Thursday, May 23, 2024

မြန်မာပြည်မြောက်ဖျားပိုင်းက အရှေ့တောင်အာရှ၏အမြင့်ဆုံး ခါကာဘိုရာဇီတောင်


အမြင့်ပေ ၅၈၈၁ မီတာ (၁၉,၂၉၆ပေ) ရှိပြီး မြန်မာနိုင်ငံတွင်းမှာသာမက အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင်မှာ ကချင်ပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ ခါကာဘိုရာဇီတောင်ပဲ ဖြစ်ပါတယ်။ ခါကာဘိုရာဇီတောင်မှာ မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းဒေသဖြစ်သည့် ကချင်ပြည်နယ် နောက်မွန်းမြို့အနီးတွင် တည်ရှိပြီး တိဗက် နှင့် မြန်မာနိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တောင်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ မြောက်လတ္တီတွဒ် ၂၈°၁၈’ နှင့် အရှေ့လောင်ဂျီတွဒ် ၉၇°၃၂’ အကြားမှာတည်ရှိသည်။ ခါခါဘိုရာဇီဟူသောအမည် နာမ မှာ တိဗက်လူမျိုးများထံမှ ဆင်းသက်လာခြင်းဖြစ်တယ်လို့ သိရှိရပြီး အဓိပ္ပါယ်အရ ခါ ဆိုသည်မှာ နှင်း၊ ခါဘို ဆိုသည်မှာ အဖြူရောင်လို့ မှတ်ယူနိုင်သောကြောင့် ဆီးနှင်းအဖြူများအမြဲတည်ရှိနေသော တောင် ဟု အဓိပ္ပါယ်ရပါတယ်။

ခါကာဘိုရာဇီတောင် သည် တစ်နှစ်ပတ်လုံး ရေခဲဆီးနှင်းများအမြဲဖုံးလွှမ်းနေပြီး ဂေဟစနစ်ကိုအပြန်အလှန်အကျိုးပြုနေသည့် ကျူ၊ ဝါးပင်နှင့် တောင်ပေါ်မြက်ခင်းများပေါက်ရောက်လေ့ရှိပါတယ်။ ထို ကျူ၊ ဝါးပင် နှင့် မြက်ခင်းတို့ဟာ ခါကာဘိုရာဇီတောင်၏ လိုအပ်သော ရေခဲလိုင်းကိုသတ်မှတ်ပေးပါတယ်။ ထိုရေခဲလိုင်းကြောင့် ရေအရင်းအမြစ်ပါရရှိကာ တောင်ပေါ်ဒေသများမှာ တွေ့ရလေ့ရှိတဲ့ ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ မေပယ်လ်၊ တောင်မြင့်ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွနှင့် မိုးမခပင်များပါ ခါကာဘိုရာဇီတောင် နဲ့ တောင်ပတ်ဝန်းကျင် မှာပေါက်ရောက်နေကြပါတယ်။ ထိုဒေသရေခဲပြင် အောက် တွင်လည်း အသက်ရှည်ဆေးဟု နာမည်ကျော်သော မချစ်ဥ ခေါ် ဂမုန်းကြက်သွန်ဖြူများကိုလည်း တွေ့ရသည်။ ထို့အပြင် အလွန်ဆေးဖက်ဝင်သော ရှီးပဒီး (ခေါ်) ဆောင်းပိုးနွေမြက် ဟု အမည်ရတဲ့ ပိုးကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း သဘာဝမှိုတစ်မျိုးကိုလည်းတွေ့ရှိရပါတယ်။ ထို ရှီးပဒီးမှာ ကျန်းမာရေးအတွက် အလွန်ဆေးဖက်ဝင်လှသောကြောင့် တရုတ်တိုင်းရင်းဆေးများတွင် ထည့်သွင်းဖော်စပ်ကြပြီး ဈေးနှုန်းအားဖြင့်လည်း မြင့်မားသောကြောင့် သဘာဝကြီးကပေးတဲ့ လက်ဆောင်ဟူ၍ မှတ်ယူနိုင်ပါတယ်။ ခါကာဘိုရာဇီ တောင်တက်လမ်းတစ်လျှောက်တွင်လည်း ကချင်တိုင်းရင်းသားလူမျိုးစုများဖြစ်ကြတဲ့ ထလုလူမျိုးနှင့် ထရုန်လူမျိုးစုများနေထိုင်ကြတဲ့ ကျေးရွာလေးများကို တွေ့ရပြီး တိဗက်လူမျိုးများပါ တွေ့ရပါတယ်။ သားမင်းခေါ် တာကင်ကောင်၊ ကဒိုးကောင်နှင့် တောင်ဆိတ်များကို ခါကာ ဘိုရာဇီတောင်ဒေသမှာ ရှင်သန်ကျက်စားကြသည်ကိုလည်း သိရှိရပါတယ်။ ထို့အပြင် ကမ္ဘာ့ပေါ်တွင် မျိုသုန်းလုနီးပါးဖြစ်နေသည့် ရှားပါး ပန်ဒါနီများကိုလည်း ခါကာဘိုရာဇီတောင်ဒေသတစ်ဝှိုက်မှာ မြင်တွေ့နိုင်ပါတယ်။ ကချင်ပြည်နယ်မြောက်ဖျားပိုင်းမှာ ခါကာဘိုရာဇီတောင် အပြင် ဒုတိယအမြင့်ဆုံး တောင်ဖြစ်သည့် ဖုန်ကန်ရာဇီတောင်လည်း ရှိနေပြန်ပါတယ်။ 

