Sunday, March 19, 2017

မတ်လ ဟာ ကျမအတွက် ကောင်းချီးမင်္ဂလာတွေကို သိသာထင်ရှားစွာ ခံစားရရှိတဲ့ လဖြစ်တယ်။



၁။ ဂျပန်နိုင်ငံကို လာရောက်ပြီး အောက်လွှတ်တော်အမတ်နဲ့ တွေ့ဆုံပေးဖို့ KNO, NP Peace နဲ့ ဂျပန်နိုင်ငံရောက် ကချင်လူမျိုးများ စုပေါင်း ဖိတ်ကြားခံရလို့ ဗီဇာ လုပ်တဲ့အခါ စာရွက်စာတမ်း အစုံအလင်ကိုင်ပြီး ဖေဖေါ်ဝါရီလကုန်အထိ သံရုံး ၃ ခါ သွားလည်း အဆင်မပြေခဲ့ဘူး။ ကချင်ငြိမ်းချမ်းရေးကွန်ရက်က မှတ်ပုံတင် မလုပ်ထားလို့ ဆိုတဲ့ အကြောင်းပြချက်ပေးခဲ့တယ်။ ကိုယ်လည်း ၃ ခါ လာပြီးပြီ၊ မပေးရင် မယူဘူး။ Passport သာ ပြန်ပေးပါ လို့ အော်ခဲ့တယ်။ ဒီတော့မှ Passport ကို ယူထားလိုက်ပြီး မတ်လ ၁ ရက်နေ့မှာ ဗီဇာရပြီ ညနေ စာအုပ်လာယူပါ လို့ ဖုန်းခေါ်လာတယ်။
၂။ ဂျပန်နိုင်ငံ ရောက်တဲ့အခါ ကချင်လူမျိုးများနဲ့ ပျော်ရွှင်စွာ တွေ့ဆုံခွင့်ရပြီး မိသားစုပမာ ကြိုဆို ဧည့်ခံကျွေးမွေးပြီး လိုလေသေးမရှိ စောင့်ရှောက်ခံရတဲ့အခါ ကိုယ့်မိသားစု နဲ့ ပြန်ဆုံသလို ခံစားရတယ်။ စစ်ဘေးဒါဏ်ကြောင့် ဒုက္ခရောက်နေတဲ့သူများအတွက် သူတို့ ပင်ပန်းစွာ အလုပ်လုပ်ပြီး ရရှိတဲ့ ၀င်ငွေနဲ့ လှူဒါန်းကြတဲ့အပြင် ရံပုံငွေ ရှာဖွေရေးအစီအစဉ်များ သီးသန့် လုပ်ပြီး ကြိုးစားပံ့ပိုးနေကြတာ မြင်ရတယ်။ စစ်ဖြစ်ရာဒေသမှ မိတ်ဆွေများအတွက် မျက်ရည်ကျလျက် ဆုတောင်းကူညီကြတယ်။ လူငယ်တွေလည်း ဒုက္ခသည်စခန်းတွေအတွက် စာသင်ကျော်ငးများ ရရှိအောင် ကြိုးစားပြီး ငွေရှာပေးနေတာ တွေ့ရတဲ့အခါ နီးချင်း ဝေးခြင်း ထက် "သွေးချင်း" သဆိုတဲ့ စကားလုံးကိုဘဲ နားထဲမှာ ကြားနေရတယ်။ သူတို့ရဲ့ စည်းလုံးညီညွတ်မှု နဲ့ အချင်းချင်းယိုင်းပင်းကူညီမှု လူကြီးက လူငယ်ကို ကာကွယ်စောင့်ရှောက် လမ်းညွှန်မှု၊ လူငယ်တွေက လူကြီးတွေကို လေးစားမှုဟာ မိသားစုဝင်တွေလို ဖြစ်တာကို မြင်ရတော့ ရှေ့ဆက်လုပ်ဆောင်ဖို့ ခွန်အားတွေ အများကြီး ရလာတယ်။ IDP များအတွက်နဲ့ ကျမနဲ့ လုပ်ဖော်ကိုင်ဖက်များအတွက် လက်ဆောင်များ လက်ဆောင်ပစ္စည်းများကို တနင့်တပိုးကြီး ပေးလိုက်ကြပါတယ်။ ကျေးဇူးတင်ပါတယ်။
