Wednesday, August 31, 2016

'လူမျိုးကြီးဝါဒ ရှက်တတ်ကြပါစေ

(၁)

Jingoism လို့ခေါ်တဲ့ လူမျိုးကြီးဝါဒအကြောင်း နည်းနည်းပြောချင်သည်။
လူမျိုးကြီးဝါဒကို အင်္ဂလိပ်လိုခေါ်တဲ့ အသုံးအနှုန်းအများကြီးရှိတဲ့အထဲက Jingoism ဆိုတဲ့ စကားလုံးက အထူးသဖြင့် နိုင်ငံခြားရေးဝါဒနဲ့ ပိုဆက်နွှယ်တာမို့ ဒီစကားလုံးကို တမင်ရွေးသုံးခြင်း ဖြစ်သည်။ ဒီနေရာမှာ နိုင်ငံခြားရေးဝါဒဆိုတာ နိုင်ငံအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့သဘောထားတွေကို ဆိုလိုတာ မဟုတ်ဘဲ၊ လူနည်းစု (သို့မဟုတ်)လူမျိုးခြား၊ ဘာသာခြားတွေအပေါ် ထားရှိတဲ့ လူအများစုရဲ့သဘောထားကို ဆိုလိုရင်းဖြစ်သည်။ မြန်မာနိုင်ငံနဲ့ဆက်နွှယ်ပြီး ပြောရမယ်ဆိုရင်တော့ (စာရေးသူအပါအ၀င်) မြန်မာလူမျိုးဗုဒ္ဓ ဘာသာဖြစ်တဲ့ အများစုရဲ့လူနည်းစုတိုင်းရင်းသားတွေ၊ ဘာသာခြားတွေအပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်တယ်လို့ ပြောရမှာဖြစ်သည်။

(၂)

ကျွန်တော်ငယ်ငယ်က အစိုးရ၀န်ထမ်းဖြစ်တဲ့ ကျွန်တော့်အဖေ တာဝန်ကျရာ လိုက်နေရတာမို့ သူငယ်တန်း ကနေ ၅ တန်းအထိ ကရင်ပြည်နယ် ဘားအံမြို့မှာ နေခဲ့ဖူးသည်။ အဲဒီအချိန်က ကက်ဆက်ခွေဇာတ်လမ်းတွေ၊ မြန်မာ့အသံရေဒီယိုကလာတဲ့ အသံလွှင့်ဇာတ်လမ်းတွေ ခေတ်စားတဲ့အချိန်ဖြစ်သည်။ အထူးသဖြင့် ည ၈ နာရီ သတင်းပြီးလျှင် ရေဒီယို (ည ၈ နာရီ ၁၅ မိနစ်ကနေ ၉ နာရီအထိ)ကလာတဲ့ အသံလွှင့်ဇာတ်လမ်းတွေကို ကျွန်တော်တို့ မိသားစုတတွေတမင်စောင့်ပြီး နားထောင်လေ့ရှိသည်။ ဇာတ်လမ်းအတော်များများမှာ သောင်းကျန်းသူဆိုသူတွေနဲ့ တပ်မတော်သားတွေ စစ်တိုက်ကြပြီး နောက်ဆုံးတပ်မတော်က အနိုင်ရ၊ အဲဒီဒေသက တိုင်းရင်းသားတွေက အမြင်မှန်ရ (အရင်က အထင်လွဲခဲ့လို့ရှိရင်)၊ တပ်မတော်သားတွေအပေါ် ကျေးဇူးတွေတင်၊ ဒီလိုနဲ့ အဆုံးသတ်လေ့ရှိသည်။
သို့သော် ကျွန်တော်နေတဲ့ ကရင်ပြည်နယ်မှာတော့ အဲဒီလိုမဟုတ်သလိုဘဲလို့ အဲဒီတုန်းက ကလေးစိတ်နဲ့ တွေးခဲ့မိဖူးသည်။ အဘယ်ကြောင့်ဆိုသော် ကရင်ပြည်နယ်၏မြို့တော်ဖြစ်သော ဘားအံမြို့၏ အစိုးရအလယ် တန်းကျောင်းတွင် ကျွန်တော်နဲ့ တတန်းထဲတက်ခဲ့ကြတဲ့ ကျွန်တော့်သူငယ်ချင်း ကရင်လေးတွေအချို့အတွက် သူရဲကောင်းတွေဟာ အများအားဖြင့် တပ်မတော်သားတွေမဟုတ်ကြဘဲ အသံလွှင့်ဇာတ်လမ်းထဲမှာပါတဲ့ သောင်းကျန်းသူဆိုသူတွေ ဖြစ်နေကြတာကြောင့်ပဲဖြစ်သည်။
ဘာကြောင့်ပါလဲ။
အဲဒီတုန်းက ကျွန်တော်စဉ်းစားလို့မရခဲ့ပါ။

