Thursday, December 17, 2015

သွက်ချာပါဒနိုင်ငံရေးနဲ့ လေးဘက်နာထောက်ခံသူများ


U Ravika
သွက်ချာပါဒနိုင်ငံရေးနဲ့ လေးဘက်နာထောက်ခံသူများ
(၁) ဒေါ်စုက သိန်းစိန်နဲ့ တွေ့ဖူးတယ်။ မောင်ရဲ့မောင်လေး ဖြစ်သွားတယ်။ သိန်းစိန်က "ဖွဲ့စည်းပုံကို လူကပဲ ရေးဆွဲခဲ့တယ်၊ လူက ပြင်ရင် ဘာဖြင့် မပြင်နိုင်ရမှာလဲတဲ့။ မယုံနဲ့ ပြောတော့ ဝန်းရံသူတွေက ဒေါ်စုကို ယုံတယ်လို့ ချေပတယ်။ ဖွဲ့စည်းပုံပြင်ဖို့ သိန်းစိန်နဲ့ လက်တွဲရမယ်လို့ သူတို့ရေးခဲ့ကြတယ်။ ဖွဲ့စည်းပုံက အခုထိ မပြင်နိုင်သေးပါ။
(၂) ဒေါ်စုက ရွှေမန်းနဲ့ တွေ့တယ်။ သူက မဟာပြုပြင်ပြောင်းလဲရေးသမား ဖြစ်သွားတယ်။ ရွှေမန်းကိုယ်တိုင်က ဖွဲ့စည်းပုံကို ပြင်ပေးသင့်သလောက် ပြင်ပေးရမယ်လို့ဆိုပါတယ်။ ရွှေမန်းကို သမ္မတခန့်ရင်တောင် အခု ကန့်ကွက်မဲ့သူ မရှိသလောက် ဖြစ်သွားတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံက အခုထိ မပြင်နိုင်သေးဘဲ ရှိနေတယ်။
(၃) မကြာခင်က ဒေါ်စုက ရွှေနေသွေးအောင်ဆိုတဲ့ နှပ်မစင်သေးတဲ့ ကလေးတစ်ယောက်ကို တွေ့တယ်။ ဟိုကလေးက "သမိုင်းဝင်တဲ့ည" လို့ ကြီးကြီးကျယ်ကျယ် ရေးတယ်။ အဲ့ညမှာ သူတို့ဘာတွေ ဆွေးနွေးခဲ့ကြသလဲ အခုထိ မိမိတို့ မသိရသေးပါ။ ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ဖို့ကိစ္စတော့ မဟုတ်တာ သေချာပါတယ်။
(၄) ရွှေနေသွေးအောင်ရဲ့ သမိုင်းဝင်ညကို အားကျပြီး သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့က ချက်ချင်း တွေ့ဖို့ စီစဉ်လိုက်ရတယ်။ သိန်းစိန်ကလည်း ဖွဲ့စည်းပုံပြင်ဖို့ လုံးဝမပြောတော့ပါ။ ဒရိုင်ဗာပြောင်းဖို့ကိစ္စပဲ ပြောခဲ့ပါတယ်။ မင်းအောင်လှိုင်ကလည်း ဖွဲ့စည်းပုံပြင်ဖို့ကိစ္စကို အလျှော့ပေးခဲ့ဟန် မတူပါ။
(၅) သန်းရွှေနဲ့ တွေ့တယ်။ အင်မတန်အကျိုးကျေးဇူးများတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာကို ပြောတယ်။ အသေးစိတ်ကို မသိရသေးပေမဲ့ ပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့ပေးမယ်ဆိုတဲ့ သတင်း ထွက်လာတယ်။ ဖွဲ့စည်းပုံပြင်ဖို့ကိစ္စ မဟုတ်သေးပါ။
(၆) အခု နောက်ဆုံး NLD ပါတီက ခရိုနီတွေကို ဖိတ်ခေါ်တယ်။ ဦးတေဇအကူအညီကို တောင်းခံတယ်။ ဒီလူတွေဟာ NLD ရည်ညွန်းနေတဲ့ ပန်းပွတ်သည်တွေပဲ ဖြစ်ရမယ်။ ဒီပန်းပွတ်သည်တွေက သူတို့ဆရာဟောင်းအလိုကျ ပွတ်ပေးမလား၊ NLD အလိုကျ ပွတ်ပေးမလား မသေချာသေးပါ။
ဒါပေမဲ့သေချာတာက ဘာဖွဲ့စည်းပုံကိုမှ မပြင်ရသေးဘဲ-
(၁) NLD ပါတီက အစိုးရမဖွဲ့နိုင်မှာကို ဒီမိုတွေက အကြီးအကျယ် စိုးရိမ်နေကြတယ်။
(၂) ဒေါ်စုတွေ့တဲ့လူတိုင်းကို သွားထိလို့မရ ဖြစ်သွားတယ်။ မောင်လေး၊ နာယကကြီး၊ အပစ်ကင်းတဲ့ကလေး၊ ရိုးသားတဲ့ သမ္မတကြီး၊ လေးစားလိုက်ချင်တဲ့ ကာချုပ်နဲ့ ဘကြီးရွှေတွေအဖြစ် ဘဝပြောင်းသွားကုန်ကြတယ်။
(၃) အခု သူခိုးက ရွာထဲ တိုက်ဆောက်ပြီး သူဌေးဟောင်းတွေက ရွာပြင်ထွက်ပြီး တဲထိုးနေရတဲ့ ဘဝ ဖြစ်သွားတယ်။ အမတ်တွေကို တဲအောက်မှာ သင်တန်းဘယ်လိုပေးရပါ့မလဲ ဖြစ်ကုန်ကြတယ်။
မြဲမြဲမှတ်ထားဖို့က နာဂစ်ဖွဲ့စည်းပုံကို မပြင်ရသေးဘဲ ဘယ်အစိုးရပဲတက်တက် စစ်တပ်ကိုပဲ အလုပ်အကျွေးပြုရမှာ ဖြစ်တယ်။ ဒါကို ဘယ်သူမှ လာမငြင်းပါနဲ့။ ဖွဲ့စည်းပုံကို မပြင်ခဲ့လို့ သိန်းစိန်အစိုးရကို အသိအမှတ်မပြုပါ။ ဖွဲ့စည်းပုံကို မပြင်ဘဲ NLD အစိုးရက ဒီမိုကရေစီအစိုးရတစ်ရပ်ပါလို့ ဘာကြောင့် ပြောရမှာလဲ။ (၅)နှစ်တိုင်တိုင် စစ်အာဏာရှင်တွေကို အလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပြီ။ အရင်က ပြည်သူတို့က ဆန္ဒမဲ (၅)သန်းတုန်းကတစ်ခါ၊ အခု မဲ (၈၀)ရာခိုင်နှုန်းတစ်ခါ ဖွဲ့စည်းပုံပြင်ဖို့ အတိအလင်း ဆန္ဒပြခဲ့ကြပေမဲ့ ဘာပုဒ်မကို ပြင်ပေးခဲ့သလဲ။ ဒါကိုတောင် မသိကြဘဲ ဟိုယောင်ယောင်ဒီယောင်ယောင်၊ ဟိုလူယုံလိုက် ဒီလူယုံလိုက်နဲ့ သွက်ချာပါဒနိုင်ငံရေး ဖြစ်နေရသေးတယ်။ ဒီသွက်ချာပါဒနိုင်ငံရေးကို လေးဘက်နာတွေက အားကျထောက်ခံကြတယ်။