Tuesday, February 12, 2019

CONFUCICUS (551 B.C. – 479 B.C.)

ကွန်ဖြူးရှပ် (၅၅၁ – ၄၇၉ ဘီစီ)
Confucius a Sharin Achyin ai lam

  1. Galoi mung sharin hkaja tam mahkawng nga na.
  2. Machye machyang kung kyang zet nga na.
  3. Myit kaja rawng nga na.
  4. Myit ding hpring nga na.
  5. Atsam marai rawng hkra shakut na.
  6. Mungdan up hkang lu hkra shakut na.
  7. Ding hku ngwi pyaw hkra shakut na.
  8. Mungkan hpe mgwi pyaw simsa hkra galaw na.  Confucius a sharin achyin ai lam gaw masha a kyang lailen kaja wa nna myit masa madang tsaw wa na matu rai nga ai.

ကွန်ဖြူးရှပ် (K’ung Fu-tse ကုန်ဖုစီ) တရုတ်ဒဿနိကပညာရှိကြီးဟာ တရုတ်တို့ အခြေခံအယူအဆ အလေ့အထတွေကို ပထမဦးဆုံး အကြောင်းအကျိုးစဉ်ပြီး စုစည်းပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ဒဿနဟာ လူပုဂ္ဂိုလ်တစ်ဦးစီရဲ့ ကောင်းမွန်ရေးနဲ့ လူအများစုအကျိုးအတွက် အုပ်ချုပ်သူအစိုးရဆိုင်ရာ ထုံးနည်းများ စေ့စပ်သေချာရေးကို အခြေခံပြီး ပြောဆိုဆုံးမတဲ့အတွက် အနှစ် နှစ်ထောင်ကျော် တရုတ်ဘဝနဲ့ ဓလေ့ထဲမှာ ပျံ့နှံ့ပြီး ကမ္ဘာ့လူသားတော်တော်များများအပေါ်မှာ အများကြီး လွှမ်းမိုးနေပါတယ်။
တရုတ်နိုင်ငံအရှေ့မြောက် ရှန်တုန် (Shantung) ပြည်နယ်၊ လု (Lu) နိုင်ငံငယ်လေးမှာ ကွန်ဖြူးရှပ်ကို ၅၅၁ ဘီစီမှာ မွေးဖွားတယ်။ သူငယ်ငယ်ကပဲ သူ့ဖခင်သေဆုံးသွားလို့ မိခင်မုဆိုးမနဲ့ ကွန်ဖြူးရှပ်တို့ ဆင်းတောင့်ဆင်းရဲ နေခဲ့ရတယ်။ နောင် ဒဿဆရာဖြစ်လာမယ့် ကွန်ဖြူးရှပ်ဟာ လူငယ်လူရွယ်အချိန်ကပဲ အစိုးရအရာရှိငယ်အဖြစ်နဲ့ ဝန်ထမ်းဖူးတယ်။ ဝန်ထမ်းသက်အတော်ရပြီးမှ အစိုးရအလုပ်က နုတ်ထွက်ပြီး နောက်ပိုင်း တစ်ဆယ့်ခြောက်နှစ်အတွင်းမှာ သူ့ဒဿနကို ပြောဟောတဲ့အခါ သူ့ကို တပည့်များစွာ ဆည်းကပ်လာကြတာကို တွေ့ရပါတယ်။ အသက်ငါးဆယ်ရောက်တဲ့အခါ သူ့အစိုးရက သူ့ကို ရာထူးကြီးတစ်ခု ပေးအပ်ချီးမြှောက်ပေမယ့် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ကုန်းချောသူတို့ဘက်က