Sunday, July 10, 2016

ဒီပွဲဟာ နောက်ဆုံးမဟုတ်ဘူး မင်းဇော်ဦး



U Ravika
အချို့အဖွဲ့တွေကို NCA မှာ ပါဝင်ခွင့်မရအောင် မြန်မာစစ်တပ်က ဟန့်တားခဲ့တယ်။ အဖွဲ့အားလုံး ပါဝင်ခွင့်မရလို့ UNFC က NCA ကို လက်မှတ်မထိုးခဲ့ပါ။ NCA ကို လက်မှတ်မထိုးခဲ့ရင် ညီလာခံမှာ သဘောထားအမြင်တွေကိုပဲ တင်ပြပိုင်ခွင့်ရှိပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောတယ်။ ဒေါက်တာမင်းဇော်ဦးက အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးစီးနေတဲ့ (၂၁-ရာစုပင်လုံ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြိုပြင်ဆင်ရေးကော်မတီမှာ ပါဝင်ခွင့်ရနေသူ ဖြစ်တယ်။
ီအတိုင်းဆိုရင် ဆုံးဖြတ်ပိုင်ခွင့်ရှိသူများကို ကြည့်ရာ (၁) မြန်မာစစ်တပ်၊ (၂) NLD အစိုးရနဲ့ (၃) လက်ရှိ NCA လက်မှတ်ထိုးပြီးသား (၈)ဖွဲ့တို့သာ ဖြစ်တယ်။ ရွေးကောက်ပွဲမှာ အမတ်နေရာရခဲ့တဲ့ တိုင်းရင်းသားပါတီအချို့ ပါဝင်ပါလိမ့်မယ်။ အမတ်နေရာမရရှိခဲ့တဲ့ ပါတီများနဲ့ ပတ်သက်ပြီး အခုထိ ရေရာမှု မရှိသေးပါ။ NLD အစိုးရက တိုင်းရင်းသားအရေးကို ဆောင်ရွက်ပေးချင်လို့ ပြည်ထောင်စုပါတီဖြစ်တဲ့ သူတို့ကို မဲပေးကြပါလို့ မဲဆွယ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအရေးတွေမှာ တိုင်းရင်းသားပါတီတွေကို ကန့်သတ်လိုက်သလို အခု NCA မှာ မပါတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ကန့်သတ်ဖို့ ကြိုးစားနေတဲ့ သဘောပါ။ ဒါဟာ ရိုးသားတဲ့ ဆောင်ရွက်ချက် မဟုတ်ဘူးလို့ မိမိ ရဲရဲဝံ့ဝံ့ ပြောလိုပါတယ်။
ဒီတော့ ပြည်တွင်းစစ်ပဋိပက္ခမှာ လောလောဆယ် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ အဖွဲ့အစည်းတွေကို မိမိတို့လေ့လာကြည့်ရအောင်ပါ။
၁။ ကရင်အမျိုးသားအစည်းအရုံး KNU (ကရင်)
၂။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA (ရှမ်းတောင်)
၃။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO (ပအိုဝ်း)
၎။ ချင်းအမျိုးသားတပ်ဦး CNF (ချင်း)
၅။ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ KNLA (ကရင်)
၆။ ဒီမိုကရက်တစ်ဗုဒ္ဓဘာသာကရင်တပ်မတော် (ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA (ကရင်)
၇။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP (ရခိုင်)
၈။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် ABSDF (ဗမာ)
ဆိုပြီးတော့ ရှိပါတယ်။ ဒီထဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်းကတော့ KNU နဲ့ RCSS တို့ပါပဲ။ ဒုတိယအရေးပါတဲ့ အဖွဲ့တွေကတော့ PNLO, CNF နဲ့ ALP တို့ပါ။ အိမ်ဖြည့်တွေကတော့ KNLA (ကရင်)၊ DKBA (ကရင်)နဲ့ ABSDF (ဗမာ)တို့ပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုကို လူမျိုးအခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ထောင်မှာမို့လို့ ဒီ(၈)ဖွဲ့မှာ ကရင်၊ ရှမ်း (တဝက်)၊ ချင်း၊ ရခိုင်(တမတ်သား)နဲ့ ဗမာ(တရွေးသား)တို့ ပါဝင်ပါတယ်။ ဒေါက်တာမင်းဇော်ဦးအလိုအရ တိုင်းရင်းသားအရေးတွေကို ဒီလူမျိုးတွေနဲ့ ဆုံးဖြတ်သွားမယ်ဆိုတဲ့သဘောပါ။