၃။ ခရီးစတင်စဉ်က အောက်လွှတ်တော်အမတ်များနဲ့ Ministry of Justice နဲ့သာ တွေ့ဆုံရမယ် လို့ နားလည်ထားခဲ့တယ်။ တကယ်လည်း အောက်လွှတ်တော်အမတ် ၃ ဦးနဲ့ Ministry of Justice မှာ အရာရှိများနဲ့ တွေ့ဆုံခဲ့ပြီးတဲ့အခါ သတင်းပြန့်သွားပြီး နောက်တနေ့မှာ Ministry of Foreign Affair မှ ဖိတ်ခေါ်ပြီးဒ presentation လုပ်ခိုင်းပြန်တယ်။ ဒါဟာ နောက်ဆုံးဖြစ်မယ် လို့ ထင်ခဲ့ပေမဲ့ အထက်လွှတ်တော် အမတ်က သူ့ရုံးခန်းကို တခါ ဖိတ်ကြားပြီး တင်ပြ ဆွေးနွေး ခိုင်းတဲ့အခါ ဘုရားသခင်ရဲ့ အစီအစဉ်ကို အံ့သြတကြီး ဖြစ်မိပါတယ်။ ဂျပန်ခရီးစဉ်ကို စီစဉ်ပေးတဲ့ KNO, NP Peace, ဂျပန်ရောက် ကချင်လူမျိုးများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အထူးသဖြင့် Marip Seng Bu John Jangma Myu Awng Saiga Brang Kum Htoi Hpa Yamaguchi Aiko SengHein Dabang Myit Munggu LW Ja Wang Balaw Pa Pa, Seng San Lahpai, Lashi Je Naw, Day Mon Maran Labang David, Nu Nu Wa Lazum Pri Sham Lu Hkawn San Maran တို့အပါအ၀င် အနီးကပ် စောင့်ရှောက်ပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို အထူးကျေးဇူး တင်ပါတယ်။
၎။ အိမ်ပြန်ရောက်ပြီး မကြာမီမှာဘဲ ညီမငယ် Mai Mai Mai က Woman of Change Award ကို ချီးမြှင့်ခြင်း ခံရပါတယ်။ သူမဟာ ကိုယ့်မျက်စိရှေ့မှာဘဲ သေမင်းလက်ထဲကနေဘုရားသခင်ရဲ့ ကောင်းချီးတော်ကြောင့် လွှတ်ကင်းခဲ့ရပြီး ဂုဏ်တော်ကို ထင်ရှားဖို့နဲ့ မိမိ လူမျိုးတွေကို အစေခံဖို့ သီးသန့် ရွေးချယ်ခြင်း ခံရသူဖြစ်တယ်။ သူမဂုဏ်ပြု ခံရခြင်းဟာ ကျမ ဂုဏ်ပြုခံရတာထက် ပိုပြီး ၀မ်းသာစရာ ကောင်းသလို ဘုရားသခင်ရဲ့ ကောင်းချီးတော်ကို ပိုပြီး ချီးမွမ်းနိုင်လာတယ်။ ကချင်လူမျိုးများရဲ့ အကျိုး၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်တဲ့ နေရာမှာ ပိုပြီး ထိရောက်လာမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ တသီကြီး ထွက်လာပါတယ်။
၅။ ကျမ တတ်သိ နားလည်တဲ့ အချိန်က စပြီး တိုင်းရင်းသားရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီပွဲ ဆိုတာ ဘာမှ မဆိုင်ခဲ့ပါဘူး။ ညကလည်း အကယ်ဒမီပွဲ မကြည့်ပါဘူး။ သို့သော် Computer ဖွင့်ပြီး ဖေ့စ်ဘုတ် ဖွင့်လိုက်တာနဲ့ Kumudra က ရုပ်ရှင်အထူးဆု မနောမြေမှကျောက်စိမ်းကမ္ဘာ ဆိုတဲ့ စာကြောင်းလေးက