ဒီနေရာမှာ တိုင်းရင်းသားတွေ ဘာကြောင့် ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရသလဲ ဆိုတာကို တင်ပြလိုပါတယ်။ လွတ်လပ်ရေး ရယူရန် ချုပ်ဆိုခဲ့တဲ့ အောင်ဆန်း - အက်တလီ စာချုပ် ပေါ်မှာ အခြေခံခဲ့ခြင်း ဖြစ်ပါတယ်။ အောင်ဆန်း - အက်တလီ စာချုပ်၏ အဓိကအနှစ်သာရမှာ မြန်မာ မဟုတ်သော တိုင်းရင်သားများအနေဖြင့် မိမိတို့၏ အနာဂါတ်ကံကြမ္မာကို မိမိတို့ဖာသာ ပြဌာန်းပိုင် ခွင့်ရှိကြောင်း ဗြိတိသျှအစိုးရ (အက်တလီ) နှင့် မြန်မာခေါင်းဆောင် (အောင်ဆန်း) တို့က လေးစား အသိအမှတ်ပြုကြောင်း တရားဝင် ကြေညာချက်ပင်ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုပါက အမျိုးသား များ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး တိုင်းရင်းသားလူမျိုးများ အားလုံး တန်းတူရည်တူ ပူးပေါင်းသော ပြည်ထောင်စု နိုင်ငံတော်ကို အတူတကွထူထောင်ရေး (၀ါ) မထူထောင်ရေးကိစ္စကို တိုင်းရင်းသားများ ကိုယ်တိုင် က လွတ်လပ်စွာ ဆုံးဖြတ်ရန်ဟူသော အချက်ပင်ဖြစ်ပါသည်။ ထိုထက် ပိုမိုရှင်းလင်းစွာ ဆို ပါက မြန်မာလူမျိုးများ နှင့် အတူတကွ လွတ်လပ်ရေး ရယူရေး မရယူရေး ကိစ္စကို တိုင်းရင်းသားများ ကိုယ်တိုင်က ဆုံးဖြတ်ရန် ဖြစ်ပါသည်။ ဗြိတိသျှလူမျိုးများက သော်လည်းကောင်း၊ မြန်မာလူမျိုးများက သော်လည်းကောင်း ထိုတိုင်းရင်းသားလူမျိုး များ၏ အရေးကို ဆုံးဖြတ်ပိုင်ခွင် မရှိဟူသော အချက်ကို အောင်ဆန်း နှင့် အက်တလီ တို့က အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။ အောင်ဆန်း - အက်တလီ စာ ချုပ်အရ သမိုင်းဝင် ပင်လုံညီလာခံကို ခေါ်ယူကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အောင်ဆန်း နှင့် တိုက်ရိုက်မ ဆွေးနွေးခင် တိုင်းရင်းသားလူမျိုးများ အချင်းချင်း တိုင်ပင် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၁၉၄၇ ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် ရှမ်း နှင့် ကချင် ခေါင်းဆောင်များ ညှိနှိုင်း၍ အောက်ပါ သဘောတူညီ ချက်ကို ချမှတ်ခဲ့ကြသည်။ ယင်းမှာ မြန်မာလူမျိုးများ နှင့် အတူ လွတ်လပ်ရေး ရယူပါက
(၁) မြန်မာ လူမျိုးများရရှိသော အခွင့်အရေးအားလုံးကို တန်းတူရည်တူ ရရှိစေရမည်။
(၂) ပြည်ထောင်စုထဲမှ မိမိ တို့ ဆန္ဒအတိုင်း လွတ်လပ်စွာ ခွဲထွက်ပိုင်ခွင့် ရှိစေရမည် ဟူသော အချက်ကြီး နှစ်ချက် နှင့် အခြား အချက်များအပေါ် သဘောတူညီ ခဲ့ကြပါသည်။ ထိုနေ့ ညနေပိုင်းတွင် ပင်လုံမြို့ကို ရောက်ရှိသော ချင်း ခေါင်းဆောင်များ နှင့် နောက်နေ့ ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ဆွေးနွေးကြသောအခါ အထက်ပါ အချက်ကို ထပ်မံ အတည်ပြု သဘောတူညီ ခဲ့ကြပါသည်။ အဆိုပါ အချက်များကို အခြေခံ၍ ဖေဖေါ် ၀ါရီလ (၁၂) ရက်နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ် ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပင်လုံ ညီလာခံ သဘောတူညီချက်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တိတိကျကျ ရေးဆွဲ ပြဌာန်းခဲ့ပါသည်။ ယင်းသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၀)၊ ပုဒ်မ (၂၀၁) နှင့် (၂၀၂) တို့အရ ဆယ်နှစ်အတွင်း ပြည်ထောင်စု မြန်မာ နိုင်ငံတော်မှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း (အားလုံး)၌ အခွင့်အရေး ရှိရမည်ဟူသော အချက် ဖြစ်ပါသည်။ ခွဲထွက်ရေး ပုဒ်မ၏ ဆိုလိုရင်းမှာ ဆယ်နှစ် ကြာသောအခါ အကယ်၍ တန်းတူမှုမရှိဟု ယူဆပါက သော်လည်းကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အဖြစ် ပါဝင်ခြင်းထက် မိမိတို့၏ အမျိုးသားနိုင်ငံတော်များကို သီးခြားလွတ်လပ်စွာ ထူ ထောင်ခြင်းက မိမိတို့၏ အမျိုးသားရေးအတွက် ပို၍ ကောင်းကျိုးဖြစ်ထွန်းသည် ဟု ယူဆလာပါက သော်လည်းကောင်း ပြည်ထောင်စုမှ လွတ်လပ်စွာ ခွဲထွက်ပိုင်ခွင့် ရှိစေရမည် ဟူသော အချက်ပင်ဖြစ် ပါသည်။
(လျန်ဆာခေါင်း ရေးသားသော ဗမာလော၊ မြန်မာလော ဆောင်းပါးမှ ကူးယူ ဖေါ်ပြခြင်း ဖြစ်ပါသည်)