Saturday, February 17, 2024

LORDS OF MOUNTAINS

ကချင်နှင့် မြေပြန့် ဘာဆိုင်လို့လည်းဟု ဗမာမိတ်ဆွေတချို့ကပြောလာကြ၏။ မှန်၏။ ကချင်ဒေသ အောက် ပိုင်း၊ ဗမာမိတ်ဆွေများနေထိုင်သော ဗမာလူမျိုးများပိုင် မြေပြန့်ဒေသသည် ယခင်ကာလာတွင် ကချင် လူမျိုး များ နှင့် မည်သို့မျှမသက်ဆိုင်ချေ။ အဘယ့်ကြောင့်ဆိုသောဗမာပြည်ထောင်နှင့်ကချင်ပြည်ထောင်ဟူ၍သတ်သတ် စီရှိခဲ့ခြင်း ကြောင့်ပင်ဖြစ်၏။ ဗမာမင်းပိုင်နက် အဝေးဆုံးဖြစ်သော မဲဇာ၊ ကချင်အ မည် ( Myen Za) လွန် သည်နှင့် တောင်တန်း များသာဖြစ်၏။ 
ကချင်လူမျိုးတို့၏မူလည်အမည်သည် ဂျိန်းဖေါဖြစ်၏။ ကချင်ဟူသောအမည်သည် Kakhyen ဟူသောအမည်မှ ဆင်းသက်လာခြင်းဖြစ်သည်ဟုဆို၏။ အာသံဒေသရှိ ဂျိန်းဖေါများအားဆိန်းဖေါဟုခေါ်ဝေါ်ကြ၏။ ဂျိန်းဖေါ (သို့ ) ဆိန်းဖေါ များအား ဗမာမိတ်ဆွေများက သိန်းဖေါ ဟုခေါ်ကြ၏။ ဗမာ လူမျိုးများ၏ ဆ နှင့် သ အသံ ထွက် ပြောင်းပြန်ဖြစ်ခြင်း ကြောင့် ပင်ဖြစ်၏။ ယခင်က တရုတ်လူမျိုးများသည် ကချင်များအား ရှန်ထို ဟုခေါ်၏။ ၄င်း အဓိပါယ်မှာ တောင်ပေါ်သား ဖြစ်သည်ဟုဆို၏။ နောက်ပိုင်း ဂျိန်းဖေါဆူ ဟုခေါ်၏။ ဂျိန်းဖေါ လူမျိုးဟု အဓိပါယ် ရှိသည်ဆို၏။ 
 ဗြိတိသျှတို့၏ မှည့်ခေါ်မှုမှာ တမူထူးခြား၏။ Lords of Mountains တောင်တန်းများ၏အ ရှင်သ ခင်များ ဟူ၍ဖြစ်သည်။ ယင်းကဲ့သို့ မှည့်ခေါ်ခြင်းအား ကချင်လူမျိုးများကိုယ်တိုင် ကြိုက်နှစ် သက်ကြသည်သာ မက အထူးပင်ဂုဏ်ယူလျက်ရှိသည်။ မည်သည့်အတွက် ကြောင့် ကချင်လူမျိုးများသည် ၄င်းအမည်အား ဂုဏ်ယူကြသနည်းဟု ဆိုရာတွင် အကြောင်းရင်းရှိလေသည်။ ကချင်လူမျိုးများသည် တောင်ပေါ်ဒေသတွင်သာ အနေများသဖြင့်ဖြစ်ပြန်၏။ ထို့ထက်သာမက ကချင်ဒေသသည် တောင်ကုန်း တောင်တန်းများဖြင့် ပြည့် နေသော နေရာဖြစ်၏။ မြေပြန့်ဟူ၍ ဆယ်ရာခိုင်နှုန်းပင်မရှိနိုင်ချေ။ 
ယင်းသို့ဖြင့် ယခင်ကာလဗမာလူမျိုးများနှင့် ပူးပေါင်းကာ ဗြိတိသျှ တို့ထံမှ လွတ်လပ်ရေးမရယူမီအချိန်အထိ ကချင် လူမျိုးများ တောင်ပေါ်တွင် နေထိုင်ကာ ကိုယ့်မင်းကိုယ့်ချင်း နှင့်နေလာခဲ့ကြရာ မည်သည့်ပြ သနာမျှ မရှိခဲ့ချေ။ ဒေသအပိုင်းအခြားများဖြင့် ကချင်ပဒေသရာဇ်ဒူဝါများ၊ အကြီးအကဲများ၏ အုပ်ချုပ်မှုဖြင့် မိမိတို့နယ်မြေဒေသများအား မိမိတို့အုပ်ချုပ်ကာနေခဲ့ကြသည်။ဗြိတိသျှတို့မရောက်လာမီအချိန်တွင်ကချင်ဒူဝါများသည်ကြွင်းမဲ့အာဏာတန်ခိုးဖြင့်ပြည့်စုံကြ၏။ မည်သည့်ဗမာမင်း၊တရုတ်မင်း၊ကုလားမင်းမျှ ကချင်ဒူဝါ များ ၏အာဏာစက်အား ထိပါးနိုင်ခြင်း မရှိခဲ့ကြ ချေ။ 
 သို့သော်လည်း ဘားမားဖယ်ဒရေးရှင်းတွင် ပူးပေါင်းပါ၀င်ခဲ့ပြီးနောက်ပိုင်းတွင် စကားတစ်ရပ်ပေါ်ထွက်လာ၏။  ၄င်းစကားရပ်မှာ `` ကချင်နဲ့မြေပြန့်ဘာဆိုင်လို့လည်း´´ ဟူ၍ဖြစ်၏။ ဘားမားဖယ်ဒရေးရှင်းတွင် မပါ၀င်မီအချိန်အထိ မည်သည့်လူမျိုးခြားကမှ ကချင်နဲ့ မြေပြန့်ဘာဆိုင်လို့လည်း ဟူသောစကားပြောဆိုခြင်းမရှိခဲ့၊ ပြောဆိုရန်အ ကြောင်း လည်းမရှိ။