ချက်ချင်းတက်လာပါတယ်။ ဒါနဲ့ ချက်ချင်း ထခုန်ပြီး ဖေ့စ်ဘုတ်မှာ Share လိုက်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဒါရိုက်တာ ဒေါင်လွမ်း ဟာ ဒီလို ရုပ်ရှင်ကားကြီး မထုတ်မီကတဲက ကချင်ဗွီဒီယိုတွေကို ကချင်မဟုတ်တဲ့ အခြားသူများ ကြည့်ရှု့ ခံစားနိုင်ပြီး ကချင်ဇာတ်ကားတွေကို ကမ္ဘာကျော်အောင် ကြိုးစားနေတဲ့သူတယောက် အဖြစ် တစိုက်မတ်မတ် ကြိုးစားနေသူ ဖြစ်တယ်။ Maran Seng Naw ကတော့ ဒုက္ခသည်များအတွက် ကူညီမှုမှာ အဆက်မပြတ် ပါဝင်နေသူဖြစ်တယ်။ ဒီဆု ရခြင်းဟာ ကျမအတွက်တော့ ဒုက္ခသည်များ အရေးမှာ ကူညီပေးတဲ့အတွက် ဘုရားသခင် ကောင်းချီးပေးတယ် လို့ ခံယူပါတယ်။ ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ထင်ရှားစေဖို့နဲ့ ကချင်လူမျိုးများရဲ့ ဘေးဒုက္ခကို သက်သာရာ ရစေဖို့ အခွင့်အလမ်းအဖြစ် အသုံးချခွင့် ရစေတဲ့ လမ်းကြောင်းဖြစ်တယ်။ လောလောဆယ်တော့ ကိုဆိုင်းနော်ဆီက အမွေတောင်းလို့ ရတဲ့ ပစ္စည်းတွေကို လေလံတင်ပြီး IDP များအတွက် ရံပုံငွေ ရှာခြင်းကနေ စတင်ပါမယ်။
၆။ ၁၆ ရက် မတ်လမှာဘဲ ကျမစီးလာတဲ့ ကား အပါအ၀င် တခြား ၃ စီးကို YBS က ၀င်တိုက်ခဲ့ပါတယ်။ အရှိန်က အတော်ပြင်းပြီး ကားတွေ စုတ်ပြတ် သွားပေမဲ့ လူက မယ်မယ်ရရ ဒါဏ်ရာ မရပါဘူး။ ကားနောက်ခန်းမှာ ထိုင်ပြီး Seatbelt မသုံးထားတဲ့အတွက် ကိုင်ဆောင့် သလို ဖြစ်ခဲ့တဲ့အတွက် လည်ပင်း၊ ခါးနဲ့ မြီးညှောင့်ရိုးတွေ နဲနဲ လေးတော့ နာခဲ့ပေမဲ့ အခုတော့ ပျောက်နေပါပြီ။ ဘယ်မှာဘဲထိုင်ထိုင် ကားထဲရောက်ရင် seatbelt လိုတယ် ဆိုတာကို လက်တွေ့ သင်ယူရတာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ (ပထမအကြိမ်က Wati Yu Maw နဲ့အတူတူ အခုလို တပုံစံထဲ အတိုက်ခံခဲ့ရတာ) ဒီသင်ခန်းစာထက် အမြတ်ကတော့ YBS ဖန်တီးရှင် ကွီးဖြိုးကို အချိန်မရွေး ထဆဲဖို့ အကြောင်းရင်း ခိုင်ခိုင်မာမာ ရပြီ ဖြစ်တယ်။ အသက်ရှင်လျက် ကျန်းကျန်းမာမာ ပြန်ထွက်လာခိုင်းတာဟာ ကချင်လူမျိုးများကို ဆက်လက် အစေခံဖို့နဲ့ ကွီးဖြိုးကို ဆက်ဆဲဖို့ ဖြစ်တယ် လို့ လက်ခံပါတယ်။

၂၀၁၇ မတ်လ ဟာ ကျမအတွက်တော့ ကောင်းချီးမင်္ဂလာများ ခံစားရတဲ့ လပါဘဲ။ နောက်ထပ် ၁၁ ရက်အတွင်းမှာ အများကြီး ထပ်လာမယ်လို့လည်း မျှော်လင့်နေဆဲပါဘဲ။