Saturday, June 6, 2015

ကိုယ့်အင်အားကို မသိရင် အောင်မြင်မှုနဲ့ အလှမ်းဝေးမယ်


U Ravika
 
d · 

ဝေဖန်လက်စနဲ့ ဆက်ဝေဖန်ပါ့မယ်။ စစ်အုပ်စုတွေရော အတိုက်အခံအုပ်စုတွေပါ သူတို့ကို ဝေဖန်လိုက်တာနဲ့ "ဟိုမှာ တကယ်လုပ်နေရသူတွေက လွယ်လှတာ မဟုတ်ဘူး၊ ဘေးထိုင်ဘုပြောမနေကြနဲ့"ဆိုတဲ့ စကားနဲ့ ပြန်ပက်တတ်ကြပါတယ်။ ဟုတ်ပါပြီ။ ကျုပ်တို့ တိတ်တိတ်နေပေးရင် အခြေအနေက ပိုကောင်းလာမယ်လို့ ပြောနိုင်ပါသလား။ မတရားမှု ရှိနေတဲ့အချိန်မှာ တိတ်တိတ်နေခြင်းဟာ အဲဒီမတရားမှုကို အားပေးရာရောက်ပါတယ်။ မတရားမှုကို ငြင်းဆိုဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။ ဒါဟာ နိုင်ငံရေးနဲ့ မဆိုင်ဘူး။ လူသားတစ်ဦးရဲ့ အခြေခံစိတ်ဓာတ်နဲ့ပဲ ဆိုင်ပါတယ်။
ရိုဟင်ဂျာကို မိမိတို့လက်မခံဘူး။ တိုင်းရင်းသားအားလုံးကလည်း လက်မခံကြဘူး။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းလည်း လက်မခံကြဘူး။ သူတို့ကို ဘင်္ဂလီလို့ ခေါ်ကြတယ်။ ၁၆-ရာစုက ရခိုင်သမိုင်းမှာ အမှုတော်ထမ်းခဲ့တဲ့ မွတ်စလင်တွေ ရှိခဲ့ကြောင်း ရေးကြတယ်။ ဒါပေမဲ့ မွတ်တွေပဲ တာဝန်ထမ်းခဲ့တာ မဟုတ်ဘူး။ ပေါ်တူဂီ၊ ပြင်သစ်၊ ဒတ်ခ်ျတွေတောင် ရှိခဲ့သေးတာပဲ။ ၁၈-ရာစု၊ အင်္ဂလိပ်လက်ထက်မှာ ရိုအင်ဂလူမျိုး ရှိခဲ့ဖူးကြောင်း ရေးကြတယ်။ ဦးနု၊ ဦးနေဝင်းတို့ကလည်း လွယ်လွယ်ကလေးနဲ့ ရိုဟင်ဂျာဟာ တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြောင်း ရေးဖူးကြတယ်။ ဒါပေမဲ့ ဒီလူမျိုးကို ရခိုင်တွေ မသိကြဘူး။ အခြားဘယ်တိုင်းရင်းသားကမှ မသိကြဘူး။ မိမိတို့ရဲ့ မိဘဘိုးဘွားတွေလည်း မသိကြဘူး။ မြန်မာအင်ပါယာမှာ သုံးခဲ့တဲ့ ဘာသာစကားကို အင်္ဂလိပ်တွေ စာရင်းပြုစုတော့ မွန်နာမည်တောင် ပါခဲ့သေးလား။ ဒါဆို အဲ့ခေတ်က မွန်ဆိုတာတောင် မရှိခဲ့လေတော့ မွန်ပြည်နယ်ဆိုတာာ အတုကြီးလို့ ပြောလိုက်ရမလား။ မွန်ကို တလိုင်းလို့ ရေးပြီးတော့ အဲ့တလိုင်းကိုတောင် အင်္ဂလိပ်တွေက စာရင်းထဲ မထည့်ခဲ့ကြဘူး။ ခင်ဗျားတို့ အားကိုးနေတဲ့ သမိုင်းကို ရည်ညွန်းတာပါ။ မွန်က အများစု၊ ဗမာက မရှိသလောက် ဖြစ်နေတဲ့ အောက်မြန်မာနိုင်ငံမှာ မွန်စကားကို ရုံးသုံးအဖြစ် အသုံးမပြုဘဲ မြန်မာစကားကို အသုံးပြုဖို့ ချမှတ်တော့ ခရစ်ယာန်ဘုန်းတော်ကြီးတွေတောင် အင်္ဂလိပ်အစိုးရကို အံ့သြခဲ့ရပါတယ်။
