Saturday, May 21, 2016

ခင်ဗျားတို့ ဘယ်သူ့ကို အပြစ်တင်ကြမလဲ

  • U Ravika·

    စစ်သားတွေ သေလို့ စစ်သားမယားတွေ မုဆိုးမဖြစ်ကုန်တာကို စစ်လော်ဘီတွေက အမျိုးမျိုးအဖုံဖုံ ရေးကြတယ်။ အချို့ဆို ကိုယ်ဝန်သည်ပဲ ရှိသေးတယ်။ ကလေးက သူ့အဖေကို မြင်ခွင့်မရတော့ပြီ။ အဖမဲ့ကလေးရဲ့ အနာဂတ်ဟာ အများကလေးတွေလို လှပနေမှာမဟုတ်တော့ပါ။ ယောကျာင်္းက ကျသွားလို့ ကျန်ရစ်တဲ့ ဇနီးသည်ကလည်း အိမ်ထောင်သည်လိုင်းကနေ ဘယ်တော့ထွက်ရမလဲ မသိပါ။ ထွက်ရတဲ့နောက်မှာလည်း စစ်မှုထမ်းဟောင်းတွေအတွက် ဦးပိုင်ကို ထောင်ထားပေမဲ့ ဗိုလ်ချုပ်ကြီးတွေပဲ ပိုင်ခဲ့ဖူးလို့ ဆင်ပါးစပ်ထဲ နှမ်းပက်သလောက်ပဲ ရှိခဲ့ပါတယ်။
    ကောင်းပါပြီ။ ဖေစစ်ကြီးတို့၊ ရဲမိုးတို့က မြှောက်ပေးရုံနဲ့ ဒီကျဆုံးစစ်သည်တွေ သူရဲကောင်းဖြစ်သွားမှာမဟုတ်ဘူး။ "အားတင်းထား အမကြီး၊ အမကြီးမျက်လုံးထဲမှာ ခွန်အားသတ္တိတွေ မြင်နေရတယ်"ဒီလို လော်ပေးရုံနဲ့ ဒီမုဆိုးမကို သူတို့ ထမင်းတစ်နပ် ခေါ်ကျွေးမှာမဟုတ်ဘူး။ ဒါတောင် ဒီကျဆုံးစစ်သည်တော်တွေနဲ့ စစ်တန်းလျားက မုဆိုးမတွေဟာ သူတို့ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ လွှတ်တော်အမတ်(၂၅)ရာခိုင်နှုန်း စသည် စသည် ရှိကြပါသေးတယ်။
    ခင်ဗျားတို့ ဘယ်တော့မှမတွေးမိတဲ့ တိုင်းရင်းသားမိသားစုတစ်စုအကြောင်းကော ဒီထက် အခြေအနေ ကောင်းနိုင်ပါ့မလား။ ရွယ်ဂျာဆိုတဲ့ ကချင်အမျိုးသမီးတစ်ယောက်ဟာ မြန်မာစစ်တပ် ဖမ်းခေါ်သွားပြီး ဒီကနေ့အထိ ဘယ်ရောက်နေမှန်းမသိပါ။ ဝိုင်းဖက်ကြတာ၊ ဝိုင်းနမ်းနေကြတာကို ရွာသားတွေ နောက်ဆုံးတွေ့မြင်ကြရပါရဲ့။ နောက်ပြီး KBC က ဆရာမ(၂)ယောက်ကိစ္စဆိုရင်ကော ခင်ဗျားတို့ ဘယ်လိုမြင်ကြလဲ။ မြန်မာစစ်တပ်ကျည်ဆံကြောင့် အလယ်တန်းကျောင်းသူသမီးသေလို့ တရားစွဲမိတဲ့ ဖခင်က တပ်မတော်ကို အသရေဖျက်မှုနဲ့ ပြန်ပြီးတော့ တရားစွဲခံရသေးတယ်။ အကာအကွယ်မဲ့နေတဲ့ ဒီတိုင်းရင်းသားတွေရဲ့ ဘဝကို လွှတ်တော်မှာ ဘယ်နှခါ ဆွေးနွေးဖူးသလဲ။
    အချို့က လွှတ်တော်ထဲဝင်ပြီး တောင်းဆိုကြပါလို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ (၅)နှစ်မှာ တိုင်းရင်းသားပါတီတွေက လွှတ်တော်ထဲမှာ ရောက်နေခဲ့ပြီသားပါ။ လွှတ်တော်ကသာ တိုင်းရင်းသားရေးတွေကို ဗမာတွေနဲ့အတူ တန်းတူမြင်ခဲ့ရင် (၅)နှစ်ထဲမှာ အနည်းဆုံး မိမိပြည်နယ်ဝန်ကြီးချုပ်ကို မိမိဖာသာ ရွေးနိုင်လောက်ပါပြီ။ ပြည်နယ်အခွန်စနစ်နဲ့ ပြည်နယ်သယံဇာတနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့ စီမံခန့်ခွဲမှု ရှိလာမှာမုချပါပဲ။ ဒါပေမဲ့ သိန်းစိန်အစိုးရနဲ့ အခု NLD အစိုးရဟာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကို ကျော်လို့ မရခဲ့ပါဘူး။ မကြာခင်က လွှတ်တော်မှာ ရခိုင်ပြည်တွင်းစစ်အကြောင်း ဆွေးနွေးတော့ မြန်မာစစ်တပ်ရဲ့ ကန့်ကွက်မှုကြောင့် စောစောစီးစီး ဖျာလိပ်ပြီး အိမ်ပြန်ခဲ့ရပါတယ်။ ဒီအချိန်မှာ ခင်ဗျားတို့က လက်နက်ချဖို့ အကြောင်း ပြောတယ်။ အရပ်သားတွေ နစ်နာရတဲ့အကြောင်းတွေကို ပြောတယ်။ ခင်ဗျားတို့ဗမာစစ်တပ်ကသာ လာမရှုပ်ရင် တိုင်းရင်းသားအချင်းချင်းက ညီကြပါတယ်။
    ဒီတော့ ပြည်တွင်းစစ်ကို အမှန်တကယ် ပြီးစေချင်ရင်
    ၁။ လက်နက်ချစကား အလျဉ်းမပြောရ။
  • ၂။ လူမျိုးတိုင်းမှာ သူ့လူမျိုးကို ကာကွယ်မဲ့ တပ်မတော်တစ်ရပ် ထားရှိလိုက ထားရှိခွင့် ရရှိစေရမယ်။
  • ၃။ ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လူမျိုးကမှ အခြားလူမျိုးတစ်မျိုးထက် မကြီးကျယ်ရ။
  • ၄။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ခြွင်းချက်မရှိ သဘောတူလက်ခံရမယ်။
    ဒါတွေဟာ ပြည်တွင်းစစ်ဖြစ်ပွားရခြင်းရဲ့ အကြောင်းပဲ။ ပင်လုံစာချုပ်ကို ပြင်ရေးဖို့ မကြိုးစားနဲ့။ ပင်လုံစာချုပ်ကို လေးစားလိုက်နာပါ။ ပင်လုံစာချုပ်ကိုလည်း ပြင်မယ်၊ ခွဲထွက်ခွင့်ကိုလည်း ရုပ်သိမ်းမယ်ဆိုခဲ့ရင် ဒါဟာ တိုင်းရင်းသားတွေကို ဗမာလက်အောက်သွတ်သွင်းတာပဲ။ ဒီတော့ ပြည်တွင်းစစ်ဟာ ခင်ဗျားတို့လက်ထဲမှာပဲ။ ခင်ဗျားတို့ရပ်ချင်ရင် ရပ်လို့ ရတယ်။ ဆက်တိုက်ချင်သေးတယ်ဆိုရင် နှစ်ဖက်စလုံး ဆုံးရှုံးမှုတွေ ဆက်ရှိနေအုံးမှာပဲ။ ပြီးမှ ဘယ်သူ့ကိုမှ အပြစ်မတင်ကြနဲ့ပေါ့။