Sunday, September 20, 2015

မွန်ပြည်နယ်မှာ လူမျိုးတိုင်းက အဆင့်တူ

U Ravika

မွန်ပြည်နယ်ရှိ မွတ်စလင်တွေကို မွန်အစိုးရက မှတ်ပုံတင် ထုတ်ပေးခဲ့တာ မဟုတ်ဘူး။ မြန်မာအစိုးရကသာ ထုတ်ပေးခဲ့တာ ဖြစ်တယ်။ ကျိုက်မရောဘက်မှာ မွတ်စလင်ရွာတွေ တိုးလာတာဟာ မွန်တို့ရဲ့ တာဝန်မဟုတ်ဘူး။ စစ်အစိုးရနဲ့ အခု ဖွတ်တို့ရဲ့ တာဝန်ပဲ။ သူတို့လုပ်ပေးခဲ့တာ ဖြစ်တယ်။ တကယ်လို့ မွတ်စလင်တွေက မကောင်းဘူးဆိုခဲ့ရင် မြန်မာအစိုးရက ရှင်းလိုက်ဖို့ပါပဲ။ ပြီးရင် မိမိတို့လုပ်ရပ်မှားယွင်းကြောင်း ဝန်ခံကြပေါ့။
မိမိအနေနဲ့ ပြောရရင် နိုင်ငံသားဖြစ်နေသူများနဲ့ အငြင်းအခုံ မလုပ်ချင်ဘူး။ ဒုတိယနိုင်ငံသားလည်း မရှိစေချင်ဘူး။ မွန်ပြည်နယ်မှာ မွန်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်သူတိုင်းဟာ အဆင့်တူလို့ သတ်မှတ်ရမှာ ဖြစ်တယ်။ မိမိအမြဲတမ်း ပြောတယ်။ မွန်ပြည်နယ်မှာ မွန်အစိုးရက စီးပွားရေးကို အကြီးအကျယ်လုပ်မှာမဟုတ်ဘူး။ စီးပွားရေးအခွင့်အရေးတွေကိုပဲ ဖန်တီးပေးရမှာ ဖြစ်တယ်။ ဘယ်လူမျိုးမဆို၊ ဘယ်ဘာသာဝင်မဆို စီးပွားရေးကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ရင် ဝမ်းသာတယ်။ အဲဒီစီ်းပွားရေးလုပ်ငန်းတွေကနေ အခွန်ရပြီး မွန်ပြည်နယ်တိုးတက်ရေးကို ဆောင်ရွက်နိုင်လို့ပါပဲ။ မွတ်စလင်တွေက မွန်တွေထက် လုပ်တတ်ရင် ပိတ်ပင်စရာအကြောင်းမရှိဘူး။
ဒီတော့ မွန်ပြည်နယ်သားအားလုံးဟာ မွန်ပြည်နယ်ဖွဲ့စည်းပုံအောက်မှာ နေထိုင်ခဲ့ရင် အားလုံးက ဘေးကင်းလုံခြုံပြီသား ဖြစ်တယ်။ အမျိုးသားရေးကို အကြောင်းပြပြီး ဘုန်းကြီးကျောင်းကို ဖျက်ရင် ဖျက်သူကို အရေးယူမှာပဲ။ ဗလီကို ဖျက်ရင်လည်း ဖျက်သူကို အရေးယူမှာပဲ။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဖျက်ခဲ့ရင်လည်း အရေးယူမှာပဲ။ အစိုးရအဆောက်အအုံတွေကို ဖျက်ခဲ့ရင်လည်း အရေးယူမှာပဲ။ ပြည်သူတို့ချွေးနှဲစာ၊ ပြည်သူတို့အခွန်နဲ့ ဆောက်ထားသမျှဟာ ပြည်သူတို့အားလုံး ပိုင်ကြတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးသူဟာ ဖွဲ့စည်းပုံကို ချိုးဖောက်သူ ဖြစ်လို့ ထောင်နန်းစံရမှာ ဖြစ်တယ်။
ဒီတော့ ဘယ်သူမဆို မွန်ပြည်နယ်မှာ နေတယ်၊ မွန်ပြည်နယ်အကျိုးကို ဆောင်ရွက်ချင်တယ်ဆိုရင် ကိုယ့်မှာ ရှိတဲ့ ပညာနဲ့ ကိုယ့်ကိုယ်ကို တိုးတက်အောင် ပြုစုပျိုးထောင်ပါလေ။ မွန်ပြည်နယ်သားတွေရဲ့ တစ်ဦးချင်းတိုးတက်မှုဟာ မွန်ပြည်နယ်အတွက် အင်အားဖြစ်စေမဲ့အကြောင်းပါပဲ။ မွန်ပြည်နယ်သားတိုင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေရမယ်။ မွန်လား၊ ဗမာလား၊ ထားဝယ်လား၊ ကရင်လား၊ ပအိုဝ်းလား၊ ကုလားလား၊ တရုတ်လား ဘယ်သူကမှ မျက်နှာမငယ်စေရဘူး။ မွန်ပြည်နယ်သားများအဖြစ် ဂုဏ်ယူလို့ ရတယ်။ ဒါဟာ မိမိသဘောထားပါပဲ။ တိုင်းပြည်မှာ ရန်ဖြစ်နေခဲ့တာ နှစ်ပေါင်းထောင်ချီရှိခဲ့ပြီ။ ညီညွတ်ဖို့အချိန်ရောက်ပြီ။ ဒီတော့ မွန်ပြည်နယ်အကျိုးကို လိုလားသူတိုင်း မွန်ပြည်နယ်ကို အဓိကရုဏ်းတွေ သယ်မလာပါနဲ့။ နည်းပညာတွေ၊ အသိပညာတွေ၊ ဘဏ္ဍာငွေတွေ၊ အခွင့်အလမ်းတွေကိုပဲ သယ်လာစေချင်ပါတယ်။