(၃)

ကျွန်တော်အသက်အရွယ်ကြီးပြင်းလာပြီး အင်ဂျင်နီယာပညာအပြင် စိတ်ပညာကိုပါ လိုက်စားခဲ့ပြီး ကိုယ်သိသလောက်လေး တိုင်းရင်းသားရွာလေးတွေကိုသွားပြီး Motivational talk လိုမျိုး ပြောဖြစ်ခဲ့သည့် အခါတိုင်းတွင် တိုင်းရင်းသားလူငယ်လေးတွေအများစုမှာ အားငယ်စိတ်တွေပြည့်နေတာကို သတိထားမိသည်။ အနှိမ်ခံရသူ၊ အပစ်ပယ်ခံရသူတို့တွင် ဖြစ်တတ်သော စိတ်အနာတရများကို တွေ့ရသည်။
သူတို့လေးတွေအဖို့ သူတို့ငယ်ငယ်က ကျောင်းစာမှာသင်ခဲ့ရသော သယံဇာတပေါများ ကြွယ်ဝလှပါတယ်ဆို သည့် တန်ဖိုးရှိသော သဘာဝတွင်းထွက်များထွက်ရာဒေသလို့ဆိုသည့် သူတို့ဒေသမှာ အခုတော့ တောင် လည်းကတုံး တောလည်းပြုန်းပြီ။ ဆေးရုံမရှိ၊ ကျောင်းမရှိ။ တကယ့်လက်တွေ့မှာ ပညာကိုကောင်းကောင်း မသင်နိုင်ဘဲ စားဝတ်နေရေးအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့  ကျောင်းထွက်ကာ ၀မ်းစာရှာနေကြရသည်။ တကယ် ဆို ဒီလိုအရွယ်ဆိုတာ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ တပုံတပင်နဲ့အညွန့် တလူလူဖြစ်နေကြရမယ့် အရွယ်လေးတွေ။
ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲနွမ်းပါးမှုတင်လားဆိုတော့ ဒါတင်မက။ ''ကျွန်တော်တို့ ကျွန်မတို့မစွန့်စားရဲဘူး'' ရွာကနေ အပြင်ဘွက် အလုပ်လုပ်ဖို့ဆိုတာ ကြောက်နေတယ်''စတဲ့ စကားတွေကို သူတို့လေးတွေဆီက ကြားရသည်။ သူတို့ဘာ့ကြောင့် ဒီလောက် စိတ်အားငယ်နေကြရတာပါလဲ။

(၄)