 ဘားမားဖယ်ဒရေးရှင်းတည်ထောင်ရန်ဆောင်ရွက်စဉ် ဗြိတိသျှတို့က ကချင်၊ ရှမ်း၊ ချင်း စသည့် ဒေသများအား Frontier area ( နယ်ခြားဒေသ) ဟုအမည်ကင်ပွန်းတပ်ခဲ့သည်။ လွတ်လပ်ရေး ရယူရာတွင် ကချင်ဒေသအား Kachin State ဟူသောအမည်ဖြင့်သာ ဗမာနှင့် ပူးပေါင်းခြင်းဖြစ်သည်။  သို့သော်လည်း ဗမာများက ဗမာစကားဖြင့် တောင်တန်းဒေသဟု အမည်ပေးခဲ့ကြသည်။ ယင်းကဲ့သို့အမည်ပေးခြင်းအား ဆန်းစစ်ကြည့်လျင် နဂိုကတည်းက ရည်ရွယ်ချက်ရှိရှိဖြင့် ၄င်းတို့ကမြေပြန့်သား၊ အခြားများက တောင်ပေါ်သား ဟူ၍ ခွဲခြားလိုသော အဓိပါယ်ပင်ဖြစ်နေ တော့သည်။ မြေပြန့်သားများက တောင်ပေါ်သားများထက်ပို၍ မြင့်မြတ်သလို၊ မြေပြန့်သားများက ဘဲ တောင်ပေါ်သား များ၏ အရှင်သခင်ဖြစ်သလိုလို ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်မှာ သံသယဖြစ်စရာ အကြောင်းမရှိ။ 
 တောင်ပေါ်များတွင် နေထိုင်သော ကချင်များကလည်း မိမိတို့ ပင်ကိုယ်နေထိုင်လိုစိတ်ဖြင့် နေထိုင်ခြင်းဖြစ် သောကြောင့် မည်သို့မျှ အကြောင်းမရှိ၊ သို့သော် ဘားမားဖယ်ဒရေးရှင်းတွင်ပါ၀င်ခဲ့ခြင်းဖြင့် တောင်တန်းသား များဟူ သော အမည်နာမအောက်တွင် နိမ့်ကျသလိုလိူ၊ မတူသလို၊ မတန်သလိုပြုမူခြင်းခံကြရတော့သည်။ 
 ကချင်၊ ချင်း၊ ရှမ်းတို့သည်လည်း ၄င်းတို့ကိုယ်တိုင်တောင်တန်းများတွင်နေထိုင်ကာ မူ မိမိပြည်ထောင်၊ နိုင်ငံ၊ တိုင်းပြည်တွင်နေထိုင်ခြင်းဖြစ်သည်ဟုသတ်မှတ်ကြသည်။ ကမ္ဘာကြီးတွင် တောင်တန်းများတွင်နေထိုင်ကြသောလူမျိုး အမြောက်အများရှိကြသည်။ တိဘက်ပြည်၊ မွန်ဂိုးလီးယားပြည်၊ နီပေါ၊ ဘူတန်၊ ဆွစ်ဇာလန်၊ ဘိုလီးဘီးယား၊ အစရှိသဖြင့် မြောက်များစွာရှိသည်။ တောင်တန်းများပေါ်တွင်နေထိုင်ခြင်းဖြင့် မည်သမျှ တောင်တန်းသားဟူ၍ပြောဆိုခြင်းမရှိ၊ သူတို့တိုင်းပြည်နှင့် သူတို့ တည်ရှိနေကြသည်။ ကုလသမဂ္ဂမှလည်းခွဲခြားခြင်းမရှိ၊ တစ်ဦးနှင့် တစ်ဦး၊ တစ်ပြည် ထောင်နှင့်တစ်ပြည်ထောင် လေးစားသမှုပြုကာနေထိုင်ကြသည်။
 တောင်တန်းသားများဖြစ်သဖြင့် မည်သူ့နေရာကိုမျှလိုချင်တပ်မက်ခြင်းမရှိ၊ မိမိတို့ဒေသတွင် မိမိတို့နှင့်သက်  ဆိုင်သော အသက်မွေး၀မ်းကြောင်းပြုကာအသက်ရှင်နေထိုင်ကြသည်။ မိမိတို့ပဒေသရဇ်ာဒူဝါများ၏ အုပ်ချုပ်မှု၊ ဦးဆောင်မှုဖြင့် ကချင်ပိုဒေသများအား တည်ထောင်ခဲ့ကြသည်။ မိမိတို့တိုင်းနိုင်ငံအားတည်ဆောက်ခဲ့ကြသည်။ သို့သော် လည်း ကချင်နဲ့မြေပြန့်ဘာဆိုင်လို့လည်းဟု အမည်ကင်ပွန်းတပ်ကာ ကချင်လူမျိုးအားမား တောင်ပေါ်ဒေ သသို့ပြန်လည် နှင်ထုတ်ပစ် ဟူသော စကားသံများအား မကြားချင်အဆုံးဖြစ်လာခဲ့သည်။ ယင်းသို့ပြောဆိုမှုများသည် သမိုင်းကြောင်း အားမလေ့လာဘဲ လေဖမ်းတရားနာပြုသူများ၏စကား သံပင်ဖြစ်လေတော့သည်။
 ကချင်လူမျိုးများသည် ယခင်ရာစုနှစ်များစွာကတည်းက၊ အချိန်တိုင်းပင် စစ်မက်တိုက်ခိုက်ကာနေခဲ့ကြသော လူမျိုးဖြစ်သည်ကို သမိုင်းများစွာတွင သက်သေအဖြစ်တွေ့ရသည်။ ပထမဆုံး သမိုင်းတွင်သည်မှာ နန်းစော ( Nan Chao) သမိုင်းတွင်ပါ၀င်ခဲ့ခြင်းဖြစ်သည်။ အေဒီ ၇-၈ ရာစုများတွင် နန်ချောင် များသည် တရုတ်ပြည်၊ ယနေ့မြန်မာပြည်ဟုခေါ်တွင်နေသောဒေသများ အပြင် ဗီယက်နမ်နိုင်ငံအထိသိမ်းပိုက်စိုးမိုးခဲ့ကြသည်ကိုတွေ့ရသည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင် ( Hanoi) အထိ သွားရောက်တိုက်ခိုက်ရာတွင် ပါ၀င်ခဲ့ကြောင်း GE Harvey ၏ History of Burma အမည်ရှိစာအုပ်တွင်ရေးသားထားသည်ကိုတွေ့ရသည်။ ၄င်း၏သမိုင်းမှတ်တမ်းတင်မှုသည် သေချာသည်ဟု မှတ်ယူရန်ရှိသည်။ အဘယ့်ကြောင့်ဆိုသော ယနေ့ ဗီယက်နမ်နိုင်ငံ တောင်ပေါ်ဒေသများတွင် နေထိုင်သော Thenbaw, Mnong, Ede လူမျိုးများ၏ ဓလေ့ထုံးစံ၊ နေထိုမှုရိုးရာ၊ နေအိမ်တည်ဆောက်ထားပုံ၊ ရိုးရာ နတ်ကိုးကွယ်ပူဇော်ပသမှု များတွင် ကျင့်ဆောင်သော အပြုအမှု များသည် ကချင်လူမျိုးများနှင့် ထပ်တူနီးပါးမျှ ဆင်တူဖြစ်နေသည်ကိုတွေ့ရသည်။ 
 ထို့ပြင် ကချင်လူမျိုးများသည် မွန်ဂိုတာတာ အနွယ်၀င်ဖြစ်သည့်အတိုင်း မွန်ဂိုတာတာ ဘုန်းမီးနေလ တောက်ပြောင်သော အချိန်တွင်လည်း မွန်ဂိုစစ်တပ်နှင့်အတူ အာရှ တခွင် တွင် စစ်မက်တိုက်ခိုက်ခဲ့ကြသည်။ မွန်ဂိုအနွယ်ဟုဆိုရာတွင် ကချင်များကဲ့သို့သော အခြားမျိုးနွယ်များ မည်မျှ ပါ၀င်ခဲ့သည်ကိုမူ အသေအချာ မသိရချေ။ သို့သော်မြောက်များ ပါ၀င်မည်ကား အမှန်ပင်ဖြစ်သည်။ ငယ်စဉ်က ရှေ့မီနောက်မီ လူကြီးများ ပြောသောစကားတွင် တရုတ်ပြည်ရှိ မဟာတံတိုင်းကြီး တည်ဆောက်ခြင်းသည် ဂျိန်းဖေါ လူမျိုးများ၏ ရန်ကိုကြောက်ရွံ့သဖြင့် ကာကွယ်နိုင်ရန် အတွက် တည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုကြသဖြင့် အလွန်အံ့အားသင့်ခဲ့ရသည်။ ကမ္ဘာပေါ်တွင် လူဥိးရေအများဆုံးနှင် ဧရိယာအကျယ်ဆုံးသော တရုတ်လူမျိုးများသည် ကချင်လူမျိုးများအား ကြောက်ရွံ့သဖြင့် မဟာတံတိုင်းကြီးတည် ဆောက်ခဲ့သည်ဆိုသည်ကို ရယ်စရာ ဟာသတစ်ပုဒ်၊ ရယ်ဖွယ်ရာ ဇတ်လမ်းတစ်ပုဒ်အဖြစ်လှောင်ပြောင်ခဲ့ဘူးသည်။ ယခုအချိန်ပြန်လည်သုံးသပ်ကြည့်ရာတွင် ထိုအချိန် ကချင်အမည်မရှိသေးသော၊ ဂျိန်းဖေါလူမျိုးများသည် မွန်ဂိုတာတာ အနွယ်၀င်များဖြစ်ကြပြီး ၄င်းတပ်တွင်ပါ၀င်ကာ တရုတ်ဒေသအားတိုက်ခိုက်ရာတွင် ပါ၀င်ခဲ့ခြင်းဖြစ်သဖြင့် ကချင်လူမျိုး များ၏ဓလေ့ထုံးစံအတိုင်းနှုတ်စကားသမိုင်း အားဖြင့် တဆင့်ပြီးတဆင့်၊ လက်ဆင့်ကမ်းပြောဆိုခဲ့ခြင်းဖြစ်သည်ကို နောက်ပိုင်းတွင် သံသယဖြစ်စရာမရှိတော့ချေ။ 
 ကချင်လူမျိုးများသည် မွန်ဂိုတာတာစပ်တပ်တွင် အပါအ၀င်ဖြစ်ကာ ယနေ့ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံဒေသ အထိ တိုက်ခိုက်ခဲ့ကြသော မွန်ဂိုစစ်တပ်တွင် ကချင်များပါ၀င်သည်ကို ကချင်များ၏ နှုတ်ပြောသမိုင်းများတွင် မကြာခဏ ကြားဖူးခဲ့ရသည်။ သမိုင်းဆရာ GJ Scott ကမူ The Kachins were no doubt of Mongol Ancestral ဟုရေး သားထား လေသည်။ ထို့ပြင်ကချင်များသည် War like people ဟုလည်းကောင်း၊ Kachins were the first class warrior ဟုလည်းကောင်းရေးသားထားပြန်သည်။ အမှန်တကယ် စစ်မက်ခုန်မင်ခြင်းရှိမရှိကိုမူ မသိရသော်လည်း လိုအပ်ချက်အရ စစ်တိုက်ခဲ့ကြသဖြင့် အချိန်နှင့်အမျှ စစ်တိုက်နေကြသဖြင့် ပထမတန်းစားစစ်သည်များ ဖြစ်လာရ သည်ကိုတော့ ငြင်းဆိုစရာအကြောင်းမရှိ။
