Thursday, July 16, 2015

ဖိနှိပ်ခံ ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က စောဆန်းအောင်ကို ထောက်ခံတယ်

 · 

_________________________
ဒီနေ့ပေါ့ဗျာ။ သိတဲ့အတိုင်း ကျောင်းသားအရေးက ငယ်ထိပ်ရောက်နေတော့ ပြည်တွင်းက ကိုယ်နဲ့သိသမျှလူတွေကို အဆက်အသွယ်လုပ် အကျိုးအကြောင်း မေးရတာပေါ့။ ပြောကြရင်းပြောကြရင်းနဲ့ ဒီကနေ့ထုတ်ပြန်တဲ့ DKBA ကလိုထူးဖောတပ်ဖွဲ့က ကျောင်းသားတွေ အလုပ်သမားတွေကို အကြမ်းဖက် ဖြိုခွင်းမယ်ဆိုရင် နီးစပ်ရာစခန်းတွေကို ၀င်တိုက်မယ်ဆိုတဲ့ ကြေညာချက်အကြောင်း ရောက်သွားတယ်။
မိတ်ဆွေဖြစ်သူက စောဆန်းအောင်နိုင်ငံရေးဝင်လုပ်တယ်လို့ ဝေဘန်တယ်။ ခက်ပဲခက်ရချည်သေးရဲ့ အားလုံးနိုင်ငံရေးကွင်းထဲမှာ ကစားနေကြတာကိုများ (All are in the game) ဘဲ့နဲ့ စောဆန်းအောင်ကျမှ လာပြောရတာလဲ။ သူဒီစကားပြောလိုက်တာဟာ အသက်နဲ့ထပ်ပြီးပြောရတယ်ဆိုတာ အလွယ်သိနိုင်ပါတယ်။ လက်တွေ့မှာလည်း ဖက်ဆစ်တပ်နဲ့ အသေအကြေတိုက်နေတဲ့သူပဲ။
စောဆန်းအောင်ဘယ်အချိန်က လူတွေကြားမှာရေဘန်းစားလာတာလဲပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဖက်ဆစ်အာဏာရှင်တွေက နာဂစ်ကြီးကို အတည်ပြု (၂၀၁၀) မှာ ရွေးကောက်ပွဲလုပ်။ DKBA ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဘို့လုပ်လာတယ်။ အဲဒီမှာပဲ ဗိုလ်နှတ်ခမ်းမွေး လို့ခေါ်တဲ့ စောလဘွယ်က ခွဲထွက်ပြီး မြ၀တီဝင်သိမ်းတယ်။ ခွဲထွက် DKBA စောလဘွယ်ရဲ့ အားကိုးရတဲ့တပ်မှုးတဦးက ဗိုလ်စောဆန်းအောင်ပဲ။ သူက ကရင်တွေချည်းပဲမဟုတ်တော့ဘဲ တခြား တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲလာတယ်။ စကားကို ခပ်ပြတ်ပြတ်ပြောတတ်တယ်။
နောက်ပိုင်းကျတော့ အပစ်အခတ်ရပ်ဆဲရေးပြန်လုပ်ပြီး လက်ပံတောင်းကို ရောက်အောင်သွားတယ်။ လယ်သမားတွေကို အားပေးတယ်။ တခါ သမီးလေးရွာကို စစ်တပ်က မောင်းထုတ်တော့ တရွာလုံးကို သူ့နယ်မြေမှာ နေရာချပေးတယ်။ ကရင်တော်လှန်ရေးအပြင် သူတတ်နိုင်တဲ့ဘက်က ပြည်ထောင်စုသားတွေရဲ့ အခက်ခဲကို သူနိုင်သလောက်ဖြေရှင်းပေးတယ်။ ဒီကြားထဲ အပစ်ရပ်ထားပါရဲ့နဲ့ မှားသလိုလို ကြောသလိုလို အနိုင်ကျင့်လာတဲ့ ဖက်ဆစ်တပ်ကို တချိန်လုံး ခံတိုက်နေခဲ့တယ်။ နောက်ဆုံးတော့ အပစ်ရပ်ရေးကို အနှောက်အယှက်ဖြစ်မှာစိုးလို့ DKBA က ထုတ်ပစ်တယ်။ သူငြိမ်မနေဘူး သူ့နယ်၊ သူ့တာနိုင်အောင်ထိမ်းပြီး သူယုံကြည်ရာကို ခရီးဆက်နေသူ ဖြစ်တယ်။ သူဟာ ပညာရှိတယောက် မဟုတ်ဘူး။ ဒါပေမဲ့ အင်မတန် လက်တွေ့ကျတဲ့ တော်လှန်ရေးသမားဖြစ်တယ်။ စောဆန်းအောင်နာမည်ဟာ တိုက်ပွဲနဲ့ယှဉ်ပြီး ပေါ်ခဲ့တာပါ။ တိုက်ပွဲနားချိန် တခြား ဖိနှိပ်ခံနေရသူတွေဘက်က မားမားမတ်မတ် ရပ်ခဲ့တဲ့ သူပါ။
ဒီကြေညာချက်က အမှန်လား၊ အတုလားဆိုပြီးပြောနေကြတာလည်းရှိတယ်။ ကျွန်တော်အမြင်ကတော့ ဒါအမှန်ပဲ။ သူရဲ့တလျှောက်လုံး ရပ်တည်ချက်နဲ့ ဒီကြေညာချက်က တထပ်တည်းကျတယ်။
တခုတော့ရှိတယ် လေထိုး လေလျော် သမားတွေလိုတော့မဟုတ်ဘူးနော် သူဒီလိုပြောလိုက်တာဟာ သေတမ်းသတ်တမ်းကစားပွဲကို ကြေညာလိုက်တာဖြစ်တယ်။ သူဟာပြောခဲ့တဲ့စကား ပေးခဲ့တဲ့ ကတိတည်တယ်ဆိုတာ သမီးလေးရွာကိစ္စမှာ သက်သေတည်ခဲ့ပြီ ဖြစ်တယ်။
အလုပ်သမားသပိတ်တွေကို သွေးထွက်သံယိုဖြိုခွဲပြီးတော့ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဘို့ ပြင်ဆင်လာတဲ့ စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုကို စောဆန်းအောင်ရဲ့ ကြေညာချက်က သတိပေးလိုက်တာ ကျောင်းသားတွေကို အားပေးထောာက်ခံတာ ဖြစ်တယ်။ ဒါကြောင့် စောဆန်းအောင်ကို ထောက်ခံတယ်။
____ မြင့်အေး