Friday, May 26, 2017

နိုင်ငံတော်မှ ခွဲမထွက်ရ စကားရပ်ကို တိုင်းရင်းသားတွေ ကန့်ကွက်


  • 25 မေ 2017
ပင်လုံဓာတ်ပုံ မူပိုင် MOI
Image caption ဒုတိယ ပင်လုံ ညီလာခံမှာ နိုင်ငံရေး ကဏ္ဍ ဆွေးနွေးမှု
၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးရဲ့ နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးတဲ့ နိုင်ငံတော် ၏နယ်မြေ အပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ စကား ရပ်ကို ကန့်ကွက်မှု ရှိခဲ့ပါတယ်။
နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးဖို့ UPDJC က တင်သွင်းတဲ့စာတမ်းမှာ ခွဲမထွက်ရ ဆိုတဲ့အချက် ပါဝင်ပြီး အဲဒီလို ခွဲမထွက်ရဆိုတဲ့ စကားလုံး ထည့်ထားတဲ့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ၊ ချင်း ဒီမိုကရက်တစ် ပါတီ နဲ့ အစည်းအဝေး တက်ရောက်နေတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တချို့က ကန့်ကွက် ခဲ့ကြပါတယ်။
အခုလို ခွဲမထွက်ရဆိုတဲ့အချက်ကို ထည့်သွင်းမည်ဆိုရင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်လာနိုင်ကြောင်းနဲ့ ဒီလိုထည့်သွင်းမယ်ဆိုရင် ပင်လုံစိတ်ဓါတ်နဲ့ ပင်လုံ ဂတိ ကဝက်ကို လုံးဝ ဆန့်ကျင်နေတယ်လို့ SNLD က ဦးစိုင်းထွန်းက ပြောပါတယ်။
ခွဲထွက်ရေးဟာ ဖက်ဒရယ် စနစ်ကို ကျော်လွန် နေတယ်လို့ နိုင်ငံရေးကဏ္ဍမှာ ဝင်ရောက်ဆွေးနွေးနေတဲ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှုးကြီး ဇော်မင်းထွန်းက ဆိုပါတယ်။
နောက်ပိုင်းမှတော့ ခွဲမထွက်ရဆိုတဲ့ စကားရပ်အစား ဥမကွဲ သိုက်မပျက် စကားရပ်ကို ပြောင်းလဲ ထည့်သွင်းဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။