ခါကာဘိုရာဇီတောင်မှာ တောင်ထိပ်ပေါ်သို့တက်ရောက်ရာလမ်းမှာ ကြီးမားချွန်ထက်သော ကျောက်ဆောင်ကြီးများ၊ မတ်စောက်မြင့်မားသည့် ချောက်ကမ်းပါးများ နှင့် အလွန်အေးချမ်းလှတဲ့ အအေးဒဏ်ကြောင့် တက်ရောက်ဖူးသူ လူအနည်းငယ်မျှ သာ ရှိသေးသော်လည်း အပျော်တမ်းတောင်တက်သူများ၊ ဇီဝ နှင့် ရုက္ခ ဗေဒလေ့လာကြသူများ နှင့် သဘာဝအလှတရားကို ချစ်မြတ်နိုးသူ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ နှစ်စဉ်လာရောက်ကြသည်ဟု သိရှိရပါတယ်။ ခါကာဘိုရာဇီတောင်နှင့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဘေးမဲ့တော တို့တွင် အပျော်တမ်းတောင်တက်ခြင်း၊ ဆောင်းခိုငှက်များလေ့လာခြင်း၊ ရေခဲတောင်များနှင့် သဘာဝရှုခင်းအလှများ၊ ရေခဲတောင်သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်အလှများ၊ ဇီဝမျိုးစုံမျိုး ကွဲများ၏ရုက္ခနှင့် ဇီဝကြွယ်ဝမှုများကို တွေ့မြင်ခံစား လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။

ထိုအခြင်းအရာတွေကြောင့်လည်း ခါကာဘိုရာဇီတောင်ဟာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ကောင်းတဲ့ နေရာတစ်ခုဟူ၍ သတ်မှတ်ထားကြပါတယ်။ မြန်မာနိုင်ငံမှာတစ်ခုတည်းသော ရေခဲတောင် တွေရှိတဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဟာ  နိုင်ငံအတွက် ဂုဏ်ယူစရာနေရာတွေဖြစ်ပါတယ်။ ရေခဲတောင် ဧရိယာအတွင်းမှာရှိတဲ့ နို့တိုက်သတ္တဝါတွေနဲ့ အပင်တွေကို  ထိန်းသိမ်းစောင့် ရှောက်တဲ့နေရာတစ်ခုလည်း ဖြစ်သလို  ဆောင်းခိုငှက်တွေအပြင်  ရေခဲတောင် ဂေဟစနစ်မှာပဲ ကျက်စားတဲ့ ငှက်များနှင့် အပင်မျိုးစုံ၊ ရှားပါးသစ်ခွနဲ့ ဟိမဝန္တာအယ်လ်ပိုင်း သစ်တောမှာ ပေါက်ရောက်တဲ့ ဆေးဖက်ဝင်အပင်တွေနဲ့  တောင်ဇလပ်အပါအဝင်  အခြားမျိုး စိတ် များစွာ ရှင်သန်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ 

သုတေသနအတွက် စိတ်ဝင်စားစရာတွေ  စုဝေးနေတဲ့ဒေသ တစ်ခုလည်း ဖြစ်တာကြောင့် သုတေသနပြုလုပ်နေကြတဲ့ ပညာရှင်များ နှင့် ကျောင်းသားကျောင်းသူများကောင်းမွန်စွာလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တောရိုင်းတိရစ္ဆာန်၊ အပင်၊ ရေခဲငါးနဲ့ ငှက်မျိုးစုံကြွယ်ဝတဲ့ ဒေသဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းအတွက် အလွန်တန်ဖိုးရှိတဲ့နေရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်တဲ့ ဒေသတစ်ခုဆိုလည်းမှားမည်မဟုတ်ပါဘူး။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင်သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် လည်းကောင်း၊ ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အမျိုးသားဥယျာဉ် အဖြစ် လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ်လည်းကောင်း သတ်မှတ်ခဲ့ပြီး ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကိုတော့ ၂၀၀၃  ခုနှစ်တွင်  စတင်တည်ထောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ခါကာဘိုရာဇီဒေသကို ကမ္ဘာ့သဘာဝအမွေအနှစ် (Natural World Heiratage)  နေရာအဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက် ကုလသမဂ္ဂ ယူနက်စ်ကို အဖွဲ့အစည်းမှ လေ့လာစမ်းစစ်မှုတွေပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ရဲ့ ကမ္ဘာ့သဘာဝအမွေအနှစ် နေရာအဖြစ်သတ်မှတ်ပေးနိုင်ဖို့ အဆိုပြုလွှာကို ယူနက်စ်ကို အဖွဲ့အစည်းက လက်ခံခဲ့ပြီး ကျွမ်းကျင်ပညာရှင်များကိုစေလွှတ်ကာ ကွင်းဆင်းစစ်ဆေးမှုတွေကို ပြုလုပ်လျက်ရှိပါတယ်။ ခါကာဘိုရာဇီ ဒေသက ဇီဝမျိုးစုံ မျိုးကွဲ တွေ အများအပြားရှိနေပြီး၊ ဇီဝ မျိုးစိတ်အသစ် တွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ယူနက်စ်ကို ဘက်က ဆိုပါတယ်။ ခါကာဘိုရာဇီဒေသဟာဆိုရင်တော့ လူသူအရောက်အပေါက်နည်းသည့်အပြင် ဇီဝ မျိုးကွဲများ များစွာ ရှိတာကြောင့် ဇီဝ ရုက္ခ ဂေဟစနစ်များ သဘာဝအတိုင်း ယိုယွင်းမပျက်စီးအောင် နှစ်ပေါင်းများစွာကြာရှည်တည်တံ့အောင် မြန်မာနိုင်ငံကြီး၏ သဘာဝအလှတရားအတွက် အစဉ် ထိန်းသိမ်းကာကွယ်သင့်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
By fb Beautiful futurehttps://drive.google.com/uc?export=view&id=16J3UKZ37IJWQQT_yTtcrOP1TD4lJ9eOm