 ယနေ့အချိန်အထိကချင်လူမျိုးများ၏လူဦးရေစာရင်းကိုကြည့်မည်ဆိုလျင်တစ်သန်းမျှသာရှိလေသည်။ လူဦးရေ နည်းပါလင့်ကစား ကချင်လူမျိုးများ၏ တိုက်ခိုက်မှုစွမ်းရည်သည် ကမ္ဘာကပင်သြချခဲ့ရသည်။ အထူးသဖြင့် ပထမကမ္ဘာ စစ်နှင့် ဒုတိယ ကမ္ဘာစစ် များတွင် ကချင်လူမျိုးများသည် မဟာမိတ်များဖက်မှ ပါ၀င်တိုက်ခိုက်ခဲ့ကြသော ကချင်စစ်သည် များသည် ကမ္ဘာကျော်ခဲ့ကြလေသည်။ 
 လူဦးရေ နည်းပါးသည်ကတစ်ကြောင်း၊ မိမိတို့ အသက်ရှင်ရပ်တည်နိုင်ရန် အအချိန်နှင့်အမျှ စစ်တိုက်နေရခြင်း၊ ခုခံနေရခြင်း များပြုလုပ်နေရသည်ကတစ်ကြောင်း၊ တို့ကြောင့် မိမိတို့ နေထိုင်ရာ နေရာဒေသကိုလည်း ရွေး ချယ်မှုပြုလာရတော့သည်။ စစ်မက်တိုက်ခိုက်ခြင်းဆိုရာတွင် ယနေ့တိုင်မရိုးနိုင်သော ဗျူဟာတစ်ရပ်မှာ အမြင့်ပိုင်း ( သို့) တောင်ပေါ် တောင်စောင်းများတွင် နေရာယူထားသောသူများသည် တစ်ပန်းသာသည်ဟူ၍ ဖြစ်ရာ ကချင်များသည်လည်း မိမိတို့နေထိုင်ရော ဒေသအား တောင်ပေါ် တောင်းစောင်း၊ တောင်တန်းများတွင် နေရာ ယူခဲ့ရတော့သည်။ 
 မြေနေရာအကျယ်အ၀န်း လိုချင်သလောက်ရှိလင့်ကစား ၄င်းတို့နေထိုင်သော အိမ်များကိုလည်း လုံးချင်းခြံ၀င်; နေအိမ်များကဲ့သို့မဟုတ်ဘဲ အိမ်တန်းရှည်များအဖြစ်တည်ဆောက်လာကြသည်။ အိမ်တန်းရှည်ဟုဆိုရ သော်လည်း ရည်ရွယ်ချက်မှာ ခံတပ်များကဲ့သို့ ဖြစ်အောင်တည်ဆောက်ထားကြသည်။ အိမ်တမ်းရှည်တစ်ခုသည် ကိုက်တစ်ရာခန့် မျှပင်ရှည်လျားလှသည်။ ၄င်းအိမ်တန်းရှည်တစ်ခုတွင် အနည်းဆုံး မိသားစု ဆယ်စုမက နေထိုင်နိုင်ကြသည်ဖြစ်လေရာ စစ်တန်းလျားတစ်ခုပင်ဖြစ်နေတော့သည်။ အကာအကွယ်ကောင်းသော တောင်စောင်းများတွင် တည်ဆောက်ထားကြပြီး ရန်သူများ၀င်ရောက်လာနိုင်သောလမ်းကြောင်းများတွင်လည်း ခုခံတိုက်ခိုက်နိုင်ရန် ကတုတ်ကျင်းများ အခိုင်အမာတူး ထားခြင်း၊ တောင်စောင်းများတွင် သစ်သားသစ်လုံးများ၊ ဝါးလုံးဝါးခြမ်းများဖြင့် ပုခက်သဏ္ဍာန်ပြုလုပ်ကာ ကျောက်တုံး များတင်ထားကြသည်။ ရန်သူများ၀င်ရောက်လာသောအခါ ၄င်းကျောက်မောင်းများအား ချည်နှောင်ထားသည့် ဆိုင်းကြိုးများအား ဖြတ်ချခြင်း ဖြင့်ခုခံတိုက်ခိုက်ကြသည်။ လှံလေးများဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ကြသည်။ ယင်းကဲ့ သို့ စုစုစည်းစည်း နေထိုင်ခြင်းဖြစ်သဖြင့် ရန်သူအားတိုက်ခိုက်ရာတွင် တစ်ခဏအတွင်း အင်အားစုမိခြင်းဖြစ် စေသည်။ ထို့ကြောင့် တောင်ပေါ် တောင်စောင်းများ တွင် အိမ်တန်းရှည်များဆောက်လုပ်ကာနေထိုင်ခြင်းသည် နေထိုင်စရာမြေ နေရာမရှိသဖြင့်မဟုတ်ဘဲ အင်အား တစ်စုတစည်းတည်းဖြစ်ရန်အတွက် နှင့် ရန်သူအား အပေါ်စီးမှ တိုက်ခိုက်ခြင်း ပြုနိုင်ရန် အတွက်ပင်ဖြစ်လေသည်။ 
