Friday, April 20, 2012

ကိုယ်စားပြုပေးပါ

ကချင်ပြည်ဝန်ကြီး ဒူဝါဇန်ထားဆင်ကတော့ ဒီမိုကရေစီပြောင်းပြန်ပါတဲ့.။ ဦးနုခေါင်းဆောင်တဲ့ ဖဆပလအစိုးရက ကချင်ပိုင်နက် ဖီမော်၊ ဂေါ်လမ်၊ ကန်ဖန်ဒေသတွေကို  တရုတ်နိုင်ငံဆီ ရောင်းစားလိုက်တုန်းက ရေးခဲ့တဲ့စာအုပ်နာမည်ပါ.။ ဒီမိုကရေစီအစိုးရဆိုပေမဲ့ ပြည်သူ့သဘောထားကို အလေးမထား၊ ကချင်လူထုကို တစ်ချက်မှ မတိုင်ပင်ဘဲ၊ ကချင်ပိုင်နက်မြေကို လက်ဆောင်ပေးသလိုပေးလိုက်လို့ ဒူဝါဇန်ထားဆင်က အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ယောက်ဖြစ်လျက်နဲ့ ပြည်မအစိုးရကို ပြင်းပြင်းထန်ထန် ပြန်ဝေဖန်ခဲ့တာပါ.။

သမိုင်းတစ်ပတ်လည်တယ်ပဲ ပြောရမလား.၊ ခုလဲ ထိုနည်းနှင်နှင်ပါပဲ..။ ဒီမိုကရေစီပြောင်းပြန်၊ ဒီမိုကရေစီဇောက်ထိုး မဟုတ်တောင်၊ ဒီမိုကရေစီကန့်လန့် လောက်တော့ ဖြစ်မယ်ထင်တယ်.။ ဘုရားကအောက်၊ မျောက်ကအထက်ဆိုသလို အဖေထက်သားတစ်လကြီးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ကမောက်ကမနိုင်ပုံတွေက ပြောမဆုံးပေါင် တောသုံးတောင်၊ အားလုံးအသိမို့ ဒီမိုကရေစီကန့်လန့်လို့ပြောတာကို သဘောမတူတဲ့သူ မရှိလောက်ပါဘူးနော်.။ ကျနော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတုန်းက ကန့်ကွက်မဲပေးခဲ့သလို၊ ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ယုံကြည်လောက်တဲ့ ပုဂ္ဂိုလ်ရှာမတွေ့တဲ့အတွက် မဲပေးဖို့နေနေသာသာ၊ မဲစားရင်းမှာ ကိုယ့်နာမည်ပါလား၊ မပါလားတောင် သွားမကြည့်ဖြစ်ခဲ့ပါဘူး.။ (ဒီကြားဖြတ်ရွေးကောက်ပွဲမှာလဲ မဲပေးခွင့်မကြုံလိုက်ပါဘူး.။) ဆိုလိုတာကတော့ လက်ရှိလွှတ်တော်နဲ့ အစိုးရအာဏာရနေခြင်းမှာ ကျနော့်ပယောဂမပါပါဘူး..။ “My hands are clean” ပါ.။ နို့ပေမဲ့.. ဇောက်ထိုးပဲဖြစ်ဖြစ်၊ အတည့်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီက ဒီမိုကရေစီပဲမဟုတ်လား.။ အများဆန္ဒကို လိုက်နာရမှာပေါ့.။ လူနဲစုရဲ့သဘောထားကို လေးစားတန်ဖိုးထားလျက် လူများစုရဲ့ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်တာဟာ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့အတွက် ကျနော်ကတော့ ငါထောက်ခံတဲ့အစိုးရမဟုတ်လို့ ဘာမဆို ကလန်ကဆန်လုပ်မယ်၊ ငါသဘောတူတဲ့အလံတော်မဟုတ်လို့ အလေးမပြုဘူးလို့ မစဉ်းစားပါဘူး..။ အများဆန္ဒကို လေးစားပါတယ်.၊ ကျေနပ်ပါတယ်.။