အထက်ပါ ဥပမာ-နှစ်ခုစလုံးသည် မီဒီယာများမှ လိုရာဆွဲပုံဖော်သောအဖြစ်အပျက်များအပေါ် အခြေခံထားခြင်း မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့ရတာဖြစ်သည်။ ဒါလေးတွေက အရေးကြီးလို့လားဟု မေးကောင်း မေးနိုင်ပါသည်။
တိုင်းရင်းသားများ၊ နိုင်ငံသားများ ကိုယ့်နိုင်ငံ၏တပ်မတော်ကို မုန်းနေတာ နိုင်ငံတနိုင်ငံအတွက် ကောင်းသော လက္ခဏာမဟုတ်ပါ။ နိုင်ငံတခု၏ အားကောင်းမောင်းသန် အလုပ်လုပ်နိုင်သော လူငယ်လူရွယ်များ၏ စိတ်ဓာတ် ရေးရာ အောက်ဆုံးအဆင့်သို့ ကျနေသည်မှာလည်း နိုင်ငံတနိုင်ငံအတွက် ကောင်းသောလက္ခဏာမဟုတ်ပါ။
ဒါတွေ ဘာကြောင့်ဖြစ်ရတာပါလဲ။
အပြစ်တင် လက်ညှိုးထိုးဖို့ မဟုတ်ပါ။
အဖြေရှာရန် ဖြစ်ပါသည်။

(၅)

ဒီနေရာတွင် ကျွန်တော်ဖတ်ဖူးသော စာအုပ်လေးတအုပ်အကြောင်း အနည်းငယ်ဖောက်သည်ချလိုသည်။ “The Psychology of Jingoism” ဆိုသည့် စာအုပ်ဖြစ်သည်။
''လူမျိုးကြီးဝါဒအပေါ် စိတ်ပညာရှုထောင့်မှ အမြင်''ဟု ဘာသာပြန်လျှင် ဆီလျော်မည်ထင်သည်။

စာရေးသူ J. A. Hobson က ၁၉၀၁ ခုနှစ် (လွန်ခဲ့သည်နှစ်ပေါင်း တရာကျော်)က ရေးခဲ့သော စာအုပ်ဖြစ်သည်။ ကမ္ဘာစစ်မဖြစ်မီကာလ South African Wars ဖြစ်ပွားနေချိန်တွင် ရေးခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်ပါ လူမျိုးကြီး ၀ါဒကို ဖြစ်စေသောအကြောင်းအရာအချို့ကို ဝေမျှလိုခြင်းဖြစ်ပါသည်။

Hobson ကတော့ “The Diagnosis”လို့ သုံးသည်။ လူမျိုးကြီးဝါဒ စစ်တမ်းပေါ့။ သူက လူမျိုးကြီးဝါဒလွှမ်းမိုး သော လူ့အဖွဲ့အစည်းတွင် အောက်ပါအမူအကျင့်များကို တွေ့ရသည်ဆိုသည်။

၁။ အယုံလွယ်ခြင်း (Credulity)
၂၊ လူမဆန်ခြင်း (Brutality)
၃။ ဘာသာတရားမျက်နှာဖုံးအောက်က စစ်သွေးကြွ (Hobson ကတော့ ဒီနေရာမှာ“Chri-stianity in Khaki”ဟု ခပ်ရင့်ရင့်သုံးသည်။ အဲဒီအချိန်အခါက Christian Church တွေရဲ့ စစ်ဖြစ်စေရန်အားပေးခြင်းကို ထောက်ပြထားသည်)
၎။ ကြွားဝါတတ်ပြီး အမြင်မကျယ်ခြင်း (Va-inglory and Shortsight)တို့ ဖြစ်သည်။ ဒီအချက်တွေနှင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်နိုင်သည်။

“အယုံလွယ်ခြင်း”

ဦးစံလင်း၏ ဓမ္မစေတီခေါင်းလောင်းကြီးမှအစ ဖိုးတခေတ်အလယ် ကဗျာဘွဲ့မှူးအဆုံး ယုံကြည်လွယ်သူတို့ တအုန်းအုန်းထလျက်ရှိသည်။ ထိုအယုံလွယ်မှု၏နောက်တွင် အခွင့်အရေးကို အသုံးချလို သူတို့က အဆင်သင့်။ အယုံလွယ်ခြင်းသည် နောက်တွင်ဖော်ပြမည့်ဘာသာရေးကို မျက်စိမှိတ်ယုံကြည်မှုနှင့် ကြွားဝါတတ်ခြင်း၊ အမြင် မကျယ်ခြင်းတို့နှင့်လည်း နှီးနွှယ်နိုင်သည်။