 ဗြိတိသျှတို့သည် ဗမာဒေသအားသိမ်းပိုက်ပြီးနောက် ကချင်ဒေသကိုလည်းဆက်လက်သိမ်းပိုက်ရန် ချီတက်လာ ကြရာတွင် ကချင်များ၏ တိုက်ခိုက်မှုအား အကြီးအကျယ်ခံခဲ့ကြရသည်။ ဗမာဒေသအား တိုက်ခိုက်ရာတွင် လအနည်း ငယ်အ တွင်း ပြီးဆုံးသော်လည်း ကချင်ဒေသအားတိုက်ခိုက်ရာတွင်မူ နှစ်ဆယ်ချီကြာမြင့်သည်ကို ဗြိတိသျှ တို့ကိုယ်တိုင် ၀န်ခံခဲ့ရလေသည်။ အံ့အားသင့်ခဲ့ရလေသည်။ ကချင်ဒေသသို့ ချီတက်တိုက်ခိုက်ရာတွင် ပါ၀င်ခဲ့သည့် ဗြိတိသျှစစ်ဗိုလ် Major SCF Peille ကျြံတွေ့ခဲ့ရသည့် အတွေ့အကြုံတစ်ခုအား အောက်ပါအတိုင်း မှတ်တမ်းတင်ထား လေသည်။ ကချင်တို့၏ အိမ်တစ်ဆောင်မှာ မိသားစုတစ်ခုတည်းနေထိုင်သည့် အိမ်မဟုတ်ဘဲ မိသားစု အများအပြားနေ ထိုင်နိုင် သည့် အိမ်ဖြစ်ပေသည်။ အိမ်ခြေများအနက် တစ်၀က်သည် တိုက်ခိုက်ပုန်ကန်လှုပ်ရှားမှုပြုရာတွင် ကိုယ်တိုင် ကိုယ်ကျ ပါ၀င်ပြီး ကျန်တစ်၀က်မျာ အခြေအနေကိုစောင့်ကြည့်နေကြခြင်းဖြစ်လေသည်။ ( ဦးတင်မောင်ရင်၊ မဟာဝိဇာ၊ ခေတ်မြန်မာတည်ဟန်) 
 ထို့အပြင်ကချင်အိမ်များသည် ဒါးလှံများ မဖေါက်နိုင်သည်သာမက တူမီးကျည်ဆံပင် မဖေါက်နိုင်အောင် ထူထဲစွာယက်လုပ်ထားကြလေသည်။ တော်တောင်သဘာ၀အတိုင်း သားရဲ တိရစ္ဆာန်များ၊ တောကောင်များ ချဉ်းကပ် ရန်မူလာတတ်ရာ ကျား၊ ၀က်ဝံ အစွယ်များဖြင့်ကုတ်ခြစ်ခွာဖြဲမရအောင်ပင်ခိုင်ခံ့သည်။ ရွာပတ်လည်ကိုလည်း သစ်လုံး၊ ဝါးလုံး၊ ပျဉ်ချပ်ကြီးများဖြင့် ကာရံထားလေသည်။ 
 ရှေးယခင်ကာလက တဆိုက်ခိုက်မှုများသည်ဓါးလှံ၊လက်နက်များဖြင့်သာတိုက်ခိုက်ခြင်းဖြစ်လေရာ တောင်စောင်း တောင်ပေါ် များသည် လူများအလွယ်တကူ တက်ရောက်နိုင်သည့် နေရာမဟုတ်သောကြောင့် ရန်သူများအလွယ်တကူ တက်ရောက်ခြင်းမရှိနိုင်သောနေရာဖြစ်သည်။ ထို့ကြောင့် ကချင်လူမျိုးများသည် မိမိတို့၌ လူဥိးရေ နည်းပါးသောကြောင့် ရန်သူအားတိုက်ခိုက်အောင်မြင်ရန်မှာမူတောင်ပေါ်၊တောင်စောင်းများကသာလျင်သဘာ၀ကပေးထားသော ခံတပ်အတား အဆီးကြီးဖြစ်နေသဖြင့် ၄င်းနေရာများတွင် နေထိုင်ရန် ပြုလုပ်လာ ကြခြင်းပင်ဖြစ်သည်။ 
 ကချင်လူမျိုးများထံသို့ သာသနာပြုရန်ရောက်ရှိလာသော ဆရာတော် Dr. A. Gustav ၏မှတ်ချက်မှာ လည်းမှတ်သားလောက်ပေသည်။ " The Kachin mountain villages were more secure and could be defended from marauders more easily." ( Light in the jungle . By Gustaf A Sword, DD.pp-32)  ဆိုလိုသည်မှာ တောင်ပေါ် တောင်စောင်းများရှိ ကချင်ကျေးရွာများသည် ပိုမို၍ လုံခြုံသည်သာမက အခြားသော ကျူးကျော်သူများကိုလည်း ထိရောက်စွာခုခံတိုက်ထုတ်ရန် ပိုမိုလွယ်ကူသောနေရာဖြစ်သည်ဟူ၏။ ထိုသို့သော အကြောင်းများကြောင့် လွန်ခဲ့သောအချိန်များတွင် ကချင်လူမျိုးများသည် တောင်ပေါ်တွင် အခြေချနေထိုင်မှု များဖြစ် ပေါ်လာခဲ့ရသည်။ သို့ဖြင့် ကချင်လူမျိုးများသည် တောင်ပေါ်၊ တောင်တန်း၊ တောင်စောင်းများတွင် နေထိုင်ရန်အတွက် အခြေအနေပေးမှုများဖြစ်လာခဲ့ရသည်။ 
 ယင်းသို့ တောင်ပေါ်တွင် အနေများသဖြင့် နောက်ပိုင်းတွင်လည်း တောင်ပေါ်တွင်သာ အဓိက နေထိုငိကြရာ၊ ဘားမားဖယ်ဒရေးရှင်း တွင်ပူးပေါင်းပါ၀င်ခဲ့ပြီးနောက်၊ ဗမာလူမျိုးများက ကချင်နဲ့မြေပြန့်ဘာဆိုင်လို့လည်း ဟူပြီး ပြောဆိုလာကြလေတော့သည်။ ကချင်နှင့်မြေပြန့်မသက်ဆိုင်သလို အမျိုးမျိုးသော ဝါဒဖြန့်မှုများပြုလုပ်လာ ကြတော့ သည်။ အထက်တွင် ရေးသားသည့်အတိုင်း တောင်ပေါ်တွင်နေထိုင်ခြင်းသည် ရန်သူအား ခုခံတိုက်ခိုက်မှုတွင် အပေါ်စီး၊ အသာစီး ရရန်အတွက် နေထိုင်ခြင်းဖြစ်သော်လည်း၊ ကချင်ဒေသရှိမြေပြန့်များအားလုံးသည် ကချင်ဒူဝ်များ ပိုင်ဆိုင်သော မြေနေရာများဖြစ်လေသည်။ ၄င်းမြေနေရာတွင် နေထိုင်ကြကုန်သော ဝေနေယျလူသတ္တဝါအပါင်းသည် ၄င်းမြေပြန့်ဒေသ အားပိုင်ဆိုင်သောကချင်ဒူဝါများအားအခွန်အခပေးဆောင်ကြရလေသည်။ ကချင်ဒူဝါများထံအခွင့်တောင်းကာ နေထိုင်ကြ ရသည်။ ဒူဝါများကသတ်မှတ်ပေးသောနေရာတွင်လုပ်ကိုင်စားသောက်ခွင့်ရရှိကြသည်။ မရှိဆင်းရဲသော သူများအား ဒူဝါများက လိုလေသေးမရှိထောက်ပံ့ပေးသည်။ မုဆိုးမ၊ မုဆိုးဖို များအား ထောက်ပံ့ပေး သည်။ ခရီးသွားများ၊ ရွာတွင်းနားနေလိုလျင် ဒူဝါ၏အိမ်တွင်တည်းခိုကြသည်။ ၄င်းတို့တည်းခိုနေစဉ်ကာလပတ်လုံး အပူအပင်မရှိ ဒူဝါက ကျွေးမွေးသည်။ 
 ယခုမြစ်ကြိးနားဟု အမည်တွင်သောနေရာသည် ယခင်က လထော်မျိုးနွယ်အကျဲ ဒူဝါများအုပ်ချုပ်သော ဒေသဖြစ်သည်။ အဓိကနေထိုင်သူများမှာ ကချင်နှင့် ရှမ်းတရုတ်များဖြစ်ကြပြီး ၄င်းတို့သည် လထော်မျိုးနွယ် ကချင်ဒူဝါများထံ အခွန်ပေးဆောင်ကြရသည်။ ဖော်ပြပါအကျဲဒူဝါများသည် ပဒေသရာဇ်ဖြစ်ကြသော်လည်း မြစ်ကြီးနားမြို့ ၏အနောက်ဖက် ဆယ့်လေးမိုင်အကွ အကျဲဒေသတွင်နေထိုင်ကြသည်။ မြစ်ကြီးနားလွင်ပြင်အား ပိုင်ပိုင်အုပ်ချုပ်သော ဒူဝါများဖြစ်လင့်ကစား မြစ်ကြီးနားတွင်နေထိုင်ခြင်းမရှိ၊ အကျဲအမည်ရှိနေရာတွင် နေထိုင်ခြင်းမှာ အထက်တွင်ဖော်ပြ သည့်အတိုင်း စစ်မက်တိုက်ခိုက်ရာတွင် နေရာကောင်းအား ရယူထားခြင်းပင်ဖြစ်သည်။ ဖော်ပြပါအကျဲကျေးရွာသည်ကျူး ကျော်လာသူ ရန်သူများအား ခုခံတွန်းလှန်တိုက်ခိုက်ရန် နေရာကောင်းဖြစ်သကဲ့သို့ ရန်သူများမှ ၀င်ရောက်တိုက်ခိုက် ရန်အတွက် အလွန်ခက်ခဲသော မြေပြင်အနေအထားပင်ဖြစ်လေသည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်ကြိးအချိန် မဟာမိတ်တပ်များသည် ´ဧရာ၀တီမြစ်အား ဘောတံတား ( ကမ္ဘာ့အရှည်ဆုံးသော ဘောတံတား၊ Pontoon Bridge) တည်ဆောက်ရန်နေရာရွေးချယ်ရာတွင် အကျဲကျေးရွာအားရွေးချယ်ခဲ့ကြသည်။ ၄င်းနေရာသည် Akye lunghtawn ဟုအမည်ရှိသည်။ 
 ဗန်းမော်ဒေသဖက် ( ကချင်အခေါ် မန်မော်) တွင်လည်း ဂေါ်ရီဒူဝါ၊ လဖိုင်ဒူဝါ၊ မရန်ဒူဝါ၊ ဘန်ဂေါ်ဒူဝါ များသည် တောင်ပေါ်ဒေသ ( ဥပမာ စိန်လုံတောင်တန်း) များတွင် နေထိုင်ကြသော်လည်း ၄င်းဒေသမြေပြန့်တစ်ခုလုံး ချုပ်ကိုင်ထား ကာ အုပ်ချုပ်ကြသည်။ ၄င်းမြေပြန့်နေ ကချင်ရှမ်းတရုတ် ဗမာ အစရှိသူတို့သည် ကချင်ဒူဝါများအား အခွန်ပေး ဆောင်ကြရသည်။ သို့သော်လည်း 1884 တွင် ဗန်းမော်မြေပြန့်နေသူများ သည် ကချင်ဒူဝါများအား အခွန်ပေးဆောင်ရန် ငြင်းပယ်မှုပြုလုပ်လာကြသည်။ ထို့ကြောင့် ကချင်ဒူဝါများဖြစ်ကြသော ဂေါ်ရီဒူဝါ၊ မထန်ဒူဝါ၊ မတင်ဒူဝါ၊ ဖုန်ကန်ဒူဝါ၊ လဖိုင်ဒူဝါ အစရှိသည့် ကချင်ဒူဝါများမှ ဗန်းမော်မြို့တစ်မြို့လုံးအား မီးရှို့ဖျက်ဆီး လိုက်ကြလေသည်။ " The Shan villages in the plains were completely at the mercy of the hill people. Each village was alternately "protected" and blackmailed by the capricious Kachins ( Burma Gazetteer, Bhamo District. P-21) ဆိုလိုသည်မှာ မြေပြန့်ရှိ ရှမ်းရွာများသည် ကချင်များ၏သနားကြင်နာမှု အောက်တွင်လုံး ၀ရှိကြသည်။ရွာတိုင်းသည်စိတ်ပြောင်းလွယ်သော ကချင်များ၏အကာ အကွယ်ပေးလိုက်၊ ဒုက္ခပေးလိုက် ဖြင့် ကချင်များ ၏အောက်တွင်ရှိကြသည်။ 
