မရန်(Kachin waves)
၇ မေလ ၂၀၁၈
၇ မေလ ၂၀၁၈
အသားညိုညို ပိန်ပိန်ှရှည်ရည်နှင့် ခြေထောက်မှာလည်း ဆင်ဝဲနာများ ပေါက်နေသည့် အသက် (၆၂)နှစ် ကလေး ၈ယောက်ဖခင် ဦးအင်ဆင်အောင်လတ်သည် လွန်ခဲ့သောရက် ၂၀ကျော်က အဖြစ်အပျက်များကို ပြန်လည်ပြောပြနေစဉ် ပါပြင်ပေါ်သို့ မျက်ရည်များ သွင်သွင်စီးကျလာပါသည်။
ဦးအင်ဆင်လောင်လတ်သည် မျက်နှာပေါ်တွင် စီးကျလာသော မျက်ရည်များကိုလက်ဖြင့် သုတ်ရင်း တောတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အဖြစ်အပျက်များကို စကားလုံးထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်လည်ပြောပြနေသည်။
“ကျွန်တော်ထွက်ပြေးခဲ့တဲ့ အချိန်ကို ပြန်ပြောရင် မျက်ရည်ကျလာတယ်။ ကျွန်တော်ခံစားရတာတွေကို ပြန်သတိရလာတယ်။ သူငယ်ချင်းတွေ ခံစားနေရတာတွေကို သတိရလာတယ်။ ကျွန်တော့်အိမ်မှာ ကျန်ခဲ့တဲ့ ကျွဲး၊နွား၊ကြက်၊ဝက်တွေကို သတိရလာပြီး ချက်ချင်း ငိုချင်လာတယ်။”ဟု ၎င်းကဆိုသည်။
သူသည် တနိုင်းမြို့နယ် အောင်လောဒ်ရွာတွင် လယ်ယာလုပ်ကိုင်စားသောက်ပြီး မိသားစုကို အသက်မွှေးဝမ်းကြောင်း ပြုခဲ့သူဖြစ်သည်။ အောင်လောဒ်ကျေးရွာတွင် တပ်မတော်မှ လက်နက်ကြီးများ လေယာဉ်ပျံများဖြင့် ပစ်ခတ်ပြီးနောက် မိသားစုနှင့်အတူ တောထဲတွင် ပုန်းရှောင်ထွက်ပြေးနေရာမှ ၁၆ရက်ကြာ တောထဲတောင်ထဲထွက်လမ်းရှာ လမ်းလျှောက်ခဲ့ရပြီး၊ မိုးကောင်းမြို့နယ် နမ္မတီးသို့ ရောက်အောင် ထွက်ပြေးခဲ့သူဖြစ်သည်။ သူတို့မိသားစု သွားခဲ့ရသည့် တောလမ်းခရီးက အဖြစ်အပျက်နှင့် အိမ်တွင်ကျန်ထားခဲ့သော ပစ္စည်းများကို သတိရနေသဖြင့် ဝမ်းနည်းနေသူဖြစ်သည်။ သူသည် အိမ်တွင် နွား ၇ကောင်ကျန်ထားခဲ့ရသည်ဟု ပြောပြသည်။
ဦးအင်ဆင်အောင်လတ်သည် ယခုအချိန် မိသားစုနှင့်အတူ နမ္မတီး စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသူဖြစ်သည်။ သူတို့မိသားစု လွတ်မြောက်လာသော်လည်း တောထဲတွင် အောင်လောဒ်ရွာသား အယောက် ၂၀၀၀ ကျော် ပိတ်မိနေဆဲဖြစ်သည်ဟု သူကပြောပြသည်။
တနိုင်းအောင်လောဒ်ကျေးရွာတွင် ဧပြီလ ၁၁ရက်နေ့ နေ့လည်ပိုင်းမှစတင်ပြီး တပ်မတော်မှ လက်နက်ကြီးနှင့် လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် အောင်လောဒ်ပြည်သူများ အယောက် ၂၀၀၀ ကျော်သည် ရွာနားရှိလယ်တောထဲသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
