Wednesday, December 2, 2009

သတင်းမှားများနှင့် လူ့အဖွဲ့အစည်း (fine-leaves blog kaw na re)

Hugawng pa hku byinlai wa yu sai Mungkan majan wwII Sumlahkrung ကျ နော်တို့ ငယ်ငယ်တုံးကစလို့ အခုအချိန်အထိ သတင်းမှားများ သတင်းထိန်ချန်ခြင်းများနှင့် နေထိုင်ကြီးပြင်း လာခဲ့ ကြ ရသည်။ အခုကာလ ကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဒီမိုကရေစီ စကားလုံးက ထိပ်ဆုံးမှာ နေရာ ယူထားသည်။ ဒီမိုကရေစီခေတ်ကို သွားကြမည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ပတ်သက် စပ်လျှဉ်းသော အပြော အဆို အရေးအသား ကြေညာချက်များ လုပ်ဆောင်ချက်များ ဆတက်ထမ်းပိုး တိုးတက်များပြား လာနေသည် ကိုလည်း တွေ့နိုင်သည်။ ဒါကတော့ ကောင်းသည့်အချက်ဖြစ်သည်။ သို့သော် ထိုကောင်းသည့် အချက်များ ထဲတွင် သတင်းမှားများ ထိန်ချန်မှုများ ပါနေသည်။ နိုင်ငံရေးဖြစ်စဉ်တွေကို မပြောမီ ငယ်ငယ်တုံးက နေ့တဓူဝ ကြားသိနေခဲ့ရပုံများကို ပြောလိုသည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်က ရပ်ကွပ်ထဲတွင် လူကြီးတယောက်က ကျနော်တို့ကလေးများကို ပြောဖူးတာတခု အမှတ်ရသည်။ ဇာတ်လမ်းက ဒီလို။ ထိုင်းနိုင်ငံတွင် ထိုင်းအမျိုးသမီး တဦးနှင့် အိမ်ထောင်ကျနေသော မြန်မာ အမျိုးသား တယောက်သည် တက္ကဆီမောင်း၍ အသက်မွေးသည်။ သူ၏တက္ကဆီကား ရှေ့မှန်တွင် မြန်မာ ဘာသာစကားဖြင့် အောင်ဇေယျဟု သင်္ဘော ဆေးဖြင့် ရေးထားသည်ဟု ဆိုသည်။ ဤသို့ ရေးထားခြင်း၏ အကြောင်းကတော့ မော်တော်ပီကယ်များ ပိုက်ဆံတောင်း ခြင်းမှ လွတ်ကင်းရန်ဟု ဆိုပြန်သည်။ ထိုသူ၏ တက္ကဆီကို ပိုက်ဆံတောင်းရန် တားသော မော်တော်ပီကယ် (ယာဉ်ထိန်းရဲ)သည် မှန်ပေါ်တွင် ရေးထား သော "အောင်ဇေယျ" ဆိုသော မြန်မာစာလုံးကို တွေ့တွေ့ခြင်း အတော်လေးဖြုံသွား သည်ဟုဆိုပြန်သည်။ ထို့အတွက် ပိုက််ဆံ မတောင်းတော့ဘဲ လွှတ်လိုက်ရသည်လို့ ပြောသည်။ ဘာဖြစ်လို့တုံး ဆိုတော့ အလောင်း ဘုရားဟု မြန်မာသမိုင်းတွင် ထင်ရှားသော ရှင်ဘုရင် ဦးအောင်ဇေယျကို ထိုင်းပုလိပ်များ သိပ်ကြောက်သော ကြောင့်ဟု ဆိုသည်။ ဦးအောင်ဇေယျကို ကြောက်ရသော အကြောင်းက အယုဒ္ဓယမြို့တော်ကို တိုက်ခိုက်ဖျက်ဆီး အောင်နိုင် သောကြောင့်ဟု ရှင်းပြသည်။ ကျနော်တို့ ကလေးများကတော့ ဇာတိမာန်များကြောင့် ဝမ်းသာ လိုက်သည့် ဖြစ်ခြင်း။ ယိုးဒယားတွေ ထိုင်းလူမျိုးတွေက မြန်မာလူမျိုးတွေကို အခုအထိ ကြောက်ကြရတယ်ပေါ့။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဖူး ဆိုတာကိုတော့ ငယ်စဉ်အချိန်က