“လူမဆန်ခြင်း”

အရှင်လတ်လတ် ခေါင်းဖြတ်သတ်ခြင်းဆိုသည့်အရာများသည် ကျွန်တော်တို့၏သမိုင်းကို အကျည်းတန်စေခဲ့ ဖူးပြီ။ ထိုသို့ ရက်စက်ကြမ်းကြုတ်မှုများကိုသာ လူမဆန်ခြင်းဟု ကျွန်တော်မသတ်မှတ်ချင်ပါ။ လူသား တယောက်၏ ဂုဏ်သိက္ခာနှင့်အညီ အနှောင်အဖွဲ့ကင်းကင်း၊ အကြောက်တရားကင်းကင်းနှင့် အရာရာကို ကိုယ်ပိုင်အသိဥာဏ်နှင့် မဆုံးဖြတ်နိုင်သရွေ့ လူသားပီသမှုမရှိသေး၍ လူမဆန်သေးဘူးဟု ပြောရမည် ဖြစ်သည်။ အထက်ပါ အယုံလွယ်ခြင်းနှင့် လူမဆန်ခြင်းတို့၏ အကြောင်းရင်းတခုမှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် ဖြစ်သည်။ တရားဥပဒေစိုးမိုးခြင်းဆိုသည်မှာ ဓားမိုး၊ သေနတ်တေ့ပြီး အုပ်ချုပ်ခြင်းမျိုး မဟုတ်သည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

“ဘာသာတရား မျက်နှာဖုံးအောက်က စစ်သွေးကြွ”

သင်္ကန်းပတ်၍ စင်ပေါ်တက်ဆဲနေသူကိုလည်း ကျွန်တော်တို့က သူရဲကောင်း သတ်မှတ်ချင်သတ်မှတ်ကြသည်။ ဒီလိုလူမျိုးသမိုင်းမှာ၊ အခြားဘာသာတွေမှာလည်း ရှိခဲ့ဖူးသည်။ ယခုအချိန်အထိရှိနေဆဲဖြစ်သည်။ ကျွန်တော်တို့ (မည်သည့်ဘာသာဝင်မဆို) ဘာသာတရား၏ အနှစ်သာရအဆုံးအမ အစစ်အမှန်များကို မျက်ခြည်မပျက်ဖို့ အရေးကြီးပါသည်။

“ကြွားဝါတတ်ပြီး အမြင်မကျယ်ခြင်း”

အထူးတလည် သက်သေပြ၊ ဥပမာပေးနေရန်မလိုပါ။ ကျွန်တော်တို့ ကိုယ့်အကြောင်းကိုယ်သာ အသိဆုံး မဟုတ်လား။

(၆)

အောင်မြင်သော နိုင်ငံတနိုင်ငံဖြစ်ရန်၊ ကမ္ဘာ့အလယ်မှာ အများလေးစားရတဲ့ နိုင်ငံတနိုင်ငံဖြစ်ရန်၊ စီးပွားရေး တိုးတက်ရုံနှင့် တိုင်းပြည်ချမ်းသာရုံနှင့် မပြီးပါ။ တိုင်းပြည်ကို ချောက်ထဲကျစေနိုင်သော တိုင်းသူပြည်သားများ၏ စိတ်ကို အမှောင်လွှမ်းစေနိုင်သော အဆိပ်သင့်စိတ်ဓာတ်များ ပြည်သူအများစု၏ ရင်ထဲတွင် တွယ်ငြိမနေရန် လည်း အရေးကြီးပါသည်။ အနည်းဆုံးတော့ ငါ့မှာလူမျိုးကြီးဝါဒ အမြစ်တွယ်နေမိသလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်သင့်ပါကြောင်း။

ဇင်မြင့်'
လူမျိုးကြီးဝါဒ ရှက်တတ်ကြပါစေ
------ ------ ------ ------ ------

ဇင်မြင့်