Tuesday, September 11, 2018

စင်္ကာပူကနေ ကရာတေးရွှေတံဆိပ်ယူပြီးပြန်လာတဲ့ Kachin

ဆိုင်းနူး နဲ့ ဂျာလား ကို ဘယ်သူ စကောလားရှစ်ပေးမလဲ
************************************************************
ဒီနေ့ စင်္ကာပူကနေ ကရာတေးရွှေတံဆိပ်ယူပြီးပြန်လာတဲ့ ကချင်မလေး ဆိုင်းနူးနဲ့စကားပြောဖြစ်တယ်။ 
သူ့မှာ မိဘတွေကွယ်လွန်သွားပြီ။ အဒေါ်မိသားစုနဲ့ မြစ်ကြီးနားက ရွှေစက်စစ်ပြေးဒုက္ခသည် စခန်းမှာနေတယ်။ အဒေါ်က ခေါက်ဆွဲရောင်းပြီး လုပ်ကြွေးတယ်။ သူက ၉ တန်းတက်ရင်းအဒေါ်ကိုကူညီတယ်။ 
ဘာလို့ ကရာတေးကစားဖြစ်သွားလဲဆိုတော့ စိတ်ညစ်လို့တဲ့။ 
ကျနော်မခံစားနိုင်ပါဘူး။ ကလေးဘဝထဲက မိဘတွေမရှိတော့တဲ့ ဆိုင်းနူး မောင်နှမ ၃ ယောက်ကျန်ခဲ့တယ်။ စစ်ပြေးဒုက္ခသည်ဘဝနဲ့ နေရတယ်။ ဘဝနဲ့မဆန့်အောင်ခံစားရတဲ့ ဒုက္ခကြောင့် သူ စိတ်မညစ်ရင်ဘယ်သူ ညစ်မလဲ။ 
ဒါပေမယ့် သူ့စိတ်ဓါတ်ကိုချီးကျူးလိုက်တယ်။ အခက်အခဲကို အောင်မြင်မှုအဖြစ်ပြောင်းလဲလိုက်နိုင်တဲ့စိတ်ဓါတ်ကိုပဲ။ သူ့ခံစားချက်ကို ကရာတေးနဲ့ကိုင်ပေါက်နေမယ့် ဆိုင်းနူးကို မျက်စေ့ထဲမြင်ယောင်နေတယ်။
သမီးလေး ဆိုင်းနူးရေ ဒီအတိုင်းဆက်ချီတက်ပါ။ အခက်အခဲတွေက သမီးအတွက် အောင်မြင်မှုတွေရမယ့် အရင်းအနှီးပဲဖြစ်ပါတယ်လို့။ 
ဒီအဖွဲ့မှာ ၁၈ ယောက်ပါသွားတယ်။ ၁၅ ယောက်က ကချင်တွေ။ ရွှေ ၄ ဆု၊ ငွေ ၂ ဆု၊ ကြေး ၃ ဆုယူလာခဲ့ကြတယ်။ ကျနော်တို့နိုင်ငံရဲ့ ရတနာတွေပါ။ 
ဒူဂထောင်ဒုက္ခသည်စခန်းက ၁၂ နှစ်သားလေး ဂျာလကလဲ ရွှေတံဆိပ်ရလာတယ်။ ကျနော်ဖုန်းခေါ်တဲ့အချိန်သူက အနားမှာမရှိလို့ စကားမပြောလိုက်ရဘူး။
နောက်ထပ်ရွှေတံဆိပ်ရခဲ့တဲ့ ကလေး ၂ ယောက်ကတော့ ဆိုင်းလတ်အောင်နဲ့ ဆိုင်းမန်နူးတို့ ဖြစ်ပါတယ်။ ငွေ တံဆိပ်ရခဲ့တဲ့ ၂ ဦးကတော့ ဂျက်ကော့ ခေါ် ရာကု နဲ့ ဂျာဆမ်းဘင်းတို့ဖြစ်ပြီး၊ ဓနအောင်၊ ဆမ်ဝအောင်နဲ့ ဂျရန်အောင်တို့က ကြေးတံဆိပ်တွေရခဲ့ကြပါတယ်။
သူတို့ကို ဆက်ပြီး မြေတောင်မြှောက်ပေးမယ့်သူပေါ်လာနိုင်ပါစေ။ ဘုရားသခင်ကောင်းချီးပေးပါစေ။
( ဓါတ်ပုံကို သူတို့ပြိုင်ပွဲဝင်အဖွဲ့ခေါင်းဆောင် ငွေတံဆိပ်ရ Jacob Ya Ku ဆီကနေရပါတယ်)
Credit