ထိုလယ်တောတွင် နှစ်ရက်နေပြီး ဧပြီလ ၁၃ရက်နေ့တွင် ဦးဆောင် ထွက်ပြေးနေသူများက ၎င်းတို့ ပုန်းရှောင်နေသည့် လယ်တောတွင် မလုံခြုံတော့ကြောင်းပြောဆိုပြီး အခြားတောနက်တစ်ခုသို့ ပြန်လည်ထွက်ပြေးခဲ့ကြသည်။ ထိုနေရာတွင်လည်း ဧပြီလ၁၅ရက်နေ့အထိ ပုန်းရှောင်နေပြီး ဦးအင်ဆင်အောင်လတ်တို့အဖွဲ့သည် ၁၆ရက်နေ့တွင် ထိုအဖွဲ့ကြီးနှင့်လမ်းခွဲကာ အခြားလမ်းမှ ထွက်ပြေးသွားကြခြင်းဖြစ်သည်။ သူတို့အဖွဲ့မှလွဲ၍ ကျန်ဒုက္ခသည် ၂၀၀၀ကျော်သည် ယခုအချိန်ထိ တောထဲတွင် ပိတ်မိနေဆဲဖြစ်သည်။
“၁၆ ရက်နေ့ထိလည်း မြို့ဘက်က သူတွေကို ဖုန်းဆက်ကြည့်တယ်။ ကယ်ဆယ်ရေးတွေလည်း လာကယ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ ဟိုမှာပဲနေရင် နှစ်ဘက်တိုက်ပွဲလည်း ပိုပြင်းထန်လာရင် အခက်အခဲဖြစ်လာနိုင်တယ်ဆိုပြီး ထွက်လာတာဟုတ်တယ်။ ဟိုက ဆရာတွေလည်း ဒီမှာပဲနေရင်း စားစရာတွေ ကုန်သွားရင် ခက်ခဲလာမယ်။ လမ်းကြောင်း ရှာနိုင်ရင်တော့ သွားကြလို့ ပြောတယ်။”ဟု ၎င်းကဆိုသည်။
လမ်းခွဲထွက်ပြေးလာသည့် ဦးအင်ဆင်အောင်လတ်တို့အဖွဲ့သည် အားလုံး ၂၉ယောက်ဖြစ်သည်။ မိသားစုနှစ်စုနှင့် ရွှေမှော်များတွင် အလုပ်လာရောက်လုပ်ကိုင်သော လူငယ်များဖြစ်ကြသည်။
သူတို့မိသားစုဝင် ၅ယောက်အပါအဝင် အခြားမိသားစုဝင် ၉ယောက်တို့မှလွဲပြီး အခြား ၁၅ယောက်သည် ရွှေမှော်လုပ်သား လူငယ်များဖြစ်ကြသည်။ ၁၆ရက်နေ့မှစ၍ သူတို့သည် စတင်လမ်းခွဲထွက်ပြေးခဲ့ရာ လမ်းပျောက် သွားသည့်အတွက် ၄ရက်ဆက်တိုက် တောထဲတွင် ဒုက္ခများစွာ ကြုံတွေ့ခဲ့ကြသည်ဟုဆိုသည်။ သူတို့သည် ဧပြီလ ၂၆ရက်နေ့တွင် နမ္မတီးသို့ရောက်ခဲ့သည်။
“လမ်းပျောက်တဲ့အချိန်မှာတော့ အခြားသူတွေကို တစ်နေရာမှာထားပြီး ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်က လမ်းသွားရှာကြတယ်။ မတွေ့တွေ့အောင်ရှာရတယ်။ လမ်းတွေ့ပြီဆိုမှ ကျန်တဲ့လူတွေကို ပြန်သွားခေါ်တယ်။ ရေလည်းပြတ်တယ်။ ဒါကြောင့် လမ်းပျောက်ရင်လည်း ရေရှိတဲ့နေရာကို ညဆိုလည်း မရောက်ရောက်အောင် သွားရတယ်။”ဟု ဦးအင်ဆင်အောင်လတ်က ပြောပြနေသည်။
ရေပြတ်ခဲ့သဖြင့် ဆင်ခြေရာများတွင်အိုင်နေသည့် ကော်ဖီကဲ့သို့ နှောက်ကျိနေသော ရေအနည်းငယ်ကို ခတ်ယူပြီး ထမင်းချက်စားရသည်သာမက ကလေးငယ်များကိုလည်း ထိုရေများကိုသာ ပုဆိုးကိုရေစစ်လုပ်ပြီး တိုက်ခဲ့ရသည်ဟုလည်း ပြန်လည်ပြောပြသည်။
“ရေငတ်တာကတော့ အဆိုးဆုံးပဲ။ ၃ရက်လောက်ကို ရေမသောက်ရဘူး။ ဆင်ခြေရာတွေကရတဲ့ ရေနည်းနည်းကိုက ကလေးတွေက ခဏခဏရေဆာတယ်ဆိုတော့ သူတို့ကိုပဲတိုက်ရတယ်။ လူကြီးတွေက မသောက်ရဘူး။ ဝါးပင်တွေက ရှာပြီးသောက်ရတာလည်းရှိတယ်။”