အဲ.. ကျနော်မကျေနပ်နိုင်တာက အနှီ ကန့်လန့်ဖြစ်နေတာကြီးပါ..။ အများရဲ့ ရွေးကောက်မှုမဟုတ်ဘဲ၊ ရုပ်ရှင်ရိုက်သလို ဒါရိုက်တာဘဘကြီးက “ဟိုကောင် ထိပ်ကွက် မင်းက မင်းသားလုပ်၊ ဗိုက်ပူ မင်းကဇာတ်ပြိုင်၊ ဟို ပုကွကွနဲ့ကောင် မင်းက သေနတ်ကိုင် ဗီလိန်လုပ်စမ်း”ဆိုပြီး၊ နေရာချထားပြီးမှ၊ လူထုကို ဒီလူတွေကိုပဲ ပြန်မဲပေးရွေးခိုင်းတာကြီးက ဒီမိုကရေစီအခွံကြီးထဲမှာတော့ အရမ်းကြည့်လို့တဲ့ ဇာတ်ကားပါပဲ..။ဟုတ်ကဲ့.၊ ဒီလို သတ်မှတ်ထားပြီးသားလူကိုပဲ ပြန်ရွေးခိုင်းခြင်းက  နံပါတ်တစ် ဇောက်ထိုးဖြစ်မှုပါ.။ မျိုးစေ့မှန်မှ အပင်သန်မှာမို့၊ နဂိုကတည်းက ဇောက်ထိုးဖြစ်နေတဲ့ဒီမိုကရေစီကြီးကနေ ဘယ်လိုအသီးအပွင့်တွေမျှော်လင့်ရမလဲတောင် မသိတော့ပါဘူး.။

အရင်ကာချုပ်က သူ့သဘောနဲ့သူ နေရာချခဲ့သလို၊ နောက်ကာချုပ်ကိုလဲ အစိတ်ဖိုး အာဏာအပ်နှင်းခဲ့ပါသေးတယ်.။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ကျနော်နားလည်တဲ့ စစ်သားဆိုတာက ပြည်သူ့ဝန်ထမ်းပါ.။ ပြည်သူတွေရဲ့ ၀န်ကိုထမ်းမယ့်၊ ပြည်သူ့အစေကိုခံမယ့်၊ ပြည်သူရဲ့ ထိန်းချုပ်မှုအောက်အပြည့်အ၀ရှိရမယ့် အင်အားစုပါ.။ အခုဖြစ်နေပုံအရ ကာချုပ်ဦးဆောင်တဲ့ တပ်မတော်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ ထီးထီးကြီးပေါလောပေါ်နေပါတယ်..။ ဖွဲ့စည်းပုံဥပဒေထဲမှာ ပြည်သူလူထုက ကာချုပ်ကို ရွေးချယ်ခန့်ထားခွင့်ရှိတယ်ဆိုတာ မပါသလို၊ စစ်ဆင်ရေးတွေမှာ ကာချုပ်ကို ဘယ်သူက အမိန့်ပေးခွင့်ရှိတယ်ဆိုတာ မပြတ်သားပါဘူး.။ စစ်ဆင်ရေးတွေမှာ ဘယ်သူက ဆုံးဖြတ်ခွင့်ရှိသူလဲဆိုတာ အမိန့်စီးဆင်းပုံ မပြေပြစ်ပါဘူး..။ နိုင်ငံတော်သမ္မတက ကာကွယ်ရေးဝန်ကြီးကို အမိန့်ပေး၊ ၀န်ကြီးကနေမှ ကာချုပ်ကိုညွှန်ကြား..၊ အဲလိုဖြစ်ရမှာဖြစ်ပေမဲ့ ၂၀၀၈ဖွဲ့စည်းပုံအရ ကာချုပ်က ဒုသမ္မတအဆင့်ပါ.။ ကာကွယ်ရေးဝန်ကြီးထက် ရာထူးကြီးသလို၊ (သူကိုယ်တိုင်က ကာကွယ်ရေးဝန်ကြီးကိုပြန်ခန့်တာပါ.) သမ္မတကလဲ ကာချုပ်ရဲ့ စစ်ဆင်ရေးအပိုင်းမှာ ၀င်ရောက်စွက်ဖက်ခွင့် ကန့်သတ်ခံထားရပါတယ်..။ ဆိုလိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာချုပ်ဟာ ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားတဲ့ နိုင်ငံတော်သမ္မတရဲ့ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး.။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာချုပ်ဟာ ပြည်သူလူထုရဲ့အောက်မှာ မရှိပါဘူး.။ ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ပက လူထုရဲ့စည်းလုံးမှုအားနဲ့ ကာချုပ်ကို ထိန်းကွပ်နိုင်မှာကို မှတ်ထားရပါမယ်..။

