(By-Seng Raw Lahpai)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့
စစ်ရှောင်ပြည်သူများရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တင်ပြရမယ်ဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှောင်စခန်းပေါင်း (၁၇၂)ခု ရှိပြီး စစ်ရှောင်ပြည်သူပေါင်း (၁၂၀,၀၀၀)ခန့်ဟာ အလွန်ဆိုးဝါးတဲ့ လက်သင့်ခံနိုင်စရာမရှိတဲ့ အခြေအနေမျိုးမှာ ဆင်းရဲစွာ နေနေကြရပါတယ်။ စစ်ရှောင်ပြည်သူများရဲ့ နေ့စဉ်ကြုံနေရတဲ့ အခြေခံလိုအပ်ချက်များမပြည့်စုံမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ နည်းနည်းမှ လျော့နည်းသက်သာသွားတာ မရှိတဲ့အပြင် အချို့စခန်းတွေမှာဆိုရင် အခြေအနေပိုမိုဆိုးလာတာကိုဘဲ တွေ့နေရပါတယ်။
အချို့စစ်ရှောင်ပြည်သူတွေဟာ တစ်နေရာပြီးတစ်နေရာ အကြိမ်ကြိမ် ရွှေ့ပြောင်း နေရတာတွေ ရှိနေပါတယ်။ အချို့ကျတော့ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ခြံကိုယ့်ကျွဲနွားတွေကို အရဲစွန့်ပြီး ကြည့်ရှုဖို့ ပြန်တဲ့အခါမှာ နှစ်ဖက်စစ်ပွဲတွေကြား ပိတ်မိပြီး ဒုက္ခရောက်ရတာလည်း ရှိပါတယ်။
နမ်လင်းပါကျေးရွာက ရွာခံ(၂၀၀)လောက်ဟာဆိုရင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မူကြမ်းစာချုပ်ကို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရပြီလို့ထင်ပြီး မေလ (၂၀) ရက်နေ့မှာ ကိုယ့်ရွာကို ပြန်ကြပါတယ်။ အဲဒီအချိန်မှာပဲ တပ်မတော်ရဲ့ ဂျက်လေ ယာဉ် (၂) စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြားမှာ ကြားညှပ်မိပြီး အသက်ဆုံးလုနီးပါး အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။
အချို့စစ်ရှောင်ပြည်သူတွေကတော့ စစ်ရှောင်စခန်းများမှာ ချို့တဲ့ဆင်းရဲစွာ နေရတဲ့ အခြေအနေတွေကို သည်းမခံနိုင်တော့တဲ့အဆုံး မူရင်းဇာတိကျေးရွာမှာရှိတဲ့ နေအိမ်နဲ့ လယ်ယာမြေများကို စွန့်လွှတ်ပြီး အစိုးရက ပြန်လည်နေရာချထားပေးတဲ့ နေရာသစ်ဆီကို အခြေချဖို့ နှလုံးကြေကွဲရတဲ့ ဆုံးဖြတ်ချက်မျိုးကိုလည်း ချကြရပါတော့တယ်။
စစ်ပွဲ(၄)နှစ်ကာလ ကြာလာပြီဆိုတော့လည်း တောက်လျှောက်အကူအညီပေးနေတဲ့ အလှူရှင်တွေ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အိမ်ရှင်ကျေးရွာတွေဟာလည်း ခြေကုန်လက်ပမ်း ကျလာကြပါပြီ။ စစ်ရှောင်ပြည်သူတစ်ဦးကို တစ်နေ့စာ (၄၀၀) ကျပ်နဲ့ ညီမျှတဲ့ အစားအစာကို ပံ့ပိုးပေးနေရာကနေ တစ်နေ့ (၂၀၀)ကျပ်အထိ လျှော့ချလိုက်တဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေနဲ့ လက်တွေ့ ရင်ဆိုင်နေရပါတယ်။
နယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ကျောင်းသူကျောင်းသားပေါင်း ( ၁၅,၀၀၀ ) ခန့်ဟာ ကျောင်းတက်နိုင်ဖို့နဲ့ ပညာရေးအထောက်အပံ့တွေရဖို့ အခက်ကြုံနေရပါတယ်။ ပိုဆိုးတာကတော့ ဒီစာသင်နှစ်မှာ UNICEF နဲ့ အခြားလူမှုရေးအဖွဲ့တွေက ယခင်ပေးနေကျ ကျောင်းသုံးဖတ်စာအုပ်နဲ့ အခြားပညာရေး ထောက်ပံ့မှုများကို မပေးနိုင်တော့တဲ့အတွက် ကလေးတွေရဲ့ ပညာရေးဒုက္ခဟာ ပိုကြီးလာနေပါတယ်။ ဒါ့အပြင် ကေအိုင်အို ပညာရေးဌာနက ဖွင့်ထားတဲ့ အထက်တန်းကျောင်းက ကျောင်းသားတွေဟာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခွင့်မရကြပါဘူး။ ဒါ့ကြောင့် စစ်ရှောင်ကျောင်းသားပေါင်း ( ၁,၄၃၀ ) တို့ရဲ့ အဆင့်မြင့် ပညာရေး ရည်မှန်းချက်တွေဟာ လေထဲမှာပဲ ဆုံးရှုံး ပျောက်ကွယ်နေရပါတယ်။
(၄)နှစ်လုံးလုံး စစ်ရှောင်ပြည်သူတွေ ဒုက္ခရောက်နေရတဲ့နည်းတူ ရှောင်ပြေးခြင်းမပြုပဲ မိမိရပ်ရွာမှာ ဆက်နေသူတွေဟာလဲ အန္တရာယ်များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်သူတွေကို အထိန်းအကွပ်မဲ့ လူ့အခွင့်အရေးချိုးဖောက်ပြီး အနိုင်ကျင့် သတ်ဖြတ်စော်ကားမှုတွေများစွာရှိ နေပြီး အရေးယူ အပစ်ပေးခြင်းမရှိတာတွေ ဖြစ်ပွားနေပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခြင်း မုဒိမ်းပြုကျင့်ခြင်းတွေ တိုးပွားနေပြီး ကျူးလွန်သူတွေအပေါ် အရေးယူ အပြစ်ပေးမှုမရှိလို့ ကချင်အမျိုးသမီးတွေဟာ အမြဲ စိုးရိမ် ကြောင့်ကြနေရပါတယ်။
ကချင်အပါအ၀င် မြန်မာပြည်သူအားလုံး ၀မ်းနည်းထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ ကချင်လုပ်အားပေး ဆရာမလေး နှစ်ယောက်ဖြစ်တဲ့ မရန်လုရာနှင့် တန်ဘောင် ခေါန်နန်စင် တို့ကို ရက်ရက်စက်စက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ကိစ္စကို ကျွန်မတို့အားလုံး ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။
မကြာသေးခင်ကပဲ အရပ်က၀ိုင်းစောင့်ရှောက်ထားရတဲ့ လေဖြတ်ထားတဲ့ အသက် (၇၂)နှစ်အရွယ် အဖွားအိုတစ်ယောက်ကို တပ်မတော်သားတစ်ဦးက မုဒိမ်းကျင့် သတ်ဖြတ်ဖို့ ကြိုးစားမှုလည်း ဖြစ်ခဲ့ပါသေးတယ်။ ကျူးလွန်ခဲ့တဲ့ တပ်မတော်သားကို အရပ်ဖက် တရားရုံးမှာ တရားစီရင်နိုင်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီစဉ်သူများကို ခေါ်ယူမေးမြန်း ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။
ဒီလိုအခွင့်အရေးချိုးဖောက်တာတွေကို ဟန့်တားထိန်းချုပ်မှုမရှိခြင်း၊ ပြစ်ဒဏ်ပေးမှုမရှိခြင်း၊ သီးခြားလွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှုမရှိခြင်းတွေဟာ တစ်နိုင်ငံလုံး ငြိမ်းချမ်း ရေးနဲ့ ဖွံ့ဖြိုးရေးကို နောက်ပြန်ဆွဲနေစေတဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတာဟာ လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ အဖွဲ့နှစ်ဖွဲ့ကြား တင်မကဘဲ အစိုးရနဲ့ ပြည်သူတစ်ရပ်လုံးကြားမှာလည်း လိုအပ်တယ်ဆိုတာကို အလေးထား ပြောချင်ပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာအရ ကချင်ပြည်နယ်တစ်ခု တည်းမှာသာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက်ပိုနေပါတယ်။ ဒီအချက်ဟာ ကျွန်မတို့ ကိုတွေးစရာတွေအများကြီးဖြစ်စေပါတယ်။ ဒီလိုဖြစ်ရတာဟာ ကချင်အမျိုးသမီးတွေ အများစုက တရုတ်ပြည်ကို လူကုန်ကူးခံနေရလို့လား ၊ ဒါမှမဟုတ် ပြည်တွင်းနှင့် တရုတ်ပြည်က ရွှေ့ပြောင်းလုပ်သား အမျိုးသားတွေ ၀င်ရောက်လာတာ သိပ်များနေလို့လား… စဉ်းစားစရာပါ ။
ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ထင်ရှားနေတာကတော့ ကချင်လူမျိုးတွေဟာ ကိုယ့်ဇာတိမြေမှာ မနေရဲကြတော့တာပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ဒန်နီရယ်ဖိုင်ရာစတိုင်း ထောက်ပြတဲ့ လူမျိုးတစ်မျိုးကို အပြီးသတ် မျိုးဖြုတ်သုတ်သင်ခြင်းမပြုမှီ “စနစ်တကျ အားနည်းအောင်ပြုခြင်း” ဆိုတဲ့ ဝေါဟာရကို သတိရစေပါတယ်။
နိုင်ငံရေးနဲ့ လူမှုရေး သိပ္ပံပညာရှင် ဆူဇန်ဂျော့ရှ်က သတိပေးတာကတော့ “ လူတွေ ဘယ်လောက်ထိအောင် ဒုက္ခရောက်နေပါစေ၊ ဒီလိုဒုက္ခရောက်နေတယ်ဆိုတာ တစ်ခုတည်းကြောင့် မူဝါဒအပြောင်းအလဲတွေကို ဖြစ်စေမှာ မဟုတ်ဘူး။ ”
ဒီအဆိုကို မြန်မာအစိုးရနဲ့အတူ အလှူရှင်နိုင်ငံအစိုးရတွေနဲ့ လူမှု့အဖွဲ့အစည်းများပါ ဂရုပြုစေ ချင်ပါတယ်။ လူသားချင်းထောက်ထားစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို သတိပြုစေလိုတာကတော့ သူတို့ကိုနှင်းအပ်ထားတဲ့ အဓိကတာဝန်ဟာ အရေးပေါ် အခြေအနေတွေမှာ တုန့်ပြန်ကူညီပေးဖို့နဲ့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ ဒီတာဝန်ကိုမှ ပြည့်ပြည့်၀၀မထမ်းဆောင်နိုင်ဘူးဆိုရင် ကိုယ့်အဖွဲ့အစည်း ဖွဲ့စည်းခဲ့ရတဲ့ ပင်မရည်ရွယ်ချက်ဖြစ်တဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကိုယ့်ကိုယ်ကို အလေးအနက်ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ စဉ်းစားရမှာပဲ ဖြစ်ပါတယ်။
ကချင်စစ်ရှောင်ပြည်သူ ( ၁၂၀,၀၀၀ ) ဟာ ခုလိုစစ်ပွဲကာလမှာ ကိုယ့်ကိုယ်ကို စောင့်ရှောက် နိုင်ခြင်းမရှိသေးဘဲ အကာအကွယ်ပေး စောင့်ရှောက်ခြင်းနဲ့ စားနပ်ရိက္ခာ အကူအညီတွေကို အရေးပေါ်လိုအပ်နေပါတယ်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့အတွက် အိမ်ပြန်ချင်လှပြီဖြစ်တဲ့ စစ်ရှောင်ပြည်သူတွေ မျှော်လင့်တောင့်တနေသလို နိုင်ငံတကာ သတ္တုတူးဖော်ရေးကုမ္ပဏီများဟာလည်း အပစ်ရပ်ပြီးတာနဲ့ စီးပွားရေးချက်ခြင်းလုပ်နိုင်ဖို့အတွက် တာစူနေကြပါတယ်။ စစ်ရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး ရံပုံငွေကို တစ်နိုင်ငံလုံး အပစ်ရပ်ပြီးမှပဲ ပံ့ပိုးပေးမယ်ဆိုပေမယ့် တစ်ချိန်တည်းမှာဘဲ တိုက်ပွဲတွေဖြစ်ပွားပြီး ပြည်သူတွေစစ်ရှောင်နေရ တဲ့အခြေအနေမျိုးမှာတောင် အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်ပဲ၊ ပေးတဲ့အခါမှာလည်း ဒီစစ်ပွဲတွေကို တိုက်နေတဲ့ ပြည်ထောင်စု အစိုးရကနေတစ်ဆင့် ပေးမယ်ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မူဝါဒတွေဟာ ကိုယ်ကျိုး ရှာနေတဲ့ ပြည်ပသတ္တုတူးဖော်ရေး ကုမ္ပဏီတွေနဲ့ သိပ်မကွာလှပါဘူးလို့ ဆိုချင်ပါတယ်။
အရေးကြီးဆုံးနိုင်ငံရေးကိစ္စရပ်ကတော့ ၁၉၄၇ သမိုင်းဝင် ပင်လုံစာချုပ်မှာ မျှော်မှန်းထားတဲ့ တိုင်းရင်းသားများ မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံနဲ့အုပ်ချုပ်မဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ထွန်းရေးပဲဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ ကိစ္စကို ဖြေရှင်းရာမှာ အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တဲ့ မြေယာ သိမ်းဆည်းခြင်း ၊ လူကုန်ကူးခြင်း ၊ ပညာရေးအခွင့်အလမ်းမရှိခြင်းတို့ကိုပါ တစ်ပြိုင်တည်းဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအဖြေတွေကို ရှာနေတဲ့ တစ်ချိန်တည်းမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး ပြည်ပရောက် ဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ၊ စစ်ရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးတို့ကိုပါ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းတည်ငြိမ်ပြီး အများလက်ခံပါဝင်နိုင်စေတဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းလာမှသာ ဒီအခက်အခဲတွေကို ဖြေရှင်းမယ် ဆိုပြီး စောင့်နေတာဟာ လက်ခံနိုင်စရာ မရှိပါဘူး။
ကျွန်မရဲ့ ယုံကြည်ချက်ကတော့ ဒီလိုနိုင်ငံရေး အပြောင်းအလဲတွေကို အောင်မြင်စေ ချင်တယ်ဆိုရင် စုစည်းညီညွှတ်တဲ့ အတိုက်အခံ အင်အားတစ်ရပ်ရှိနေဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို လိုလားတဲ့ ကျွန်မတို့တွေအားလုံး ဒီအနာဂတ် မျှော်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ စုစည်းညီညွှတ်ကြရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာဟာ အမြဲတမ်းမရေမရာဖြစ်နေပြီး စစ်မက်ဖြစ်ပွားခြင်း ၊ စစ်ပြေးခြင်း ၊ ဆင်းရဲခြင်း ဆိုတဲ့ သံသရာဟာ အမြဲလည်နေမှာ ဖြစ်ပါတယ် ။
ဒီနေရာမှာဒေသခံ လူမှုရေးအဖွဲ့များ အရပ်ဖက်အဖွဲ့အစည်းများရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ကြည့်ကြရမှာဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများဟာ အစိုးရနဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့လိုပါတယ်။ တစ်ချိန်တည်းမှာဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ ပညာရေးအဆင့်အတန်း မြှင့်တင်ရေး ၊ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ အနာဂတ်ခေါင်းဆောင်များ ပြုစုပျိုးထောင်ရေးတို့ကိုလည်း လုပ်ဖို့လိုပါတယ်။ ပြည်သူတွေ သူတို့ရဲ့ ဆန္ဒနဲ့ အသံတွေကို ထုတ်ဖော်နိုင်ဖို့အတွက် စုစည်းနှိုးဆော်ပေးရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာမာန်ပြည်သူတွေရဲ့ ဒုက္ခဝေဒနာတွေကိုလျော့ချဖို့ အရေးကြီးတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ အရပ်ဖက်ခေါင်းဆောင်တွေရဲ့ ကဏ္ဍဟာ သိပ်အရေးကြီးလို့ပဲ ဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများအနေနဲ့ စစ်ပွဲများကို နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ ရပိုင်ခွင့်သဖွယ် အသုံးပြုလိုတဲ့ အတွေးအခေါ်တွေကို စွန့်လွှတ်ဖို့ အစိုးရကို ဖိအားပေးတောင်းဆိုရပါမယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတဲ့ တစ်ချိန်တည်းမှာ အငြင်းပွားမှုများကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားခြင်း၊ စစ်ရေးအရ ခြိမ်းခြောက် ဖိအားပေးခြင်းတွေကို ရှောင်ကျဉ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက အစိုးရကိုဖိအားပေးဖို့ လိုပါတယ်။
စုစည်းညီညွှတ်တဲ့ အတိုက်အခံအင်အားတစ်ရပ်ရှိခြင်းနဲ့ အုပ်ချုပ်ရေးစနစ်မှာ အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်မှုရှိခြင်းဟာ ငြိမ်းချမ်းလုံခြုံပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရတစ်ရပ်ဖြစ်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်တွေဖြစ်တယ်လို့ ကျွန်မအနေနဲ့ စွဲစွဲမြဲမြဲ ယုံကြည်ထား ပါတယ်။ ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးဟာ လက်ရှိပဋိပက္ခကို ဖြစ်စေတဲ့ အရင်းအမြစ်အကြောင်းတရားတွေကို စုစည်းဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှပဲ တရားမျှတမှုရှိပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရကြပါလိမ့်မယ်။
(၄)နှစ်ကြာခဲ့ပြီဖြစ်တဲ့ စစ်ပွဲကနေ ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတစ်ခုကတော့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ပိုအားကောင်းလာပြီး ၊ ပိုလည်းစည်းလုံးညီညွှတ် လာကြခြင်းပဲဖြစ်ပါတယ်။ ဗမာအရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း တိုင်းရင်းသား လူမျိုးစုများ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ တိုင်းရင်းသားများကို နစ်နာစေတဲ့ မတရားတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာမှာဖြစ်တယ်ဆိုတာကို ပိုမိုနားလည်လာကြပါတယ်။
ဒီစစ်ပွဲကြီးကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး အရင်းအမြစ်များစွာကိုလည်း အလဟဿဖြစ်စေခဲ့ရပါတယ်။ ဒါကြောင့်မို့ မနှစ်ကပြောခဲ့သလိုပါဘဲ လူမျိုးဘာသာမရွေး သင့်မြတ်စွာ အတူတကွ နေထိုင်ကြပြီး စစ်မှန်ပြီး တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အားလုံးအတူတကွ ၀ိုင်းဝန်းအဖြေရှာကြဖို့ ကျွန်မအနေနဲ့ ပြည်သူများ ၊ တိုင်းရင်းသား ခေါင်းဆောင်များ ၊ အမျိုးသားခေါင်းဆောင်များကို တိုက်တွန်းလိုပါတယ်။ ညီညွှတ်ခြင်းဟာ အင်အားဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်မတို့တတွေ ညီညွှတ်နေသရွေ့ အောင်မြင်နိုင်မယ်ဆိုတာကို ယုံကြည်ထားပါတယ်။