လမ်းပျောက်ပြီး တောထဲတောင်ထဲခြုံတိုးကာ ခြေဦးတည့်ရာ သွားခဲ့ရသည့်အပြင် ပင်ပန်းနေချိန် ရေမသောက်ရသည့် ဆင်းရဲဒုက္ခကို သူအခုချိန်ထိ ထင်းထင်းရှားရှား မှတ်မိနေဆဲဖြစ်သည်။ ရေဆာသည်သာမက ထမ်းပိုးလာသည့် ဆန်ကလည်း ကုန်လာသဖြင့် တောထဲက စားလို့ရသော အသီးအရွက်များကိုသာ ရှာဖွေစားသောက်ခဲ့ရသည်ဟု ဆိုသည်။
“တနိုင်းလမ်းက ဒီအထိပြန်တာလည်း ဒုက္ခပေါင်းစုံပဲ။ ဆန် ကုန်သွားတော့ တောထဲက အသီးအရွက်တွေ ရှာစားရတယ်။ မနက်မိုးလင်းကတည်းက ညမိုးချုပ်ပြီး ၁၀းဝဝနာရီလောက်အထိ လမ်းလျှောက်တယ်။ ဟင်းအဖြစ် အစကတော့ ဆားနဲ့ငရုပ်သီးကိုစားတယ်။ နောက်ပိုင်းတော့ ငရုပ်သီး ကုန်သွားတော့ဆားနဲ့ ပဲစားတယ်။”ဟု ပြောပြသည်။
ရေငတ်ရပြီး ထမင်းလည်း ဗိုက်ဝအောင် မစားရသည်သာမက တနေကုန်လမ်းလျှောက်၍ ပင်ပင်ပန်းပန်းမောပန်းရပြီး ညအိပ်ချိန်၌လည်း မိုးကာအမိုးအောက်တွင် အခင်းမပါပဲ အိပ်ကြရသည်။ မိုးရွာသော်လည်း ဒီတိုင်းသာအိပ်ခဲ့ရပြီး ခရီးဆက်ခဲ့ကြကြောင်းလည်း ဆိုသည်။ ကလေးငယ် ၉ယောက်သည် လမ်းမလျှောက်နိုင်၍ ငိုကြသည်။ ထိုကလေးများတွင် ၄လသား နို့စို့ကလေးငယ်လည်း ပါသည်။
“ကလေးအားလုံး ၉ယောက်ပါတယ်။ ကလေးတွေက လမ်းမလျှာက်နိုင်လို့ငိုတယ်။ လမ်းလည်း မြန်မြန်လျှောက်ခိုင်းတော့ မလျှောက်နိုင်လာကြဘူး။ ကျွန်မက နှစ်နှစ်ကလေးအရွယ်တစ်ယောက်ကို ရှေ့မှာပိုးတယ်။ နောက်မှာက ခြင်းလွယ်တယ်။ အချို့နေရာတွေမှာတော့ ဒီကလေးကို လမ်းလျှောက်ခိုင်းတယ်”ဟု ဦးအင်ဆင်အောင်လတ်၏ ဇနီးဖြစ်သူကဆိုသည်။
နှစ်နှစ်အရွယ် ယေကျ်ားလေး ကလေးငယ်၏ မျက်နာတွင် လမ်းလျှောက်ရင်း ဝါးနဲ့ခြစ်ချမိသည့်ဒဏ်ရာ အခုထိရှိနေသေးသည်။ သူတို့သည် ၄ရက်လမ်းပျောက်ပြီးမှ တနိုင်းချောင်းသို့ရောက်ရှိလာပြီး တနိုင်းချောင်းမှ နမ္မတီးဘက်သို့ ပြန်လည် ထွက်လာခြင်းဖြစ်သည်။
“၁၆ရက်နေ့ စထွက်တဲ့အချိန် လမ်းပျောက်သွားတယ်၊ ၄ရက်လောက်။ တောဆင်တွေက လမ်းတွေ အကုန်ဖျောက်နှင်း ပေးလိုက်တော့ ပျောက်သွားတယ်။ ၄ရက်လမ်းပျောက်ပြီးနောက်မှာတော့ တနိုင်းချောင်းကို ထွက်လာတယ်။ တနိုင်းချောင်းရောက်တော့ အရင်ရွာဟောင်းဆိုတော့ လမ်းသိတော့တယ်။ တနိုင်းချောင်းကနေ ဒွမ်ဘန်အထွက်ထိ တစ်ပတ်တိတိ လမ်းလျှောက်ရတယ်။”ဟု ဦးအင်ဆင်အောင်လတ်က ဆိုသည်။