အောင်မြင်လို့ ရာထူးကနုတ်ပယ်ပြီး၊ ပြည်နှင်ဒဏ်ပေးခြင်း ခံရရှာပါတယ်။ နောက်တစ်ဆယ့်သုံးနှစ်မှာတော့ နယ်လှည့်တရားဟောလမ်းလျှောက်ဆရာဖြစ်ပြီး ဇာတိနယ်ကို ပြန်ရောက်တယ်။ ငါးနှစ်နေပြီး ၄၇၉ ဘီစီ(အသက် ၇၂ နှစ်) မှာ ကွယ်လွန်ပါတယ်။ ကွန်ဖြူးရှပ်ကို ကိုးကွယ်ယုံကြည်မှုဘာသာတစ်ရပ်ကို စတင်ခဲ့တဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ ဖော်ပြခေါ်ဝေါ်လေ့ ရှိကြပေမယ့် ဒီလိုမခေါ်သင့်ပါ။ သူ့ဟောပြောတဲ့အထဲမှာ အထက်နတ်အကြောင်း၊ တမလွန်ဘဝအကြောင်း၊ ရှေ့ဖြစ်နောက်ဖြစ်ဖတ်တာတွေ အကြောင်း မပါဘူး။ အခြေခံကျကျ လူ့လောကဖြစ်တတ်သမျှ အကြောင်းတွေကို တွေးတောကြံဆ အဖြေရှာတယ်။ လူတိုင်းလူတိုင်း လူ့ကိုယ်ကျင့်တရားကို ထိန်းဖို့နဲ့ နိုင်ငံရေးစည်းစောင့်ဖို့အရေးကိုသာ စိတ်ပါဝင်စားတယ်။
အရေးပါတဲ့ အရည်အသွေးကောင်းနှစ်ခုက ‘ ရဲန်’ (jen) နဲ့ ‘လီ’ (li) လို့ ကွန်ဖြူးရှပ်က အမည်ပေးထားပါတယ်။ အဆင့်မြင့်တဲ့လူတိုင်း ဒီနှစ်မျိုးကို ဂရုစိုက်ပြီး လက်တွေ့လုပ်ငန်းနဲ့ ညှိပါတယ်။ ‘ရဲန်’ udk အချစ် လို့ အဓိပ္ပါယ်ဖွင့်တယ်။ ပိုရှင်းအောင် ‘လုပ်ဖော်ကိုင်ဖက် လူတစ်ဖက်သားကို ကောင်းစေလိုတဲ့စေတနာ’ လို့ ဘာသာပြန်ပါမယ်။ ‘လီ’ ကတော့ ဟန်အမူအရာ၊ ပူဇော်ပသခြင်း၊ ထုံးနည်း၊ ယဉ်ကျေးဖွယ်ရာရရှိခြင်း နဲ့ သင့်တင့်လျောက်ပတ်စွာ နေတတ်ခြင်း တွေကို စုပေါင်းရည်ညွှန်းပါတယ်။
ဘေး၊ ဘိုး၊ မိဘကို ပူဇော်ပသခြင်းဟာ တရုတ်ဘာသာအယူဝါဒရယ်လို့ ကွန်ဖြူးရှပ် မပေါ်ခင်ကပဲ ရှိခဲ့ပါတယ်။ အဲဒီအပေါ်မှာ သူကဆင့်ပြီး မိသားစုအပေါ်မှာ သစ္စာရှိပါ၊ မိဘကို ရိုသေပါလို့ သွန်သင်ပါတယ်။ အဲဒါအပြင် ရိုသေလေးမြတ်ခြင်း၊ စေခိုင်းသမျှ နာခံဆောင်ရွက်ခြင်းဆိုတာ လင်အပေါ်မှာ မယားက ထားရမယ့်တာဝန်၊ အစိုးရအပေါ်မှာ ပြည်သူကထားရမယ့်တာဝန်ပဲလို့ ပြောပြန်တယ်။ ဒါပေမယ့် ကြမ်းတမ်းရက်စက်တဲ့မင်းကိုတော့ မထောက်ခံပါ။ နိုင်ငံအစိုးရဆိုတာ လူအများအကျိုးကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အဲဒီလိုပဲ လူအများကလည်း