ခွဲခြမ်း စိပ်ဖြာခြင်း မပြုနိုင်ခဲ့ပါ။ ထိုင်းပုလိပ်တွေဟာ မြန်မာဘာသာဖြင့် ရေးထားသော ကားမှန်ပေါ်က အောင်ဇေယျဆိုသည့် စကားလုံးကို ဖတ်တတ်သလား မဖတ်တတ်ဖူးလား ဆိုတာလည်း ဂရုမစိုက်မိခဲ့။ အခုလက်တွေ့ဘဝ ထိုင်းနိုင်ငံမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ အကယ်၍ မြန်မာလူမျိုး တက္ကဆီသမား တဦးက ထိုင်းမြေကြီးပေါ်မှာ အဲသလိုလုပ်ရင် ထိုင်းပုလိပ်တွေက အောင်ဇေယျဆိုတဲ့ နာမည်ကို ကြောက်မလား မကြောက်လား ဆိုတာတော့ အခုလက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်နေသော မြန်မာပြည်သား အားလုံးအသိပင်။ ထိုသတင်းမှားကို ကျနော်တို့ ကလေးများက ဝမ်းသာအားရ ရှိခဲ့ဖူးသည်။ ယုံလည်း ယုံကြည်ခဲ့ကြသည်။ ထိုင်းဆိုတာ ငယ်နိုင်ပါဆိုသည့် အတွေးကြောင့် ဆိုရင်လည်း မမှား။ ကျနော်တို့ သမိုင်းစာအုပ်များကလည်း ထိုင်းနိုင်ငံကို ရှေးတုံးက ဘယ်လိုဘယ်ပုံ အကြိမ်ကြိမ် အောင်မြင်ခဲ့တယ်လို့ ကလေးတွေကို ကျောင်းမှာ သင် ထားတာကလည်း တဖက်မှာ ရှိနေတာကိုး။ ဒါကို အမှီပြုပြီး မာန် တက်ခဲ့ကြတယ် ဆိုလည်းမမှားပါ။ ဒါ့ကြောင့် ကျနော်တို့ကလေးဘဝက မြန်မာတွေဆိုရင် ထိုင်းတွေက ထိုင်းမြေကြီးပေါ် မှာတောင် ကြောက်ကြ ရတယ် ဆိုတာကို ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားဖူးခဲ့။ မာန်တွေ တက်ချက်ကတော့ အဲသလို။ သတင်းမှားတွေကို ရိုက်သွင်းခံခဲ့ရတဲ့ အကျိုးဆက်လို့ ဆိုနိုင်သည်။ ယိုးဒယားကို ဘယ်အချိန် တက်သိမ်းသိမ်း ရသည် ဟူသော အစွဲက မြန်မာဗိုလ်ချုပ်တွေကို အသာထား မြန်မာအရပ်သူ အရပ်သားများ အကြားတွင်တောင် ရှိခဲ့သည်။ နောက်ဇာတ်လမ်း တခုကတော့ မြန်မာဘုရင်တွေ အာသံတို့ မဏိပူရတို့ကို မကြာခဏ စစ်နိုင်လေ့ရှိခဲ့သည့် သမိုင်းကြောင်း ဖြစ်သည်။ မြန်မာဘုရင်တွေ စစ်နိုင်တော့ သူတို့အလိုကျ ဘုန်းဘယ်လောက်ကြီးကြောင်း တင်ပြဖို့ နန်းတော်တွင်းက ပညာရှိ စာရေးဆရာများက အာသံနိုင်မော်ကွန်း မဏိပူနိုင် မော်ကွန်းတွေ ရေးသားပြီး ဘုရင်တွေကို ဆက်သရသည်။ ထိုစဉ်က ဘုရင်ပိုင် သတင်းစာတွေ ဂျာနယ်တွေ မရှိသေးတာ တော်တော့သည်။ သို့မဟုတ်ပါက ဘယ်လောက်များ ဖောင်းဖောင်းမည်အောင် ရေးကြဦးမလဲ မသိ။ ၁၉၉၆ ခုနှစ် ဆောင်းတွင်းကာလတခုမှာ ကျနော် မဏိပူရပြည်နယ် အင်ဖားမြို့တွင် ခေတ္တနေထိုင်ခဲ့ဖူးသည်။ ရံဖန်ရံခါ အင်ဖားတက္ကသလိုလ် မော်ကွန်းထိန်း ပါမောက္ခနှင့် စကားလက်ဆုံ ပြောဖြစ်သည်။ တကြိမ်တွင် ကျနော်က သူ့ကို မေးသည်။ အခုလက်ရှိ မဏိပူရပြည်နယ်တွင် ကသည်းလူမျိုး (မဏိပူရီ) လူဦးရေ ဘယ်လောက်ရှိသလဲဟု ဖြစ်သည်။ ပါမောက္ခကြီးက လက်ရှိတွင် နှစ်သန်းစွန်းစွန်းခန့် ရှိသည်ဟု တွက်ပြသည်။ ထို့ကြောင့် မြန်မာဘုရင်များ လက်စွမ်းပြ ခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာသုံးရာလောက်တုံးက မဏိပူရ မြို့ပြနိုင်ငံငယ်လေးမှာ အလွန်ဆုံးရှိလှ လူဦးရေ တသိန်းနှစ်သိန်းခန့်လောက်သာ ရှိနိုင်သည်ဟုသာ အကြမ်းဖျဉ်းသဘော စဉ်းစားမိသည်။ ထိုလူဦးရေ တသိန်းနှစ်သိန်းတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီး ရွယ်အိုများကို ဖယ်လိုက်ပါက စစ်တိုက်နိုင်သော စစ်သားလုပ်နိုင်သော လူဦးရေသည် ဘယ်လောက် ရှိမည်နည်း။ ဝိုင်း၍သာ စဉ်းစားကြပါကုံ။ ကိုယ့်ထက် လူဦးရေ အဆမတန် နည်းသောနိုင်ငံငယ်တခုကို စစ်နိုင်တာ တကယ်တန်းမှာ မာန်မတက်ထိုက်ဟု မြင်မိသည်။ သို့သော် ကျနော်တို့ သိခဲ့ ကြားခဲ့ သင်ခဲ့ရသည်မှာ မြန်မာဘုရင်များသည် ဘုန်းလက်ရုံး ကြီးမားသောကြောင့် မင်းပေါင်းစုံက လေးစားခန့်ငြားရသည် ဆိုသည့် သတင်း အင်ဖော်မေးရှင်းသာ ဖြစ်သည်။ သို့သော် သမိုင်းတွင် မြန်မာဘုရင်များသည် ကိုယ့်ထက်အင်အား ကြီးသော မဂို အင်ပိုင်ယာထဲက မြို့ကြီးကြီး တမြို့ကိုတောင်မှ မသိမ်းနိုင်ခဲ့ပါ။ အလားတူ တရုတ်နိုင်ငံ၏ မဟာတံတိုင်းကြီး အခြေထိ ရောက်အောင်ပင် စစ်မချီတက်နိုင်ခဲ့ပါ။ တရုတ်ဘုရင် အဆက်ဆက်က မြန်မာ ပြည်ကို သူတို့၏ ဘဏ္ဍာဆက် နယ်မြေတခုအဖြစ်သာ အသိအမှတ်ပြုသည်။ ယိုးဒယားကိုနိုင်သည်။ အာသံ၊ မဏိပူရကိုနိုင်သည်။ ရခိုင်ကိုနိုင်သည်။ မွန်ကိုနိုင်သည်။ ရှမ်းစော်ဘွားတွေကို နိုင်သည်။ လာအို (လင်းဇင်း) ကိုလည်း နိုင်သည်။ ဘာကြောင့် နိုင်သလဲဆိုတော့ တုတ်ခေတ် ဓားခေတ် လှံခေတ်မှာ ကိုယ့်ထက် အင်အားနည်း သောကြောင့် (သို့) အင်အားနည်းနေသော အခါတွင်မှသာ နိုင်ခြင်း ဖြစ်သည်။ ကိုယ့်ထက် အင်အားကြီး သော စစ်တိုက်တတ်သော မွန်ဂိုတာတာတွေ ဝင်လာတော့ ပုဂံပြည်ကြီး ပျက်ရတာကို သင်ခန်းစာယူဖို့ မေ့နေတတ်သည်။ ထိုသို့သော သတင်း အင်ဖော်မေးရှင်းကြတော့ မှိန်ထား လိုက်သည်။ ရှေးုဘုရင်တွေရဲ့ ဘုန်းလက်ရုံး အိပ်မက်ထဲမှာ နေနေရင်း နောက်ဆုံး အင်္ဂလိပ်ဝင်လာတော့ တပြည်လုံး သူတပါး လက်အောက်မှာ ကိုလိုနီ ဖြစ်ခဲ့ရသည် မဟုတ်လော။ သို့သော် မာန်ကတော့ မလျှော့သေး။ မလျှော့သေးတဲ့ အကြောင်းကို ဖက််ဆစ်ဂျပန် တော်လှန်ရေး သမိုင်းကြောင်းတွင် တွေ့ရပြန်သည်။ ဖက်ဆစ် ဂျပန်များကို စွမ်းစွမ်းတမံ တွန်းလှန်ခဲ့သော သူတို့မှာ ရဲဘော်သုံးကျိပ်ဦးဆောင်သော ဗမာ့ကာကွယ်ရေး တပ်မတော်သာ ဖြစ်သည်ဟု ဗိုလ်ချုပ်နေဝင်းက သမိုင်းသတင်းကို အတင်းအဓမ္မ ရေးစေခဲ့သည်။ အခြား အရေးပါသော လူပုဂ္ဂိုလ်များ အဖွဲ့အစည်း များကို သမိုင်းတင်ခွင့်မပေးဘဲ ထိမ်ချန်ခဲ့သည်။ မြန်မာသမိုင်း ပညာရှင်များမှာ သမိုင်းကိုသမိုင်းလို လွတ်လွတ်လပ်လပ် တင်ပြရေးသား ထုတ်ဖော်ခွင့် မရခဲ့။ မရခဲ့သည်မှာ လွတ်လပ်ရေး ရကတည်းက အခုအထိပင်။ လက်ဝဲအုပ်စုကလည်း ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် နိုင်ငံ ရေးအရ သူတို့ကသာ ဦးဆောင် ခဲ့သည်ဟု ဆိုကြသည်။ သို့သော် မြန်မာ ခေါင်းဆောင် အတော်များများသည် မိမိနှင့်မတဲ့သူ အပါအဝင် အခြားပါဝင်ခဲ့သည့် ဇာတ်ကောင်များ၏ ကဏ္ဍကို ချန်လှပ် ထားလေ့ရှိသည်။ သမိုင်းအရ သတင်းမှောင်ခြထားသည့် သဘောမျိုးဟု ဆိုနိုင်သည်။ နောက်တချက်ကလည်း သမိုင်းပညာ ရှင်များ၊ စာရေးဆရာများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းက ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့ပြီး ဗမာ့ တပ်မတော်ကို တည်ထောင် ခဲ့သောကြောင့် ဗိုလ်နေဝင်းကို ဝေဖန်ချင်တာပင် ဗိုလ်နေဝင်းလည်း ရဲဘော် သုံးကျိပ် ဝင်ဖြစ်နေတော့ ဗိုလ်ချုပ်အောင်ဆန်းကို အားနာပြီး ရဲဘော်သုံးကျိပ် အားနည်းခဲ့တာတွေအပေါ် ပြောမထွက်တာတွေ အများကြီး ရှိခဲ့ပုံရသည်။ အမျိုးသား ဇာတိမာန် ထိခိုက်မည်ကိုလည်း စိုးရိမ်ဟန် ရှိကောင်းရှိနိုင်သည်။ ဇာတိမာန်ဆိုတာ လူမျိုးတိုင်း၌ရှိသည်။ ရှိလည်းရှိသင့်သည်။ သို့သော် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေသာ တည်ရှိသင့်သည်။ ဇာတိမာန်ဆိုသည်မှာ အနာစိမ်းကို လက်သည်းနှင့်ဆိတ်သလို ဆိတ်နေဖို့မလိုပါ။ ဂျပန်တွေ မြန်မာပြည်ကို ထိုင်းနိုင်ငံမှတဆင့် ဝင်လာတော့ ဂျပန်တပ်အင်အား သုံးသိန်းကျော်ရှိသည်။ အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ပြေးရသည်။ ဂျပန်တို့ရဲ့ စစ်နောက်ကျောပိုင်းကို ဝင်ရောက်တိုက်ခိုက်သော ဗိုလ်မှူးချုပ်ဝင်းဂိတ်၏ ချင်းဒစ် (ခြင်္သေ့) ကွန်မင်ဒို ပြောက်ကျားတပ်များ၏ အခန်းကဏ္ဍကို မြန်မာ ကျောင်းသား တို့ လေ့လာခွင့် သိခွင့်မရခဲ့။ မဟာမိတ် တပ်ပေါင်းစုက လေကြောင်းချီတပ်များ၊ အမြောက်တပ်များ၊ သံချပ်ကာတပ်များ အလုံးအရင်းဖြင့် ဂျပန်တွေကို တိုက်ခဲ့တာ မြန်မားကျောင်းသားတို့ မသင်ခဲ့ရ မသိခဲ့ရ။ မဟာမိတ် တပ်ပေါင်းစု၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသော မြန်မာပြည် စစ်မျက်နှာရှိ ဂျပန်စစ်သား အရေအတွက်သည် တသိန်းရှစ်သောင်းကျော် ရှိသည်ဟု မဟာမိတ် စစ်မှတ်တမ်း များက ဆိုထားသည်။ သို့သော် ထိုအချက်ကို မြန်မာကျောင်းသားတို့ မသင်ခဲ့ရ။ More+++ Click+++