သူတို့တောလမ်းထဲတွင် တောဆင်များနှင့် မကြာခဏ ဆုံခဲ့သော်လည်း မီးမွှေးလိုက်သည့်အတွက် ထိုတောဆင်များလည်း ၎င်းတို့ကို အန္တရာယ်မပြုခဲ့ကြောင်းဆိုသည်။ သို့သော် ဆင်ခြေရာများနှင့် ဆင်ချေးများတွင် နင်းမိ၍ ဖြစ်လာသည့် ဆင်ဝဲနာဖြစ်သည်ဟု ဦးအောင်လတ်ပြောသော အနာများသည် ၎င်း၏ခြေထောက်တွင် အနာတော်တော်ဖြစ်နေသည်ကို တွေ့ရသည်။ ထိုသို့တောထဲ တောင်ထဲ ၁၆ရက်ကြာ လွတ်မြောက်လမ်းရှာ ပုန်းရှောင်ခဲ့ရပြီးနောက် ဧပြီလ ၂၆ရက်နေ့တွင် နမ္မတီးသို့ရောက်ခဲ့သည်။
သူတို့ မိသားစုနှစ်စုသည် နမ္မတီးမြို့သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယခုချိန်အထိ တောထဲတွင် ပိတ်မိနေဆဲဖြစ်သည့် ဒုက္ခသည်များအတွက် စဉ်းစားပြီး ဦးအောင်လတ်တစ်ယောက် စိုးရိမ်နေဆဲဖြစ်သည်။ ထိုသူများထဲတွင် ဒဏ်ရာရရှိထားသူလည်းပါသလို လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုများလည်း အများကြီးပါရှိသည်ဟု ပြောပြသည်။
“ဟိုမှာအယောက် ၂၀၀၀ကျော်ထဲမှာ ကလေးအမေတွေ ပါတာသာမက ခြေလက် လမ်းလျှောက်လို့ မရတဲ့ ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ လက်နက်ကြီးထိလို့ ဒဏ်ရာရတဲ့သူတွေပါတယ်။ ကလေးအမေတွေ အများကြီးပါတယ်။ ကလေးမွှေးခါနီးတွေလည်း အများကြီးပါတယ်။ လမ်းမလျှောက်နိုင်တဲ့ အဖိုးအဖွားတွေ အများကြီးပါတယ်။ အပေါ့အလေးသွားရင်တော့ တစ်ယောက်ယောက်က ခေါ်ရတယ်။”ဟု သူကဆိုသည်။
ထိုဒုက္ခသည်များကို သူနောက်ဆုံးမြင်ခဲ့သည်မှာ ဧပြီလ ၁၆ရက်နေ့ဖြစ်သည်။ သူနောက်ဆုံး တွေ့မြင်ထားခဲ့သည့် အခြေအနေများသည် အတော်ပင်ဆိုးသည်ဟုဆိုသည်။
“ကျွန်တော်တွေ့ထားတဲ့အတိုင်းဆို တကယ်မလွယ်တော့ဘူး။ အရမ်းကိုခက်နေပြီ။ အဲချိန်မှာက သူတို့ယူခဲ့တဲ့ အစားအသောက်တွေ ရှိသေးတယ်။ အခုအချိန်မှာတော့ ကုန်သွားလောက်ပြီ။ အခုက သူတို့လည်း ငတ်နေလောက်ပြီ။ သူတို့က ဘယ်ဘက်သွားနေလဲ မသိတော့ဘူး။ အဆက်အသွယ်လည်း ပြတ်နေတော့။”ဟု ဆိုသည်။
ပြီးနောက် အောင်လောဒ်ကျေးရွာကို တပ်မတော်က ပြန်လာနေလို့ရပြီလို့ ပြောဆိုနေသော်လည်း ၎င်းကယခုအချိန်တွင် နေအိမ်ပြန်ပြီး ပြန်လာနေနိုင်ရန် ဆန္ဒမရှိသေးကြောင်း ဆိုသည်။
“အခုက ရွာကိုပြန်လာလို့တော့ မရဘူး။ တပ်ကပြန်လာနေလို့ရတယ်ဆိုလည်း မနေရဲဘူး။ ကဆုန့်မှာလည်း အဲတိုင်းပဲ။ ဒါကြောင့် ပြန်ခိုင်းရင်လည်း အခုချိန်ကတော့ မပြန်ရဲသေးဘူး။”ဟု ဦးအင်ဆင်အောင်လတ်က ၎င်း၏ခံစားချက်ကို ပြောပြသည်။
သူတို့မိသားစု လွတ်မြောက်လာပြီဖြစ်သော်လည်း ထိုပိတ်မိနေသေးသည့် ဒုက္ခသည်များလည်း အသက်ဘေးကင်းစွာ လွတ်မြောက်လာနိုင်ရန်လည်း ဆုတောင်းပေးနေဆဲ ဖြစ်ကြောင်း ဆိုသည်။