ကချင်တပ်မတော်နဲ့ ပြည်မတပ် လောလောလတ်တ်ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြည်မမှာရှိတဲ့ ဗမာတိုင်းရင်းသားများနဲ့ အခြားတိုင်းရင်းသား ညီအစ်ကိုတွေကို ကျနော်ဒီနေရာကနေ ရှင်းပြချင်ပါတယ်.။ ဘယ်သူတွေ လွန်သလဲ. ဘယ်လိုဖြေရှင်းရမလဲ. ဆိုတာ နဲနဲဆွေးနွေးပါ့မယ်.။ ပါဝင်ကူညီနိုင်တဲ့ ကိစ္စတွေမှာလဲ တစ်တပ်တစ်အားကူညီကြပါလို့ တောင်းဆိုလိုပါတယ်.။ လက်ရှိအစိုးရဟာ မည်သို့ပင်ဆိုစေကာမူ (ဒီမိုကရေစီသဘောအရ) ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပြီး၊ ကချင်လွတ်မြောက်ရေးအစိုးရဟာလဲ ကချင်အမျိုးသားတစ်ရပ်လုံးကို ကိုယ်စားပြုတယ်ဆိုတာတော့ Common ground အဖြစ် သတ်မှတ်ထားဖို့ လိုပါမယ်.။

မသိသေးတဲ့သူတွေအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးအစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တွေရဲ့အကြောင်း နဲနဲရှင်းပြပါရစေ.။ KIO ဟာ ကချင်လူထုကနေ ပေါက်ဖွားလာတဲ့ အမျိုးသားအဖွဲ့အစည်းစစ်စစ်ဖြစ်ပါတယ်.။ ကိုလိုနီခေတ် ဒို့ဗမာအစည်းအရုံးလို တစ်မျိုးသားလုံးကို ကိုယ်စားပြုပါတယ်.။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ Autonomy နဲ့ Federalism ပါ.။ မသမာသူတွေ ၀ါဒဖြန့်သလို၊ ခွဲထွက်ရေးမဟုတ်ပါဘူး.။ မဟုတ်တော့ပါဘူး.။ တစ်ချိန်ကတော့ ပြည်ထောင်စုကနေခွဲထွက်ပြီး သီးခြား Wunpawng Gumrawng Gumtsa Mungdan (၀မ်ပေါင်သမ္မတနိုင်ငံ) ဆိုတာထူထောင်ဖို့ ရည်ရွယ်ခဲ့ဖူးပါတယ်.။ ဒါပေမဲ့ အားလုံးကို မမေ့စေချင်တာကတော့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးစဉ်က လိုတာထက်ပိုပြီး တက်ကြွခဲ့တာဟာ ကချင်တွေဖြစ်တယ်ဆိုတာပါပဲ.။ နဂိုကတည်းက သီးခြားတိုင်းပြည်အနေနဲ့ နေချင်ရင် ပင်လုံစာချုပ်ဆိုတာ လှည့်ကြည့်စရာတောင် မလိုပါဘူး.။ ပြည်ထောင်စုစနစ်နဲ့ ဥမကွဲ၊ သိုက်မပျက် စည်းစည်းလုံးလုံး၊ သာတူညီမျှ နေချင်လို့သာ ပြည်ထောင်စုထဲ ၀င်လာတာပါ.။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာဘူးလေ..။ ပြည်ထောင်စုနဲ့ မဆိုင်သလိုခွဲခြားဆက်ဆံခံရတယ်.။ ခုပဲကြည့်.၊ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်မရဘူး..။ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ တိုင်းရင်းသားအားလုံး ပါဝင်ခွင့်ရပေမဲ့ ကချင်တွေမပါပြန်ပါဘူး..။ ပြည်ထောင်စုထဲကနေ ခွဲထုတ်ခံနေရပါတယ်..။ ခွဲထွက်ချင်တာမဟုတ်ဘဲ ခွဲထုတ်ခံရတာပါ..။ ခွဲထုတ်ခံရလို့ ခွဲထွက်ဖို့စဉ်းစားခဲ့တာပါ.။ ဒါကြောင့် တစ်ချိန်ကတော့ သီးခြားတိုင်းပြည်အနေနဲ့ ခွဲထွက်ဖို့အထိ မူဝါဒပိုင်းတင်းမာခဲ့ပါတယ်..။ ကြာခဲ့ပါပြီ..။ ခုတော့ Federal Union (ပြည်ထောင်စုဖက်ဒရေးရှင်းကြီး)ထဲက Wunpawng Gumrawng Gumtsa Mungdan (၀မ်ပေါင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်ထောင်)အဖြစ် ရပ်တည်ဖို့ တိုက်ပွဲဝင်နေပါတယ်.။ အဖွဲ့အစည်းအတွင်းမှာလဲ တစ်စုံတစ်ယောက်က တစ်ဘက်သတ်အာဏာချုပ်ကိုင်မှုမရှိဘဲ၊ အများဆန္ဒခံယူလျက် ဒီမိုကရေစီစနစ်နဲ့သာ မျှတစွာ တာဝန်ယူနေကြပါတယ်..။ စစ်အာဏာရှင်စနစ်ဆိုတာ စဉ်းတောင်မစဉ်းစားဖူးပါဘူး.။