ကောင်းပါပြီ။ သဘောထားအမြင်တွေကို တင်ပြပိုင်ခွင့်ရှိပြီး ဆုံးဖြတ်ချက်ပေးပိုင်ခွင့်မရှိဘူးဆိုတဲ့ အဖွဲ့တွေကို လေ့လာကြည့်ရအောင်ပါ။
၁။ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA (ဝလူမျိုး)
၂။ မိုင်လားလက်နက်ကိုင်အဖွဲ့ NDAA (မိုင်လား)
၃။ နာဂလက်နက်ကိုင်အဖွဲ့ NSCNK (နာဂ)
၎။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA (ကချင်)
၅။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP (ကရင်နီ)
၆။ မွန်ပြည်သစ်ပါတီ NMSP (မွန်)
၇။ ရခိုင်အမျိုးသားကောင်စီ ANC (ရခိုင်)
၈။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA (ရှမ်းမြောက်)
၉။ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ PSLP/TNLA (တအာင်း)
၁၀။ မြန်မာနိုင်ငံအမျိုးသားများဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ MNDAA (ကိုးကန့်)
၁၁။ ဝအမျိုးသားအဖွဲ့ချုပ် WNO (ဝလူမျိုး)
၁၂။ ရခိုင်တပ်မတော် AA (ရခိုင်)
၁၃။ လားဟူးဒီမိုကရက်တစ်အစည်းအရုံး LDU (လားဟူး)
ဆိုပြီးတော့ ရှိပါတယ်။ လူမျိုးအနေနဲ့ ဝ၊ မိုင်လား၊ နာဂ၊ ကချင်၊ ကရင်နီ၊ မွန်၊ ရှမ်း (တဝက်)၊ တအာင်း၊ ကိုးကန့်၊ ရခိုင် (သုံးမတ်သား)၊ လားဟူး တို့ ပါဝင်တယ်။ ဒီလူမျိုး(၁၁)မျိုးထဲမှာ ရှမ်းနဲ့ ရခိုင်တို့ဟာ အပစ်ရပ်နဲ့မရပ်ကြားမှာ သီးခြားအဖွဲ့အစည်းတွေအနေနဲ့ ရပ်တည်လျက်ရှိကြောင်း တွေ့မြင်နိုင်ပါတယ်။ ပြီးတော့ ကချင်၊ ကရင်နီ၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့ဟာ ပြည်နယ်ရရှိပြီသားလူမျိုးများ ဖြစ်ကြပါတယ်။ NCA ကို လက်မှတ်ထိုးခွင့် ရရှိခဲ့တဲ့ လူမျိုး(၄)မျိုးထက် အရေအတွက် ပိုများပါတယ်။ အဆိုပါလူမျိုး(၄) မျိုးထဲမှာ ရဲဘော်သံချောင်းတို့ရဲ့ ADSDF ဟာ ဗမာလူထုကို ဘယ်လောက်အထိ ကိုယ်စားပြုနိုင်တယ်၊ ဗမာပြည်နယ်ပေါ်ထွန်းရေးအတွက် ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နိုင်တယ်ဆိုတာကို အများကြီး စဉ်းစားရပါအုံးမယ်။
ဒီတော့ကာ ဒေါက်တာမင်းဇော်ဦးပါဝင်တဲ့ (၂၁-ရာစုပင်လုံ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအနေနဲ့ UNFC နဲ့ NCA လက်မှတ်ထိုးခွင့် မရရှိသေးတဲ့ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အဆုံးအဖြတ် မပါဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့တယ်ဆိုခဲ့ရင် ဒါဟာ ဘုရားမ၊ သိကြားမ မတာပဲလို့ ပြောရမှာပါ။ မကြာခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ကြဖို့ ရှိပါတယ်။ အဲဒီမှာကျရင် NCA မှာ ကျန်နေခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အသံကို စစ်စစ်မှန်မှန် ကြားရမှာပါ။ တစ်ခုတော့ ရှိတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ချင်စိတ်ရှိရင် ဖွဲ့စည်းပုံကို စစ်မှန်တဲ့ ဖက်ဒရယ်မူကို ရအောင် အခုချက်ချင်း ပြင်လိုက်ပါ။ အကျိုးမယုတ်ပါဘူး။ မရိုးသားတဲ့စိတ်နဲ့ လက်တလုံးခြား လှည့်ဖြားဖို့ ကြံအုံးမယ်ဆိုခဲ့ရင် ဒီပွဲဟာ နောက်ဆုံးပွဲ မဟုတ်သေးဘူးဆိုတာ မင်းဇော်ဦး မှတ်ထားဖို့ပါပဲ။