Thursday, June 4, 2015

သမ္မတဦးသိန်းစိန်အစိုးရဟာ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လွယ်လွယ်နဲ့လက်ခံသယောင် ပြောနေတာကို နားယောင်တဲ့သူတွေ ရှိကောင်းရှိမှာဖြစ်ပေမယ့်

Text Report on Ethnic Conference:
သမ္မတဦးသိန်းစိန်အစိုးရဟာ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လွယ်လွယ်နဲ့လက်ခံသယောင် ပြောနေတာကို နားယောင်တဲ့သူတွေ ရှိကောင်းရှိမှာဖြစ်ပေမယ့် အစိုးရပြောနေတဲ့ ဖယ်ဒရယ်ဆိုတာ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက အချက်တွေကို နိုင်ငံရေးဆွေးနွေးပွဲမှာထည့်သွင်းသွားတဲ့အခါကျရင် နောင်တရတာမျိုး မဖြစ်ဖို့ သတိထားရမယ်လို့ ကရင်ပြည်နယ် လော်ခီးလာမှာ ၅ရက်ကြာကျင်းပနေတဲ့ တိုင်းရင်းသားညီလာခံမှာ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇွန်လ ၃ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရအဆက်ဆက်ပြောနေတဲ့ ဒို့တာဝန်အရေးသုံးပါးမှာ ပြည်ထောင်စုမပြိုကွဲရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အစိုးရက မလိုက်နာဘဲ တစ်ပြည်ထောင်စနစ်နဲ့အတူ ပင်လုံစာချုပ်မူကို ပစ်ပယ်ပြီး အုပ်ချုပ်နေတဲ့အကြောင်း၊ တိုင်းရင်းသားတွေအားလုံးဟာ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ဖို့ ကြိုးစားနေတာမို့ အစိုးရအနေနဲ့ သံသယဖြစ်စရာအကြောင်းမရှိဘူးလို့ ဆွေးနွေးပွဲ ဒုတိယနေ့အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
“တအာင်းလူမျိုးများနဲ့ကိုးကန့်လူမျိုးတို့ဟာ ၁၃၅မျိုးမှာပါဝင်တဲ့ တိုင်းရင်းသားစစ်စစ်တွေဖြစ်ပါတယ်။ ဒီအချိန်ကျမှ ကိုးကန့်အဖွဲ့အစည်းကိုလည်း တောင်ပြောမြောက်ပြော ရှုတ်ချသံတွေကြားနေရတယ်။ ၁၉၈၉ခုနှစ်မှာ ပထမဆုံးငြိမ်းချမ်းရေးယူခ့တာ ဖုန်ကြားရှင်ဦးစီးတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။ အဲဒီအချိန်က မိုးကျရွှေကိုယ်အဖြစ် တပ်မတော်အစိုးရက အထူးဒေသ ၁ဆိုပြီးတော့ မြှောက်စားခဲ့တာဖြစ်တယ်။ ဖုန်ကြားရှင်ဟာ တဲစုတ်နဲ့ တောရွာလေးဖြစ်တဲ့လောက်ကိုင်ကို နေ့မအားညမအား ကြိုးစားခဲ့ရာက တိုက်တာကြီးတွေနဲ့ မြို့ပြကလေးဖြစ်အောင် ကြိုးစားခဲ့တယ်။ နိုင်ငံရေးနည်းနဲ့ မဆွေးနွေးဘဲ အကြမ်းပတမ်းနည်းနဲ့ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန်ဆိုပြီးတော့ မိုးမမြင်ကမ်းမမြင် မဖြစ်သင့်တာဖြစ်ခဲ့ရလို့ သူကြိုးစားတည်ဆောက်ခဲ့ရတဲ့ လောက်ကိုင်မြို့ကလေးကို မျက်ရည်ကျစွန့်လွှတ်ခဲ့ရတာဖြစ်တယ်။ ဒါကိုလည်း ကိုယ်ချင်းစာမိပါတယ်။ ဒီနေ့ဒီအချိန်မှာ ပြည်ပရန်သူသဖွယ်တော့ မဆက်ဆံသင့်ဘူးလို့ ယုံကြည်ပါတယ်။ တအောင်းနဲ့ ကိုးကန့်အဖွဲ့ဟာ UNFC နဲ့ NCCT အဖွဲ့ဝင်တွေဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ စကားရပ်နဲ့အညီ ရပ်စဲရေးလက်မှတ်ထိုးရမှာ သူတို့လည်း ပါဝင်သင့်တယ်လို့ ယူဆပါတယ်”လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
