Thursday, December 17, 2015

Oo War War's post.
Oo War War · 
NLD ပါတီထောက်ခံမှုဖြင့် အတည်ပြုလိုက်သော နိုင်ငံရေးမူဘောင်ကြောင့်
ညောင်နှစ်ပင်ကဲ့သို့ အမျိုးသား ညီလာခံသာ ဖြစ်လာနိုင်ဟု ဦးခွန်ထွန်းဦးနှင့်
ဗိုလ်ချုပ်ဂွန်မော် မှတ်ချက်ပြု
------- ------- -------
NLD ပါတီ၏ ထောက်ခံမှုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က သဘောတူနိုင်ခဲ့သည့်
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကြောင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲ
ဖြစ်မလာနိုင်ဘဲ ယခင်စစ်အစိုးရ လက်ထက်က ကျင်းပခဲ့သည့် အမျိုးသား
ညီလာခံ ကဲ့သို့သော ညီလာခံမျိုးသာ ဖြစ်လာနိုင်ကြောင်း ထင်ရှားသည့်
တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များက ဝေဖန်ပြောဆိုသည်။
"အခု ဒီပုံအတိုင်းဆိုရင် အရင်စစ်အစိုးရ လက်ထက်က ညောင်နှစ်ပင်မှာ ကျင်းပခဲ့တဲ့
အမျိုးသား ညီလာခံလိုမျိုးလို ဆွေးနွေးပွဲမျိုးတွေသာ ပေါ်ပေါက်လာဖို့ ရှိနေတယ်" ဟု
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက နေပြည်တော်တွင်
သဘောတူခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ပတ်သက်ပြီး
မှတ်ချက်ပြု ဝေဖန်ပြောဆိုသည်။
အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် အနာဂတ် ပြည်ထောင်စု တည်ထောင်ရေး
တို့အတွက် အရေးပါသည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေးမူဘောင်
ရေးဆွဲရေး အစည်းအဝေးကို နေပြည်တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့ခြင်း
ဖြစ်ပြီး ကိုယ်စားလှယ် ဦးရေ ၇၀၀ နှင့် အစိပ် ခုနစ်စိပ် ပါဝင်သည့် နိုင်ငံရေး
ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို အန်အယ်လ်ဒီပါတီ၏ ထောက်ခံချက်ဖြင့်
အတည်ပြုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသော အဖွဲ့များ
တက်ရောက်နိုင်ခြင်း မရှိခဲ့သည့် အဆိုပါ အစည်းအဝေးများတွင် အတိုက်အခံ
တိုင်းရင်းသားပါတီ အချို့မှ အစိုးရ၊ တပ်မတော်၊ လွှတ်တော် စုစုပေါင်း တစ်စိပ် ၊
တိုင်းရင်းသား လက်နက်ကိုင် တစ်စိပ် ၊ နိုင်ငံရေးပါတီများ တစ်စိပ် စသဖြင့် ယခင်
တပ်မတော် အစိုးရ လက်ထက်က အတိုက်အခံများ တောင်းဆိုခဲ့သည့်အတိုင်း
သုံးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးရန် တောင်းဆိုခဲ့ပြီး တပ်မတော်ဘက်မှ
လက်မခံ ခဲ့သောကြောင့် အစည်းအဝေးမှာ အချေအတင် ဖြစ်နေသဖြင့်
ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီ၏ အဆုံးအဖြတ်ဖြင့် အစိပ် ခုနစ်စိပ်နှင့်
ကိုယ်စားလှယ်ဦးရေ ၇၀၀ တက်ရောက်မည့် မူဘောင်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အတည်ပြုခဲ့သော မူဘောင်အရ အစိုးရဘက်မှ ၇၅ ဦး ၊ လွှတ်တော်မှ ၇၅ ဦး ၊
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘက်မှ ၁၅၀ ဦး ၊ တပ်မတော်မှ ၁၅၀ ဦး ၊
နိုင်ငံရေးပါတီ အားလုံးမှ ၁၅၀ ဦး ၊ လက်နက်ကိုင် မဟုတ် ၊ ပါတီမဟုတ်သည့်
တိုင်းရင်းသား ခေါင်းဆောင် ၅၀ ဦး ၊ အခြား ဖိတ်ကြားသင့်သူများ ၅၀ ဦးဖြင့်
နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပရမည် ဖြစ်သည်။
"ဦးခွန်ထွန်းဦး ပြောတဲ့ အမျိုးသား ညီလာခံလို ဆွေးနွေးပွဲမျိုးဆိုတာ မူဘောင်ပါ
ကိုယ်စားလှယ် အရေအတွက်အရဆိုရင် ဟုတ်နေသလိုပါပဲ " ဟု မူဘောင်ရေး
ဆွဲမှုကို တက်ရောက်ခွင့် မရခဲ့သည့် ကေအိုင်အေ ကချင်လွတ်မြောက်ရေး
တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က နိုင်ငံရေး ဆွေးနွေးမှု
မူဘောင်နှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုသည်။
ယခင် တပ်မတော်အစိုးရ လက်ထက်က အမျိုးသားညီလာခံတွင် အဓိကကျသည့်
နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ အစိုးရ တာဝန်ရှိသူများ
သာမက ခေါင်းစဉ် အမျိုးမျိုးဖြင့် အစိုးရနှင့် နီးစပ်သော လူများကို ၁၀၄ မူဖြင့်
ထည့်သွင်းခဲ့ပြီး ပြည်သူ့ ကိုယ်စားလှယ်များ၏ လိုလားချက်များ မပါဝင်သည့် ၂၀၀၈
ခုနစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုသာ ရေးဆွဲနိုင်ခဲ့သည်။
လက်ရှိ မူဘောင်ပါ ကိုယ်စားလှယ် အရေအတွက်အရ တပ်မတော် ကိုယ်စားလှယ်
၁၅၀ မှာ တစ်သံတည်း ထွက်နိုင်ပြီး တပ်မတော်မှာ လွှတ်တော် အစုတွင်လည်း
နေရာအနည်းငယ် ၊ အစိုးရအစုတွင်လည်း နေရာအနည်းငယ် ရရှိဦးမည် ဖြစ်ကာ
နိုင်ငံရေး ပါတီများတွင်လည်း လက်ရှိအစိုးရ (သို့မဟုတ် ) တပ်မတော်နှင့်
နီးစပ်သည့် ပါတီများ ပါဝင်နေသဖြင့် တပ်မတော် အသာစီးရယူထားသည့်
မူဘောင် ဖြစ်နေသည်ဟု လေ့လာသူများက ဆိုသည်။ ယင်းအပြင် နိုင်ငံရေးပါတီ နှင့်
လက်နက်ကိုင်အဖွဲ့ မဟုတ်သည့် တိုင်းရင်းသား ခေါင်းဆောင် ၅၀ ဦးဆိုသည့်
အရေအတွက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ အခြေနေအရ ယင်းအရေအတွက် မရှိဘဲ ၊
အခြားဖိတ်ကြားသင့်သည့် ကိုယ်စားလှယ် ၅၀ ဦး ဆိုသည့်အချက်မှာလည်း
ေ၀၀ါးလွန်းကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာနိုင်အောင်က ဆိုသည်။
ယင်းကဲ့သို့ အသာစီး ရယူထားမှုများကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေးကဲ့သို့ ကိစ္စရပ်များတွင် ခက်ခဲနိုင်သည်ဟု နိုင်ငံရေး လေ့လာသူ
ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
"၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာလုပ်တဲ့ ၁၉၉၃ - ၂၀၀၇
အမျိုးသား ညီလာခံပုံစံတူပဲ ဖြစ်လာဖို့ များပါတယ် ။ ဒီမိုကရေစီ ဖက်ဒရယ်
ပြည်ထောင်စုကို ဦးတည်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှုကို ဖော်နိုင်လောက်တဲ့
မူဘောင် ကိုယ်စားလှယ် ရွေးချယ်တာ မဖြစ်လာနိုင်ပါဘူး " ဟု ဒေါက်တာ
ရန်မျိုးသိမ်းက သုံးသပ်သည်။
နိုင်ငံရေး မူဘောင်ရေးဆွဲရေးအတွက် ကူညီဆောင်ရွက်နေသည့် ပြည်ထောင်စု
အင်စတီကျူ့မှ ဦးခွန်ဆိုင်းကမူ အန်အယ်လ်ဒီ အနေဖြင့် အာဏာလွှဲပြောင်း
ရယူရေးတွင် ချောမွေ့စေရန်အတွက် မိမိအသာရ နိုင်သည့် လွှတ်တော်နှင့် အစိုးရ
ကိုယ်စားလှယ်များ အရေအတွက်ကို လျှော့ချပြီး တပ်မတော်အား အရေအတွက်
အများဆုံးဖြစ်သည့် ၁၅၀ ဦး အရေအတွက်ကို ပေးခဲ့ဖွယ်ရှိသည်ဟု The Ladies
News သို့ ပြောသည်။
သတင်း - စိုင်းထွန်းအောင်လွင်
The Ladies News Journal