အဲဒီတော့ လက်ရှိ ပြည်မတပ်မတော်ဆင်နွဲနေတဲ့ စစ်ဆင်ရေးတွေဟာ ဘယ်သူ့သဘောနဲ့ ဖြစ်သလဲဆိုတာ မေးပါရစေ.။ သမ္မတကြီးက ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းမယ်လို့ ပြောထားပါရက်နဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော်ကို ထိုးစစ်ဆင်ဖို့ ဘယ်သူအမိန့်ပေးပါသလဲ..။ သမ္မတကြီးက “ပြည်မတပ်အားလုံး ၂၀၁၁၊ ဇွန်မတိုင်ခင်က အနေအထားအထိ ပြန်ဆုတ်ခွာပါ.၊ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အနီးကပ်ထိတွေ့မှု မဖြစ်ပေါ်အောင် စစ်ကြောင်းမထွက်ပါနဲ့.၊ တိုက်ကင်းမထွက်ပါနဲ့” လို့ ဘာလို့ အမိန့်မပေးတာပါလဲ.။ မပေးနိုင်လို့လား.၊ မပေးချင်လို့လား.။ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက်၊ ပထမအဆင့်အပစ်အခတ်ရပ်စဲရေးက ဒီလောက်အရေးကြီးပါတယ်ဆိုရင် ဘာလို့ (နဂိုကတည်းကရှိပြီးသား) ၁၉၉၄ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပါသလဲ..။ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကိုယ်ကစပြီး ချိုးဖောက်ခဲ့ပါရက်နဲ့ ဘာလို့ ခုမှအသဲအသန် “အပစ်မရပ်ရင်၊ နိုင်ငံရေးမဆွေးနွေးဘူး”လို့ ဖြစ်ရပါသလဲ..။ အနဲဆုံးတော့ အပစ်မရပ်ခြင်းဟာ “ကချင်တပ်မတော်က သဘောထားတင်းမာလို့ ဖြစ်တယ်”လို့ ဘာကြောင့် မျက်နှာပြောင်တိုက်ပြောရပါသလဲ..။ သမ္မတကခန့်ထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အပစ်ရပ်ဖို့ ဆွေးနွေးပွဲဝင်နေချိန်မှာ၊ တပ်မတော်က ဘာလို့ အပစ်မရပ်နိုင်အောင် လုပ်နေရပါသလဲ..။ ကချင်တွေအပြစ်ဖြစ်အောင် ကြိုပြီးတော့များ လက်ဝါးချင်းရိုက်ထားကြလေသလား.။ ဒါတွေ စဉ်းစားကြည့်တော့ သဘောထားမမှန်တာ၊ အနိုင်အထက်ပြုကျင့်ချင်တာဟာ ဘယ်သူလဲဆိုတာ ရှင်းလာပါတယ်.။