ကောင်းပါပြီ။ သမိုင်းက ဘာပဲဖြစ်နေဖြစ်နေ ပြောစရာရှိရင် ပြောရပါလိမ့်မယ်။ သတင်းစာတွေထဲမှာ Myanmar Rohingya Boat People လို့ ရေးကြတယ်။ တကယ်တန်း ဖမ်းမိတော့ ရခိုင်က ဘင်္ဂလီ (၈)ယောက်ပဲ ပါတယ်။ ဘင်္ဂလားဒေ့ရှ်က (၂၀၀)တဲ့။ ဖျာပုံနားဖမ်းမိတဲ့ လှေပေါ်မှာလည်း စိစစ်တုန်းဆိုပေမဲ့ ဘင်္ဂလားက ဘင်္ဂလီတွေ များမှာ သေချာသလောက်ပါပဲ။ ဒါဟာ မြန်မာကိုပဲ လိမ်နေကြတာ မဟုတ်ဘူး။ ကမ္ဘာကို လိမ်လည်လှည့်ဖြားခဲ့ခြင်းဖြစ်တယ်။ ရိုဟင်ဂျာကို ဘာကြောင့် ရခိုင်တွေ လက်မခံခဲ့ကြသလဲ။ ရခိုင်မြေကို အထိမခံလို့ ဖြစ်တယ်။ ဘင်္ဂလီအမည်နဲ့ နိုင်ငံသားအဖြစ်ကို ရခိုင်တွေ လုံးဝဆန့်ကျင်ကြသလားဆိုတော့ လုံးဝဆန့်ကျင်တာမျိုး မရှိဘူး။ ဒါပေမဲ့ ရသင့်ရထိုက်သူကိုပဲ ပေးရပါလိမ့်မယ်။ ဆွေမျိုးအစဉ်အဆက်က ဒီမှာ နေခဲ့ကြောင်း သေချာခဲ့ရင် နိုင်ငံသားပေးလို့ ရတယ်။ ဒါပေမဲ့ ဒီလူမျိုးတွေက ရခိုင်မှာပဲ ထားရမှာ မဟုတ်ဘူး။ မျှတဖို့အတွက် ပြည်ထောင်စုတစ်ဝန်းလုံးက တာဝန်ယူရပါလိမ့်မယ်။ အမေရိကန်က ဘာပဲပြောပြော၊ အာဆီယံက ဘာပဲပြောပြော၊ ကုလသမဂ္ဂက ဘာပဲပြောပြော၊ အနောက်နိုင်ငံတွေက ဘာပဲပြောပြော ကျုပ်တို့တိုင်းရင်းသားတွေဟာ ဒီနိုင်ငံမှာ နှစ်ပေါင်းထောင်ချီ နေလာခဲ့ကြတယ်။ လူတစ်ယောက်ဟာ လူစိမ်းလား၊ အိမ်သားလား စိစစ်စရာတောင် မလိုဘူး။ မြင်တာနဲ့ တန်းသိတယ်။ ဒီတော့ ရိုဟင်ဂျာလှုပ်ရှားမှုဟာ တိုင်းရင်းသားကြားမှာ အင်အားမရှိဘူး။ ဗုဒ္ဓဘာသာက သူတို့ကို နှိပ်စက်တယ်ဆိုခဲ့ရင် ခရစ်ယာန်အများစု နေတဲ့ ကချင်၊ ချင်းနဲ့ ကယားတို့မှာ သူတို့ကို လက်ခံကြမလားဆိုတော့ လက်ခံကြမယ်မထင်ဘူး။ ဒါ အမှန်တရားကို ပြောတာပါ။