အစိုးရကောင်းကျိုးကို ရှေးရှုဆောင်ရွက်ပေးရမယ်။ အစိုးရက အုပ်ချုပ်တဲ့အခါ အာဏာသုံးခြင်းထက် စာရိတ္တ စံပြကောင်းခြင်းနဲ့ ရှေ့ဆောင်ရမယ်လို့လည်း ဆိုပါတယ်။ သူ့ဆုံးမချက်ထဲမှာ ရွှေဥပဒေ (Golden Rule) နဲ့ ခပ်ဆင်ဆင်တူတာ ပါတယ်။ ‘ကိုယ့်ကို လာမလုပ်စေချင်တဲ့ကိစ္စ၊ သူများကို သွားမလုပ်ပါနဲ့’ တဲ့…။
ကွန်ဖြူးရှပ်အခြေခံအမြင်က အများကြီးရှေးဆန်တယ်။ သူ့အလိုအရ ရွှေခေတ်က ရှေးကဖြစ်ပေါ်ခဲ့ပြီးပြီ။ ပြည်သူ၊ အစိုးရ နှစ်ဖက်စလုံး ရှေးထုံးကိုပြန်ကောက်ပါ။ ဒါပေမယ့် စာရိတ္တမဏ္ဍိုင်နဲ့ ရှေ့ဆောင်အုပ်ချုပ်တာမျိုး ရှေးကမရှိဘူးပါ။ အဲဒါကြောင့် ကွန်ဖြူးရှပ်ကို အသစ်ဘက်ကိုပို့တဲ့ ပြုပြင်ရေးသမားလို့ သူကိုယ်တိုင်က ဝန်မခံပေမယ့် ဒီအတိုင်းပဲ သူ့ကိုမြင်ပါတယ်။
ကွန်ဖြူးရှပ်ဟာ တရုတ်နိုင်ငံမှာ ဉာဏ်ပညာအများကြီး ပွင့်လင်းတဲ့ ကြို (Chou) မင်းဆက်ကာလက ပေါ်ပေါက်သူဖြစ်ပါတယ်။ ခေတ်ပြိုင်အစိုးရတွေ သူ့ပုံစံကို လက်မခံပါ။ သူ ကွယ်လွန်ပြီးခါမှ သူ့အတွေးအခေါ်အယူအဆတွေ တစ်နိုင်ငံလုံးမှာ ပျံ့နှံ့လာပါတယ်။ ဒါပေမယ့် ခရစ်မပေါ်မီ ၂၁၁ (211 B.C.) ဘီစီမှာ ချင် (Ch’in) မင်းဆက်လက်ထက်မှာ ကွန်ဖြူးရှပ်အယူဝါဒအတွက် ခေတ်ဆိုးနဲ့ကြုံရပါတယ်။ ချင် ပထမဧကရာဇ် ရှီဟွန်တိ( Shih Huang Ti) က ကွန်ဖြူးရှပ်သြဇာမှန်သမျှကို ပယ်ဖျက်ရမယ်လို့ ဆုံးဖြတ်တယ်။ နောက်ပိုင်းနဲ့လုံးဝအဆက်ဖြတ်တဲ့သဘောလို့ ဆိုနိုင်ပါတယ်။ ကွန်ဖြူးရှပ်အယူဝါဒကို သင်ကြားပို့ချခြင်းမပြုရ၊ ကွန်ဖြူးရှပ်ကျမ်းစာမှန်သမျှ အားလုံးမီးတိုက်ရမယ်လို့ အမိန့်တော်ပြန်ပါတယ်။ ဒီလိုနှိမ်နင်းပေမယ့် မအောင်မြင်ပါ။ နောက်နှစ်သိပ်မကြာဘူး။ ချင်မင်းဆက် ကျဆုံးသွားတဲ့အခါ ကွန်ဖြူးရှပ်ပညာရှင်တွေက ကွန်ဖြူးရှပ်ဝါဒကို သင်ကြားကြပြန်တယ်။ ဟန် (Han) မင်းဆက် (၂၀၆ ဘီစီ – အေဒီ ၂၂၀) မှာ ကွန်ဖြူးရှပ်ဝါဒဟာ တရုတ်နိုင်ငံတော်ရဲ့ ဒဿနလို့ အခိုင်အမြဲ ဖြစ်လာခဲ့ပါတယ်။