ကျူးကျော်ဝင်ရောက်လာသူနဲ့ ခုခံတွန်းလှန်သူကြားမှာ တိုင်းရင်းသားညီအစ်ကိုတို့ ဘယ်သူဘက်က ရပ်တည်မှာပါလဲ.။ ဘယ်သူ့အလွန်ဖြစ်ပါသလဲ.။ ကချင်တပ်မတော်အနေနဲ့ကတော့ ကိုယ်ဒေသထဲဝင်လာတဲ့ ဘယ်နယ်ချဲ့တပ်ကိုမဆို ခံပစ်ရမှာပါပဲ..။ မင်းအောင်လှိုင်ရဲ့တပ်မှမဟုတ်ပါဘူး.၊ တရုတ်တပ်ပဲဖြစ်ဖြစ်၊ နောက်ဆုံး အမေရိကန်တပ်ဆိုရင်တောင် မတရားကျူးကျော်ဝင်လာရင်တော့ ပစ်ရမှာပဲ..။ “ရပါတယ်..၊ ခင်ဗျားတို့တပ်တွေ ၀င်လာပါ..၊ နိုင်ငံရေးဆွေးနွေးပြီးမှ ပြန်ထွက်သွားကြပေါ့”လို့ လုပ်ရင် သီပေါမင်းလို ပါတော်မူကုန်မှာပေါ့.။ ကိုယ့်ဒေသထဲ နယ်ချဲ့တပ်တွေကို အသာတကြည်အ၀င်ခံရအောင်၊ ကချင်လွတ်မြောက်ရေးအစိုးရနဲ့ ကချင်တပ်မတော်ခေါင်းဆောင်တွေက သီပေါမင်းနဲ့ ဘာမှမတော်ပါဘူး.။ လက်ရှိ Status quo အရ ကချင်တို့ရဲ့ တောင်းဆိုမှုကလဲ အစွန်းမရောက်ပါဘူး.။ “ပြည်မတပ်မတော်ဟာ ကချင်ပြည်ထဲ လုံးဝတပ်မစွဲရ၊ အခြေမစိုက်ရ” လို့ သဘောမထားပါဘူး.။ ပြည်ထောင်စုထဲမှာ ပါဝင်တဲ့ ပြည်နယ်တစ်ရပ်ဖြစ်တဲ့အတွက် ကချင်ပြည်ထဲမှာ ပြည်ထောင်စုအစိုးရရဲ့ အလုံးစုံထိန်းချုပ်မှုအောက်က ပြည်ထောင်စုတပ်မတော်စစ်စစ် စနစ်တကျတပ်စွဲရမှာပါ.။ အလားတူပဲ ပြည်နယ်အစိုးရအောက်မှာ ပြည်နယ်တပ်မတော်ကိုလဲ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် ပြုရပါမယ်.။ ဒါပေမဲ့ ပြည်ထောင်စုတပ်မတော်စစ်စစ်မဖွဲ့စည်းနိုင်မီ၊ နှစ်ဦးနှစ်ဖက်ယုံကြည်မှု ယိုင်နဲ့နေချိန်မှာ ပဋိပက္ခဖြစ်နိုင်တဲ့ အနေအထားတွေကို ရှောင်ကျင်စေချင်ပါတယ်.။ အပစ်အခတ်ရပ်စဲဖို့အရေး၊ ပြည်မတပ်မတော်အနေနဲ့ ပစ်ဖို့မလိုအောင်သာ နေပေးပါ.။ ဒါဆို အများကြီး အရာရောက်ပါတယ်.။ ၁၉၉၄ စာချုပ်ကို ပြန်အသက်သွင်းရာ ရောက်ပါလိမ့်မယ်.။