 ကချင်ဒူဝါများမှ ဗန်းမော်တစ်မြို့လုံးအား မီးရှို့တိုက်ခိုက်ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ မြက်မြင်ကိုယ်တွေ့ဖြစ် သော ပြင်သစ်သတင်းထောက်တစ်ဦးရေးသားထားသည်ကို Major Enriquez မှ The Races of Burma အမည်ရှိစာအုပ်တွင်အောက်ပါအတိုင်းရေးသားထားလေသည်။ They are keen traders, work cheerfully from a member of that sorely-tired expedition from Mandalay to Monmien. But one reconizes now its truth, justice and penetration. In 1872 the Kachin attacked Mogaung, killed the Burmese official, and took the Amber Mines which they worked onf a feeble scale. In December 1884, (the last year of Burmese admistration) When Bhamo was captured by Kachins and Chinese and burnt from end to end. Only the buildings and property of the European Missionaries were spared. The Burmese Governor and garrison barely escaped with their lives to the river. ကချင်များသည် ကုန်သွယ်ခြင်း ပျော်ရွှင်စွာအ လုပ်လုပ်ကိုင်ခြင်း ရှိနေကြပြီဖြစ်သည်ဟု မန္တလေးမှ မုန်းမြန်းသွား အဖွဲ့၀င်တစ်ဦးက ရက်ရောစွာ မှတ်ချက်ပြုသော်လည်း အခြားတစ်ဦးမှတ်ချက်ပြုရာတွင် မြန်မာဘုရင်စိုးစံသည့် နောက်ဆုံးနှစ်ဖြစ်သော 1884 ခုနှစ် ဒီဇင်ဘာလ တွင် ကချင်များနှင့် တရုတ်တို့သည် ဗန်းမော်မြို့အား သိမ်းပိုက်ကာ မြို့၏တစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် မီးရှို့ပစ်လေသည်။ ဗမာမင်း မြို့၀န် နှင့် စစ်သည်များသည် ၄င်းတို့အသက်ချမ်းသာရရန် မြစ်ဖက်သို့ထွက်ပြေးကြလေ သည် ဟူ၍ဖြစ်သည်။ 
 ထို့ပြင် Burma Gazetteer , Bhamo District စာအုပ်တွင် အောက်ပါအတိုင်းရေးသားထားပြန်လေသည်။ The Kachins controlled the trade- routes and terrorised the town, and the authority of the Burmese government was merely nomily (Page-90-91). ဗန်းမော်ဒေသ၏ ကုန်သွယ်ရေးလမ်း ကြောင်းအား ကချင်များကထိန်းချုပ်ထားကြသည်။ ဗန်းမော်ရှိ ဗမာအစိုးရဆိုသည်မှာလည်း အည်မျှသာလျင်ဖြစ်လေ သည်။ ထို့ပြင် ဗန်းမော်မြို့အားထပ်မံမှတ်ချက်ပြုသည်မှာ "Bhamo is hardly recognizble as the florishing town it was some nine years ago. It is ruined and deserted" The inhabitants slept on sand banks and in boats at night prepared for instant flight in case of a Kachin attack ( Page-91). ဆိုလိုသည်မှာ လွန်ခဲ့သော ကိုးနှစ်ခန့်က ဗန်းမော်မြို့ စည်ကားခဲ့သည်ဆိုသည်ကို အသိအမှတ်ပြုရန်ခက်ခဲသည်။ ဗန်းမော်မြို့သည်ပျက်စီးနေပြီး လူသူကင်းမဲ့လျက်ရှိနေသည်။ ညအချိန်ရောက်လျင် မြို့နေသူတို့သည် မြစ်ကမ်းဘေးရှိ သဲသောင်များတွင် အိပ်စက်ကြသည်။ အချို့မှာ လှေများတွင် နေထိုင်နေကြသည်၊ ကချင်များတိုက်ခိုက်လာလျင် ထွက်ပြေး နိုင်ရန်အဆင်သင့်ပြင်ဆင်ထားကြခြင်းဖြစ်သည်) 
