်တိုင် သွားထိုင်ခဲ့ရတဲ့အတွက် ဒီကျေးရွာတွေ မရောက်ဘူးတာ မရှိသလောက်။ World Concern မှာ အလုပ်လုပ်စဉ်က စီမံကိန်း ပြန်လည်သုံးသပ်မှု ခရီးစဉ်ကြောင့် တောနင်းခဲ့သေး။ ဒီလို နယ်မြေကျွမ်းကျင်မှုသာ မရှိခဲ့ရင် ဂျီးတော်လည်း မီဒီယာတွေ ပြောသမျှ ယုံမိပါလိမ့်မယ်။

ယာဉ် အစီးရေ ၅၀၀ နီးပါးဟာ
ဒီသစ်ခိုးထုတ်မှုဟာ မြန်မာ့တပ်မတော် နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ၊ မြန်မာနိုင်ငံရဲ့ ဌာနဆိုင်ရာများ ကြီးစိုးရာ ဒေသမှာ ထုတ်ယူနေမှန်း သိသာပြိဖြစ်တယ်။

လုံခြုံရေး ယူထားတဲ့ အစောင့်တွေကို ဖြတ်ပြီးမှ မြန်မာနိုင်ငံထဲကို ၀င်လာတယ်။

သစ်ခုတ်လုပ်ငန်းဟာ အသံတိတ် လ်ုပလို့ရတဲ့ လုပ်ငန်းလည်း မဟုတ်။

ဌာနဆိုင်ရာ တခု မဟုတ် တခုက အသံမကြား၊ မမြင်၊ မသိ ဆိုတာလည်း မဖြစ်နိုင်။

ဒီလိုနေရာမျိုးမှာ ဈေးပေါပေါနဲ့ လာခုတ်တဲ့ သစ်တွေ

ယာဉ်အစီးရေ ၄၇၀ ကျော် ဖမ်းမိတဲ့ နေရာမှာ ဘာဖြစ်လို့ လူက ၁၀၀ ကျော်ဘဲ ဖမ်းမိရပါသလဲ။ ကျန်တဲ့သူတွေကို ဘယ်လမ်းက လွှတ်လိုက်သလဲ။

ဒီလူတွေကို ဒီနေရာမှာ ဒီလို လာလုပ်ခွင့် ဆိုတာ မြန်မာ့ တပ်မတော် မပါဘဲ ဖြစ်နိုင်ပါ့မလား။ အခြား ဘယ်ဌာနတေါ ပါသေးသလဲ။

ဒါဆို... တရုတ်တွေကို တသက်တကျွန်း ပို့ရင်.. မြန်မာနိုင်ငံသား တရုတ်ကို လုပ်ခွင့်ပေးသူများကိုကော... ...

သတင်းမီဒီယာ အများစုဟာ MOI က ပေးသမျှကို ဘုရားဟောကဲ့သို့ လက်ခံနေအုံးမှာလား။

သစ်၊ ငြိမ်းချမ်းရေးနဲ့ မီဒီယာ...
399 ·  ·