အပစ်အခတ်ရပ်စဲရေးစာချုပ်ပြန်ချုပ်မယ်ဆိုရင်လဲ ကြားမှာအာမခံပေးမဲ့ ဂုဏ်သိက္ခာရှိသူ၊ တတိယပုဂ္ဂိုလ်ကို ကချင်တွေတောင်းဆိုပါတယ်.။ ၁၉၉၄မှာ အပစ်ရပ်သဘောတူညီမှုရှိရက်နဲ့ ပြည်မတပ်က မထင်ရင်မထင်သလို၊ ၀င်ပစ်တတ်ပါတယ်.။ ခုလို တိုက်ပွဲကြီးတွေပြန်စတာဟာလဲ ပြည်မတပ်က စတာပါ.။ ဒါကြောင့် အပစ်ရပ်ကြစို့ဆိုရုံနဲ့ အပစ်ရပ်လိုက်၊ နောက်မှ “ဘွာတေး”ဆို ပြန်ပစ်လိုက်လုပ်နေရင် ခံရမှာက ကချင်ပြည်သူလူထုသာဖြစ်ပါတယ်.။ ကုန်ကုန်ပြောရရင်ဗျာ..၊ ကချင်တပ်မတော်က သမ္မတကြီးနဲ့ အပစ်အခတ်ရပ်စဲဖို့သဘောတူပြီး၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ၀င်ထိုင်နေတဲ့အချိန်မှာ တပ်မတော်က ကိုယ့်သဘောနဲ့ကိုယ် လိုင်ဇာကို ၀င်သိမ်းလိုက်ရင် ဘယ်သူဖြေရှင်းပေးမှာလဲ.။ ဒီတစ်ခါတော့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပြည်မဘက်မှာဂုဏ်သိက္ခာရှိသူတစ်ယောက်လောက်တော့ ပါစေချင်ပါတယ်.။

ဒါကြောင့် ထာဝရငြိမ်းချမ်းရေးရဖို့၊ အပစ်အခတ်ရပ်စဲဖို့အတွက်ဆိုရင်
၁။ ပြည်မတပ်အနေနဲ့ ကချင်တပ်မတော်ထိန်းချုပ်ရာဒေသမှ ဝေးရာကို နောက်ဆုတ်ရပါမယ်..။
၂။ ခိုင်မာတဲ့၊ အာမခံချက်ရှိတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ရပ်ကို ဂုဏ်သိက္ခာရှိတဲ့ တတိယပုဂ္ဂိုလ်များရှေ့မှောက်မှာ လက်မှတ်ရေးထိုးနိုင်ရပါမယ်.။
၃။ တန်းတူညီမျှမှု၊ မသမာမှုကင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲကနေတဆင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီ ဦးတည်ရပါမယ်..။

ထာဝရငြိမ်းချမ်းရေးဆီချီတက်ရာမှာ အပစ်ရပ်ရေးဟာ ပထမခြေလှမ်းပါ.။ ဒီခြေလှမ်းတောင် ဖြောင့်အောင်မလှမ်းနိုင်ရင် ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါ.။ အပစ်ရပ်ရေးနဲ့ ဒုက္ခသည်များကိုယ့်ဒေသကိုယ်ပြန်နိုင်ရေးက အရေးတကြီး လိုအပ်နေပါတယ်.။ ပြည်မမှာ ကျနော်တို့တတွေ လုံလုံခြုံခြုံရှိနေကြချိန်၊ ဒုက္ခသည်စခန်းမှာ ကျနော်တို့ သွေးချင်းတွေ ညှိုးညှိုးငယ်ငယ်နဲ့ ဒုက္ခခံနေရပါတယ်.။ နာမကျန်းဖြစ်နေကြပါတယ်.။ တရုတ်အာဏာပိုင်တွေရဲ့ ငြိုငြင်မှု ခံနေရပါတယ်.။ တစ်ချို့ခမျာ စခန်းဆီတောင် ရောက်မလာနိုင်ဘဲ၊ လမ်းမှာတင် ပြည်မတပ်မတော်သားတွေ ဖမ်းဆီးပြီး၊ မုဒိမ်းကျင့်၊ အရှင်လတ်လတ်မြေမြှုပ်ပစ်တာတွေ ရှိနေပါတယ်.။ နမ့်ဖတ်ကာလိုမြို့မှာတောင်၊ တပ်မတော်သားတွေက ကိုယ်သဘောနဲ့ကိုယ်၊ သူများအိမ်ဝင်းထဲ ၀ါးဝင်ခုတ်၊ သစ်ဝင်ခုတ်၊ ၀က်ဝင်ခိုးနဲ့ ဖြစ်ချင်သလို ဖြစ်နေတာပါ.။ လက်နက်ပြပြီး ဓမြတိုက်နေတာပါ.။ ပြည်သူလူထုကို သိစေချင်ပါတယ်.။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကိုလဲ တောင်းဆိုလိုပါတယ်.။