ပြည်တွင်းမှာ အင်အားမရှိလို့ သူတို့က ပြည်ပမှာ အဓိကထားပြီး လှုပ်ရှားကြတယ်။ ပြည်တွင်းမှာတော့ အစိုးရအဖွဲ့ဝင်တွေကို ကပ်ကြတယ်။ အတိုက်အခံပါတီကို ကပ်ကြတယ်။ အာဏာရရှိမဲ့ပုံ မပါတဲ့ ဘယ်ပါတီကိုမှ သူတို့စိတ်မဝင်စားကြဘူး။ သူတို့က အိုအိုင်စီအဖွဲ့နဲ့ အခြားနိုင်ငံတကာအဖွဲ့တွေကို အားကိုးတယ်။ သူတို့အင်အားကို သူတို့ သိကြတယ်။ ပြည်ပမှာ သူတို့အင်အားရှိတယ်။ ပြည်ပအားကို ရယူပြီး ပြည်တွင်းကို ဖိအားပေးကြတယ်။ သူတို့သမိုင်း၊ သူတို့လုပ်ရပ် မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် သူတို့က သူတို့အင်အားရှိတဲ့ နေရာကို သိကြတယ်။ ဘယ်ကနေ အားပြုရမလဲ တန်းသိနေတယ်။ ဒါကို ခုခံဖို့ ရခိုင်တွေက အင်အားကို စုစည်းတဲ့အခါ အတိုက်အခံပါတီကို သွားမတွေ့ဘူး။ အတိုက်အခံပါတီကလည်း ဘာမှကို ပွင့်ပွင့်လင်းလင်း ရှိလှတာ မဟုတ်ဘူး။ မရှိတော့ ရဲထွတ်တို့က အသုံးချတယ်။ မှူးဇော်တို့က ဂွင်ဖန်တယ်။ သိန်းစိန်တို့က ဘင်္ဂလီတွေကို ကယ်တင်ရှင်လုပ်လိုက်၊ မျိုးချစ်တွေကို ပြေးကပ်လိုက်နဲ့ အလုပ်ဖြစ်နေတယ်။ အခြေအနေရှုပ်ထွေးအောင် တမင်လုပ်နေကြတယ်။ အစိုးရကလည်း သူတို့ဆီမှာ ဘာအင်အားမှ မရှိလို့ ဘင်္ဂလီကိစ္စ၊ ပြည်တွင်းစစ်ကိစ္စ၊ လက်ပတ်နီကိစ္စ၊ စွမ်းအားရှင်ကိစ္စ၊ မြေသိမ်းကိစ္စ၊ စီမံကိန်းကိစ္စတွေနဲ့ ကစားရတာ ဖြစ်တယ်။ အမှန်ကို ပြောရရင် သိန်းစိန်အစိုးရဟာ ရေမျောနေတဲ့ လှေစီးဒုက္ခသည်တွေလိုပဲ ကပ်စရာနိုင်ငံရေးကမ်းစပ်က မရှိဘူး။ ဒါကြောင့် ရမိရရာ တွယ်ကပ်နေကြရတာ ဖြစ်တယ်။
ဘင်္ဂလီတွေက သူတို့အင်အားရဲ့ ဗဟိုချက်မကို သိပြီး ဘယ်ကနေ တိုက်ပွဲ ဝင်ရမလဲ သိကြလို့ အရှိန်အဟုန်က ပြင်းထန်ပါတယ်။ အစိုးရကလည်း သူတို့ရဲ့ အားပြုရာ စစ်တပ်၊ ရဲ၊ ခရိုနီ၊ စွမ်းအားရှင်တွေကနေ အင်အားပြုပြီး တိုက်ပွဲဝင်နေကြတာ ဟုတ်ပါပြီ။ UNFC ရော Non-UNFC ပါ ပါဝင်တဲ့ NCCT ကရော ကိုယ့်အင်အားကို သိကြပါရဲ့လား။ မိမိအထင်ကို ပြောရရင် တိုင်းရင်းသားခေါင်းဆောင်အချို့ဟာ ကိုယ်ကိုယ့်ကို ယုံကြည်မှု ပျောက်ကွယ်နေကြတယ်။ တိုင်းရင်းသားတို့ရဲ့ အင်အားဟာ ပြည်မမှာ မရှိဘူး။ ပြည်နယ်တွေမှာပဲ ရှိတယ်။ ပြည်နယ်များကို အခြေခံပြီး ပြည်ထောင်စုကို ဖွဲ့စည်းကြမယ်လို့ ကြွေးကြော်ကြတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ပြတာမျိုး မရှိဘူး။ အချင်းချင်း ခြေထိုးဖို့ပဲ စဉ်းစားနေကြတယ်။ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေက အင်အားရှိကြတယ်။ ဒီပြည်နယ်တွေမှာ ကိုယ့်အင်အားကို မတည်ဆောက်နိုင်ခဲ့ရင် ပြည်မမှာလည်း အင်အားပြလို့ မရဘူး။ ပြည်ပမှာလည်း အင်အားပြုလို့ မရဘူး။ အင်အားက မရှိတော့ အင်မတန်ကြီးကျယ်တဲ့အလုပ်ဟာ သေးသိမ်သွားရတယ်။ ကိုယ့်အင်အားအမှန်ကို မသိကြလို့ပါပဲ။ ဒီတော့ ဖြစ်သင့်တာက ဖက်ဒရယ်တပ်မတော်ကို အင်အားကြီးထွားအောင် လုပ်ရမယ်။ မြန်မာ့တပ်မတော်ကို ပြည်နယ်တွေကလည်း မောင်းထုတ်ရမယ်။ စစ်ကစားတဲ့နေရာမှာ ပြည်နယ်တွေမှာတင် မဟုတ်ဘူး။ ပြည်မမှာတောင် ရှိနေရမယ်။ ဒါမှ အင်အားချိန်ခွင်လျှာ မျှတပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ အလုပ်မလုပ်ဘဲ၊ အပင်ပန်းမခံဘဲ ပြောက်ကြားစစ်နဲ့ တိုက်လာတာ နှစ်ပေါင်း (၆၀)ကျော် ကြားခဲ့ပြီ။ ရန်သူက နည်းဗျူဟာအမျိုးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့ပေမဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ သမရိုးကျတော်လှန်ရေးကိုပဲ ဆက်လုပ်နေကြတုန်းပါ။ မအောင်မြင်တဲ့ တော်လှန်ရေးကို upgrade လုပ်ဖို့ ကြိုးစားရင်းနဲ့ အဖွဲ့အချို့က ထွက်သွားပြန်ရောပဲ။ ဒီအတိုင်း နေသွားရင် သိန်းစိန်နဲ့ မအလတို့က ဖက်ဒရယ်ကို ပေးကြမယ်လို့ မျှော်လင့်နေကြတာကလည်း အဆိုးဆုံးပါ။
ပြောလက်စနဲ့ အတိုက်အခံပါတီဆိုသူများကိုလည်း ဝေဖန်ရပါအုံးမယ်။ အတိုက်အခံပါတီဆိုတာ အတိုက်အခံပီသရပါ့မယ်။ (၅) နှစ်ဆိုတဲ့ အတိုင်းအတာဟာ အာဏာရှင်တွေကို အလိုလိုက်လို့ ပြည့်စုံပါတယ်။ အတိုက်အခံက အတိုက်အခံ မပီသတဲ့အခါ တကယ်နစ်နာရမှာက ပြည်သူတွေပါ။ ပြောတာကတော့ ပြည်သူတွေ နစ်နာမှာ စိုးလို့ပါပဲ။ တကယ်တန်းကျတော့ အာဏာရှင်တွေ ဘာပဲလုပ်လုပ် မပြောတာဟာ ပြည်သူတွေရဲ့ အခြေအနေကို ပိုဆိုးစေပါတယ်။ လူတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်တာနဲ့ မေ့ဆေးထိုးပြီး သတ်တာပဲ ကွာပါတယ်။ ပြည်သူတွေမှာ ပိုကောင်းလာတဲ့ အခြေအနေ မရှိပါဘူး။ အုပ်ချုပ်သူလူတန်းစားတွေက အအုပ်ချုပ်ခံရသူပြည်သူတွေအပေါ်မှာ ဒီလောက် နိုင်ထက်စီးနင်း ရှိနေတဲ့ အချိန်မှာ တိတ်တိတ်နေခြင်းမှာ အချက်ပြမှားစေပါတယ်။ ဒါကို ပြုပြင်ဖို့ လိုပါပြီ။ ပြည်သူတွေမှာ အင်အားရှိမှ အတိုက်အခံရဲ့ အင်အားရှိပါတယ်။ ပြည်သူ့တွေမှာ အင်အားရှိနေဖို့ လိုပါ့မယ်။ အာဏာရှင်တွေကတော့ ပြည်သူအချင်းချင်း မညီညွတ်အောင် ထားတယ်။ အဓိကရုဏ်းတွေ၊ ဘာသာရေးပဋိပက္ခတွေ ဖန်းတီးမယ်။ အချင်းချင်းမညီညွတ်လို့ဆိုရင် ပြည်သူတွေမှာ အင်အား မရှိတော့ဘူး။ ပြည်သူတွေမှာ အင်အားမရှိခဲ့ရင် အတိုက်အခံပါတီကို မှုစရာ မလိုတော့ဘူး။ အခု မဘသတို့၊ အမျိုးသားပါတီတို့၊ ဟိုအဖွဲ့ဒီအဖွဲ့တို့ဟာ ပြည်သူတွေကို နဝေတိမ်တောင် ဖြစ်အောင် လုပ်ကြမဲ့ပါတီတွေပါ။ ဒီအချိန်မှာ အတိုက်အခံပါတီက ပြည်သူတွေနဲ့ နီးနီးကပ်ကပ် မနေဘဲ လွှတ်တော်မှာ အချိန်ဖြုန်းနေခဲ့ရင် အဲဒါကမှ စစ်တပ်ဆင်ထားတဲ့အကွက်ထဲ ဝင်မိတာပါ။ ထောင်ချောက်ဆိုတာ လွှတ်တော်နိုင်ငံရေးပါပဲ။ အဲဒီလွှတ်တော်နိုင်ငံရေးကို စမိတယ်ဆိုကတည်းက ထောင်ချောက်ထဲ ရောက်နေပါပြီ။ အဲဒီထောင်ချောက်ကနေ လွတ်မြောက်ဖို့ အခြားထောင်ချောက်တစ်ခုကို ဝင်မိမှာစိုးလို့ဆိုခဲ့ရင် အဲဒီထောင်ချောက်ကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ဒီထောင်ချောက်ကနေ လွတ်မြောက်ဖို့ အခြားထောင်ချောက်တစ်ခုကို ကြောက်နေဖို့ မလိုဘူး။
ဒီတော့ ဘင်္ဂလီတွေက သူတို့အင်အား ဘယ်နေရာမှာ ရှိကြောင်း သိလို့ မြန်မာနိုင်ငံကို ဖိအားပေးတဲ့နေရာမှာ ထိရောက်မှု ရှိခဲ့ပါတယ်။ ဒါကို ဝန်ခံကြရပါ့မယ်။ အစိုးရကလည်း သူတို့မှာ အင်အားမရှိလို့ အင်အားစုတွေကို ခွဲထုတ်ပြီး နိုင်ငံရေးခြေကုပ်စခန်းရဖို့ ကြိုးစားနေပါတယ်။ အခု အတိုက်အခံတွေ အကြပ်ရိုက်နေပုံကို ထောက်ရင် သူတို့မှာလည်း အောင်မြင်မှုရနေကြောင်း တွေ့နိုင်ပါတယ်။ တိုင်းရင်းသားတွေရော ကိုယ့်အင်အားက ဘယ်နေရာမှာ ရှိနေပါသလဲ သိကြပါပြီလား။ ကိုယ့်အင်အားကို တည်ဆောက်နိုင်ခဲ့ပြီလား။ အတိုက်အခံပါတီဆိုသူတွေကကော ကိုယ့်အင်အားအစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပြီလား။ ကိုယ့်အင်အားအမှန်ကို မသိဘဲ ဖြစ်ချင်ဇောတစ်ခုထဲနဲ့ လုပ်လို့ မရဘူး။ အင်အားဖြုန်းတီးရာ ရောက်တယ်။ ရန်သူကို အခွင့်အရေး ပေးသလို ဖြစ်တယ်။ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ စိတ်ကြိုက်ဝေဖန်နိုင်ပါတယ်။