ဟန်မင်းဆက်ခေတ်ကစပြီး တရုတ်ဧကရာဇ်တွေက အစိုးရအရာရှိသစ်ရွေးဖို့ ပြည်သူ့ဝန်ထမ်းစာမေးပွဲ လုပ်စေတယ်။ စာမေးပွဲမှာ ကွန်ဖြူးရှပ်ကျမ်းရင်း အများကြီးကို သင်ကြားဖို့ပြဋ္ဌာန်းထားတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရားကိုဝင်ပါမှ စီးပွားရေး၊ လူမှုရေး အစစတိုးတက်ကြီးပွားဖို့ လမ်းသာတဲ့အတွက် တရုတ်ဧကရာဇ်နိုင်ငံကြီးမှာ ဝန်ထမ်းရွေးစာမေးပွဲ (Civil Service Examination) ဟာ ခေတ်စားလာတယ်။ အပြိုင်အဆိုင်များလို့ အောင်မြင်ဖို့ အင်မတန်ကြိုးစားအားထုတ်ရတယ်။ နှစ်ပေါင်း ရာ ထောင်ချီပြီး သားစဉ်မြေးဆက် သိပ်စာတော်ပြီး သိပ်ကြီးပွားချင်တဲ့ လူငယ်တိုင်း ကွန်ဖြူးရှပ်ကျမ်းဟောင်းတွေကို နှစ်အကြာကြီးလေ့လာပြီး အုပ်ချုပ်တဲ့အရာရှိတွေ ဖြစ်ဖို့၊ ဒီဝန်ထမ်းရွေးစာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်လာကြတာဖြစ်လို့၊ တရုတ်ပြည်ရွာ အုပ်ချုပ်အရာရှိတွေဟာ ကွန်ဖြူးရှပ်ဒဿနမှာ အမြင်သန်ပြီး၊ အခြေခံအတွေးအခေါ် အပြုအမူတွေမှာပါ ကွန်ဖြူးရှပ်အဆုံးအမကို အပြည့်အဝခံယူသူတွေ ဖြစ်လာခဲ့ပါတယ်။ ဒီစနစ်ဟာ တရုတ်နိုင်ငံမှာ (အနည်းအပါး အဆက်ပြတ်တောက်သွားသလို ရှိဖူးပေမယ့်) ၁၀၀ ဘီစီက အေဒီ ၁၉၀၀ အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အုပ်ချုပ်ရေးတစ်ခုတည်းမှာပဲ ကွန်ဖြူးရှပ်ဝါဒ သြဇာကြီးမားတာ မဟုတ်ပါ။ တရုတ်လူမျိုးအများစုက ကွန်ဖြူးရှပ်စကားကို အလေးဂရုပြုပြီး သူနေခိုင်းသလို လုပ်ခိုင်းသလို၊ တွေးခိုင်းသလို နေထိုင်လုပ်ကိုင်တွေးခေါ်ခဲ့ကြတာ အနှစ် နှစ်ထောင်ကျော်ခဲ့ပါတယ်။

တရုတ်တွေ ဘာကြောင့် ကွန်ဖြူးရှပ်ဝါဒကို နှစ်သက်ပါသလဲလို့ အကြောင်းရင်းကိုရှာရင်
(၁) သူက ရိုးသားတည့်မတ်တယ်။ သံသယဖြစ်ဖွယ်မရှိ။
(၂) သူက အလယ်အလတ်အနေအထားနဲ့ လက်တွေ့သမား။

ခက်တာကို ဖြစ်အောင်ဇွတ်လုပ်လို့ ခိုင်းတာမျိုးမပါဘူး။ မလုပ်နိုင်တာကို မခိုင်းပါ။ ‘မင်းတို့ လူလေးစားထိုက်အောင် နေပါ’ ဆိုတာမှာ ဆရာတော်သမားတော်တွေလို၊ ရဟန္တာကြီးတွေလို အကြည်ညိုခံထိုက်အောင်နေပါလို့ မပြော။ တရုတ်စိတ်ထားနဲ့ ကိုက်ညီတာတွေပဲ အရင်းထားပြီး ပြောခဲ့တာဖြစ်လို့ တရုတ်တွေက ကြိုက်တာဖြစ်တယ်။ အဲဒါ သူ့အောင်မြင်ခြင်းမှာ သော့ချက်ဖြစ်တယ်။ တရုတ်တွေ ဘာကိုအသစ်စမ်းကြည့်လို့ မခိုင်းဘဲ၊ ‘မင်းတို့ ရှေးထုံးထဲက ဒါတွေ မေ့ထားကြတာကိုး၊ ပြန်လုပ်ကြည့်စမ်း။ လက်တွေ့မှာ အောင်မြင်ရမယ်’ ဆိုတာမျိုးကို ရှင်းလင်းပြတ်သား သဘောပေါက်အောင် ပြောနိုင်လို့၊ သူ့ကို လူကြိုက်များတာဖြစ်ပါတယ်။ ဒဿနိကသမိုင်းမှာ ကွန်ဖြူးရှပ်လို လူအများနဲ့ဝင်ဆံ့အောင် ပြောဟောနိုင်သူ မပေါ်ဖူးသေးပါ။
ကွန်ဖြူးရှပ်ဝါဒမှာ “ဒါ မင်းရဲ့ရပိုင်ခွင့်ဆိုတာမျိုး ထောက်မပြဘဲ၊ ဒါ မင်းလုပ်သင့်တာပေါ့” ဆိုတာမျိုးကို ပြောလေ့ရှိတော့၊ အနောက်တိုင်းစံနှုန်းနဲ့ဆိုရင် အားမာန်နဲ့ လုပ်စရာမပါဘဲ ပျင်းစရာဖြစ်နေတယ်။ အုပ်ချုပ်ရေးပိုင်းမှာတော့ ထင်ထင်ရှားရှား လက်တွေ့အောင်မြင်တဲ့အချက်တွေ အများကြီးပါပဲ။ တရုတ်ပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို နှစ်နှစ်ထောင် ပေးစွမ်းနိုင်လို့ ကမ္ဘာမှာ တရုတ်ဟာ အကောင်းဆုံးအုပ်ချုပ်ရေးကို ခံစားရတဲ့နိုင်ငံ ဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ကွန်ဖြူးရှပ်ရဲ့ စိတ်ကြိုက်အလေ့အလာ အတွေးအခေါ်တွေဟာ တရုတ်ဓလေ့ (culture)မှာ ခိုင်ခိုင်မြဲမြဲ အခြေခံထားတဲ့အတွက် အရှေ့အာရှကိုလွန်ပြီး သြဇာမသက်ရောက်နိုင်ပါ။ ကိုးရီးယား နဲ့ ဂျပန်မှာဆိုရင် တရုတ်ဓလေ့ ရောက်ပြီဖြစ်လို့ ကွန်ဖြူးရှပ်သြဇာ ညောင်းပါတယ်။
အခုအခါ တရုတ်ကွန်မြူနစ်တွေကြောင့် ကွန်ဖြူးရှပ်ဝါဒကို အရေးပေးပြောဆို လိုက်နာခြင်း မရှိကြတော့ပဲ၊ အနိမ့်ဆုံးအခြေကို ကျရောက်နေပါတယ်။ အနာဂတ်နဲ့ အပြတ်ဖြတ်မယ်ဆိုပြီး ကွန်မြူနစ်တွေက ကွန်ဖြူးရှပ်ရဲ့ဝါဒတွေကို ဦးတည်ပြီး တိုက်ခိုက်တဲ့အတွက် သမိုင်းမှာ ကွန်ဖြူးရှပ်လွှမ်းမိုးချိန် ကုန်လွန်ခဲ့ပြီလို့တောင် ပြောကြရပါပြီ။ ဒါပေမယ့် တစ်ခါက အကြာကြီးထွန်းကားခဲ့တဲ့ဝါဒဖြစ်လို့ နောက်ရာစုနှစ်အတွင်းမှာ ကွန်ဖြူးရှပ်ဝါဒ ပြန်လည်ရှင်သန်လာဦးမယ်ဆိုရင် မဆန်းပါ။
#ပြီး
ဒေါက်တာသန်းထွန်း၏ကျော်စွာ ၁၀၀ စာအုပ်မှ
#LMA
🌸🌸🌸 🌸🌸🌸 🌸🌸🌸 🌸🌸🌸 🌸🌸🌸
copy link
http://lwammoeayebooks.com/2019/01/30/ကွန်ဖြူးရှပ်-၅၅၁-၄၇၉-ဘီစ/