တိုင်းရင်းသားညီလာခံကို တက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘဝတူတွေဖြစ်ပြီး အချင်းချင်းပြိုင်ကြဖို့မဟုတ်ဘဲ ညီညွတ်ရေးဗဟိုပြုဆွေးနွေးဖို့ တိုက်တွန်းတဲ့အကြောင်း၊ တိုင်းပြုပြည်ပြုလုပ်ငန်းဖြစ်တာကြောင့် သမိုင်းတွင်ကျန်ရစ်မယ့် လုပ်ငန်းကို တွေးခေါ်မြော်မြင်မှုရှိရှိ စိတ်ရှည်ရှည်နဲ့ ရလဒ်ကောင်းထွက်လာဖို့ ဆွေးနွေးကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
KNU ထိန်းချုပ်ရာ လော်ခီးလာမှာကျင်းပတဲ့ တိုင်းရင်းသားညီလာခံကို လက်နက်ကိုင်အဖွဲ့အစည်း ၁၇ဖွဲ့ဖြစ်တဲ့ NCCT အဖွဲ့ဝင် ၁၆ဖွဲ့နဲ့ ABSDF တို့အပြင် လေ့လာသူ ၁၅ဝကျော်၊ ကုလသမဂ္ဂနဲ့ တရုတ်သံတမန်တို့ တက်ရောက်ခဲ့ကြပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကို တစ်ဖွဲ့ချင်းက ဆွေးနွေးကြမှာဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား သဘောတူကြမယ့် အပစ်ရပ်စာချုပ်မူကြမ်းဆွေးနွေးပွဲမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယားက တိုက်ပွဲဖြစ်နေတဲ့အချိန်မှာတောင် ဆွေးနွေးပွဲရှေ့ဆက်ဖို့ မျှော်လင့်နေပြီး အနာဂတ်ကလေးငယ်တွေအတွက် အေးချမ်းတဲ့ဘဝကို ဖန်တီးပေးနိုင်ဖို့လိုပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ နှောင့်နှေးမယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့လည်း အာမခံနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang က မြန်မာပြည်အပစ်အခတ်ရပ်စဲရေးအတွက် အလားအလာကောင်းတွေ တွေ့ခဲ့ရပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်နေရုံနဲ့မရဘဲ အခွင့်အခါကောင်းကိုကိုင်စွဲနိုင်ဖို့က အရေးကြီးတဲ့အကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းဟာ တောင်တက်သလို သုံးပုံနှစ်ပုံလောက်ရောက်တဲ့အခါ ပိုပြီးခက်ခဲကြမ်းတမ်းလာတယ်လို့ မြင်တတ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုဆွေးနွေးပွဲမှာ NCA စာချုပ်ကို လေ့လာဆွေးနွေးဖို့ဖြစ်ပြီး အစိုးရဘက်က ကိုးကန့်၊ TNLA နဲ့ ရခိုင့်တပ်မတော်တို့ ၃ဖွဲ့ကို ချန်ထားပြီး ကျန်အဖွဲ့တွေနဲ့ လက်မှတ်ထိုးချင်နေတဲ့အကြောင်း၊ တိုင်းရင်းသားတွေဘက်ကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဦးတည်ပြီး အစိုးရက ကျန်တဲ့ ၂ဖွဲ့ ၃ဖွဲ့ကို ဖိတိုက်နေရင် ကျန်တဲ့အဖွဲ့တွေကလည်း နေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
(ဓာတ်ပုံ - ကောင်းခန့်/ ကမာရွတ်မီဒီယာ)