လက်ရှိအစိုးရနဲ့တပ်မတော်ရဲ့ လုပ်ရပ်အားလုံးဟာ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုနေပါတယ်..။ သမ္မတဆိုတာလဲ ပြည်သူလူထုရွေးချယ်ထားတဲ့အတွက် သမ္မတဖြစ်နေတာပါ.။ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဖော်ဆောင်ဖို့ တာဝန်ရှိပါတယ်.။ လွှတ်တော်ကိုယ်စားလှယ်တွေဟာလဲ၊ (ဘယ်လိုလမ်းကြောင်းကပဲဖြစ်လာလာ၊) ခုချိန်မှာတော့ ပြည်သူကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေရပါတော့မယ်.။ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို လွှတ်တော်ထဲမှာ ထုတ်ဖော်ကြေညာပေးရပါမယ်.။ ယခင်စစ်အစိုးရကတော့ ပြည်သူ့သဘောထားမပါဘဲ၊ လုပ်ချင်ရာလုပ်ခဲ့တယ် ဆိုပေမဲ့၊ ခုချိန် ဒီမိုကရေစီအစိုးရခေတ်မှာတော့ အစိုးရလုပ်သမျှဟာ ပြည်သူလူထုက ခွင့်ပြုမှ ဖြစ်မှာပါ.။ ကချင်ဒေသကို ထိုးစစ်ဆင်နေတာဟာလဲ ပြည်သူလူထုက ခွင့်ပြုမှဖြစ်ရပါမယ်.။ ပြည်သူလူထုက မတိုက်နဲ့၊ နောက်ဆုတ်ဆိုရင် အာဏာတစ်မတ်သားပိုင်ရှင် ကာချုပ်လဲ သူ့တပ်ကို ပြန်ရုတ်ရမှာပါ.။ မြစ်ဆုံကိစ္စမှာ ကျနော်တို့ အသံတစ်သံတည်းနဲ့ ၀ိုင်တွန်းခဲ့ကြသလို၊ ခုလဲ ပြည်သူ့ဆန္ဒအမှန်ကို ဖွင့်ထုတ်ဖို့ လိုနေပါတယ်..။ ပြည်မရဲ့ နိုင်ငံရေးအလှည့်အပြောင်းမှာ အစိုးရကို တည့်မတ်ပေးနိုင်ခဲ့တဲ့၊ စတုတ္ထမဏ္ဋိုင်တွေအနေနဲ့လဲ၊ တိုင်းရင်းသားအရေးမှာ အစိုးရလုပ်သမျှ ပြန်ကြားပေးတဲ့သတင်းပေးသက်သက်ထက် ပိုပြီးတာဝန်ယူဖို့ လိုနေပါပြီ..။ တိုင်းရင်းသားရေးရာမှာလဲ အစိုးရကို ထိန်းကြောင်းပေးဖို့ လိုနေပါပြီ..။

တောင်ပေါ်မှာ အဖိနှိပ်ခံနေရတဲ့သူတွေက သူတို့ကို အနိုင်ကျင့်နေတဲ့တပ်ဟာ ဗမာတပ်လို့ပဲ မြင်ကြပါတယ်.။ တကယ်လဲ အဲဒီတပ်ထဲမှာ ဗမာတိုင်းရင်းသားများပဲ ပါပါတယ်.။ ကြာလာတော့ ဗမာတိုင်းရင်းသားတစ်ရပ်လုံးကို အမြင်စောင်းလာပါတယ်.။ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်လာရပါတယ်.။ ဒါတွေကို သတိထားဖို့ လိုနေပါပြီ..။ ကိုယ်ရွေးကောက်ထားတဲ့ အစိုးရ၊ ကိုယ့်တပ်မတော်ကို ကိုယ်ပြန်ထိန်းနိုင်မှ တိုင်းရင်းသာစည်းလုံးညီညွတ်မှုကို နိုင်နိုင်နင်းနင်း ကာကွယ်နိုင်မယ့် အခြေအနေရောက်နေပါပြီ..။ လွှတ်တော်ထဲ ၀င်ထိုင်နေတဲ့ မိုးကျရွှေကို တစ်မတ်သားကို ဖယ်ထုတ်ဖို့လိုရင် ဖယ်ထုတ်ရပါမယ်.။ လွတ်တော်အမတ် ၇၅% သဘောတူတဲ့အပြင်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ၅၀% အထက်ရမှ ဖြစ်မယ်ဆိုတော့ တော်တော်တော့ မလွယ်ပါဘူး..။ ပြည်ခိုင်ဖြိုးအမတ်တွေ ကန့်ကွက်ကြဖို့ရှိပေမဲ့၊ ပြည်သူ့လွှတ်တော်အမတ်တွေဖြစ်ကြတဲ့အတွက် ပြည်သူတစ်ရပ်လုံးက အသံတစ်သံတည်းနဲ့ တောင်းဆိုရင် ဘယ်လိုအမတ်တွေမှ ငြင်းပယ်ခွင့်မရှိပါ.။

ဗြမစိုရ်တရားထွန်ကားတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မှာ တိုင်းရင်းသားအချင်းချင်းကြား မတရားမှုတွေ၊ ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်မှုတွေ ရှိနေတာ ရှက်ဖို့ကောင်းလှပါတယ်..။ယခင်စစ်အစိုးရလက်ထက် လုပ်ရပ်တွေကတော့၊ သူ့သဘောနဲ့သူမို့ ဘာမှပြောစရာ မရှိပါ.။ အခုတော့ ပြောင်းလဲကုန်ပါပြီ.။ ပြည်မအစိုးရကိုယ်နှိုက် ကမ္ဘာ့ဇာတ်ခုံပေါ် ၀င်တိုးတော့မယ့် အခိုက်အတန့်ပါ.။ လုပ်သင့်တာလုပ်နေတာပါလို့ လွတ်ထားလို့ မရတော့ပါဘူး.။ ပြည်သူ့သဘောထားအမှန်ကို လိုက်နာတဲ့ အစိုးရဖြစ်အောင်၊ ထိန်းကျောင်းနေရပါမယ်.။ မြစ်ဆုံအရေးကိုပဲ ဥပမာယူကြရအောင်.။ စစ်အစိုးရလက်ထက်မှာ ပြည်သူဆန္ဒကို မမေးစမ်းဘဲ၊ ဇွတ်တိုက်လုပ်ခဲ့တာ၊ အခုဒီမိုကရေစီအစိုးရလက်ထက်ကျတော့ ပြည်သူ့သဘောထားအစစ် ထုတ်ဖော်ပြီး လမ်းကြောင်းမှန်ဘက် ဦးပြန်လှည့်နိုင်ခဲ့ပါပြီ..။ တိုင်းရင်းသားအရေး၊ ထာဝရငြိမ်းချမ်းရေးတွေမှာလဲ ကျနော်တို့ လူထုတစ်ရပ်လုံး ပိုမိုစိတ်ပါဝင်စားစွာနဲ့ ကိုယ်ရွေးကောက်ထားတဲ့ အစိုးရကို ထိန်းကျောင်းကြရအောင်ပါ..။

ကိုယ့်အစိုးရ၊ ကိုယ့်တပ်မတော်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်စားပြုပေးခြင်းဖြင့် တာဝန်ခံ ထိန်းကျောင်းကြဖို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို နှိုးဆော်လိုက်ပါတယ်..။

ဘုရားသခင်ကောင်းကြီးပေးပါစေ..။
ကျနော်ဇော်ခွန်နော်ပါ.။