Sunday, December 9, 2018

ထောင်ချခံရတဲ့ စစ်ဆန့်ကျင်ရေးကချင် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ EU နဲ့ AI တောင်းဆို ~~~~~~~~~


RFA
08,12,2018
■ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကယ်ထုတ်ပေးဖို့နဲ့ စစ်ပွဲတွေရပ်ဖို့ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ဧပြီလကုန်က ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ အပေါ် AI လို့ ခေါ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ဥရောပသမဂ္ဂနဲ့ ရန်ကုန်အခြေစိုက် ဆွီဒင်သံရုံးတို့က ရှုတ်ချလိုက်ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ဆင်သုံးသပ်ဖို့ ဒီဇင်ဘာ ၇ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ အစိုးရနဲ့ စစ်တပ်ရဲ့လုပ်ရပ်အပေါ် ဝေဖန်သူတွေကို ပါးစပ်ပိတ်သွားစေချင်တဲ့ သဘောထားကို ပြသရာရောက်တယ်လို့ AI ရဲ့ အကြပ်အတည်း ဖြေရှင်းရေးဆိုင်ရာဌာနရဲ့ ညွှန်ကြားရေးမှူး တီရာနာ ဟတ်ဆန် Tirana Hassan က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအရေး ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေကို တိုက်ခိုက်ထိုးနှက်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ တရားစွဲတာတွေ ဆက်ရှိနေဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
တပ်မတော်နဲ့ ကေအိုင်အေတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တောထဲမှာ ပိတ်မိနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကနေ မေလဆန်းအထိ မြစ်ကြီးနားမြို့မှာ တောင်းဆိုဆန္ဒပြခဲ့တဲ့ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှု ပုဒ်မ ၅ဝဝ နဲ့ တရားစွဲထားတာကို၊ ထောင်ဒဏ် ၆ လစီနဲ့ ငွေဒဏ် ၅ သိန်းစီ ကျခံဖို့ မြစ်ကြီးနားမြို့နယ် တရားရုံးက မနေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်။ တကယ်လို့ သူတို့ဟာ ငွေဒဏ် ၅ သိန်း မပေးဆောင်ဘူးဆိုရင် ထောင်ဒဏ်နောက်ထပ် ၆ လ ထပ်မံ ကျခံရမှာဖြစ်ပါတယ်။
- တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကယ်ထုတ်ရေး ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်။