 ဗမာဒေသသာမက ကချင်၊ ချင်း၊ ရှမ်းဒေသများကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ဗြိတိသျှ ဧကရီ ဘုရင်မ ကြီး၏ ရှေ့ပြေးအဖွဲ့ဖြစ်သော ကာနယ်စလေဒင်နှင့်ဒေါက်တာအင်ဒါဆင်တို့သည် 1874 ခုနှစ်တွင် ဗန်းမော်မြို့သို့ ရောက်ရှိလာကြ၏။ လာရောက်ရသည့်အကြောင်းရင်းမှာ ဗန်းမော်ဒေသသည် ကချင်လူမျိုးများ ပိုင်နက် ဟုတ်မ ဟုတ်နှင့် တရုတ်ပြည်သို့ ကုန်သွယ်ရေးလမ်းကြောင်းရှာဖွေရန်ဖြစ်သည်။ သို့ဖြင့် ၄င်းတို့ရောက်ရှိလာ ကြသော အခါ ဗန်းမော်မြို့ဆိပ်ကမ်းတွင် ကချင်ပဒေသရာဇ်ဒူဝါဖြစ်သော ပုန်းလင်ဒူဝါကလာရောက်ကြိုဆို၏။ ဗိုလ်မှူးကြီးစလေ ဒင်နှင့် ဒေါက်တာအင်ဒါဆင်တို့သည် ပုန်းလင်ဒူဝါ၀တ်ဆင်ထားသော အ၀တ်အစားများအား ကြည့်ကာအံ့အား သင့်ခဲ့ကြ၏။ ခေါင်းတွင် ကချင်ခေါင်းပေါင်း၊ တရုတ်တို့၏သင်တိုင်းရှည်၀တ်ရုံ၊ ဗမာမင်းစီးသောရွှေဖိနပ်၊ နောက်ဖက်မှ ကျွန်များက ဗမာမင်းအသုံးပြုသော ရွှေထီး သို့မဟုတ် ထီးဖြူ ကိုမိုးထားပေးသည်ဆို၏။ ဗြိတိသျှ ကိုယ်စားလှယ်အဖွဲ့ကလည်း မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့၀တ် ဆင်ထားသနည်း`ဟုမေးသော် ပုန်းလင်ဒူဝါပြန်ပြောသည်မျာ ကချင်များ သည် မည်သည့်တရုတ်မင်း၊ ဗမာမင်း၏လက် အောက်မှ မဟုတ်သည်ကို ပြသလိုသဖြင့် ၀တ်ဆင်ထားခြင်း ဖြစ်သည်ဟူ ၍ဖြစ်၏။ သို့ဖြင့် ဗြိတိသျှ ကိုယ်စားလှယ်အ ဖွဲ့သည် ဗန်းမော်မြို့သာမက တရုတ်ပြည်သွားလမ်း ကြောင်းမျုားအား လုံးအား ကချင်များက ထိန်းချုပ် ထား သည်ကိုသိရှိ တွေ့မြင်ကြရတော့သည်။ သို့ဖြင့် ကချင်ဒူဝါများအား အကူအညီ တောင်း ကာ ကချင်လူမျိုး လမ်းပြများဖြင့် တရုတ်ပြည် ထိန်ချုံးသို့ ခရီးထွက်ကြလေသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဗြိတိသျှတို့အား ကချင်များက သင်္ကာမကင်း ဖြစ်သဖြင့် ၄င်းရည်ရွယ်ထားသည့် တရုတ်ပြည် ထိန်ချုံးမြို့၊ Tingchong (or) Tingyueh သို့မရောက်ရှိဘဲ လမ်းခုလပ်မှ ပြန်လာခဲ့ကြသည် ( Mandalay to Monmien, by Dr. Anderson.1876) . ပုန်းလင်ဒူဝါသည် ဗန်းမော်မြို့တွင်နေ ထိုင်ခြင်းမရှိ၊ ဗန်းမော်အောက်ပိုင်း ပုန်းလင်အရပ်တွင်နေ ထိုင်၏။ သို့သော်လည်း ဗြိတိသျှတို့အားကြိုဆိုရာတွင် မည် သည့်ဗမာမင်း၏ ကိုယ်စားလှယ်ကမှ ကြိုဆိုခြင်းမပြု၊ ကချင်ဒူဝါကကြိုဆိုခဲ့၏။ ဗန်းမော်ဒေသသည် ကချင်လူမျိုးများ ၏ ထိန်းချုပ်မှုအောက်တွင် ရှိခြင်းအားပြသခြင်း ပင်ဖြစ်လေသည်။ ထို့အတူ ဗန်းမော်မြို့တွင်းနေထိုင်ကြသောသူများအားလုံးသည် လည်း ပုန်းလင်ဒူဝါနှင့် အခြားသော ကချင်ဒူဝါများအား အခွန်အခ ပေးဆောင်ကြရလေသည်။ 
 1873 ခုနှစ် ဒီဇင်ဘာလတွင် ဇီင်္းလဖိုင်ဒူဝါသည် ၄င်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော မိုးကောင်း မြို့အား တိုက်ခိုက်ဖျက်ဆီးလိုက်ကြသည်။ (မိုးကောင်းဟုဆိုရာ၀ယ် ယခု လက်ရှိတည်ရှိသော မိုးကောင်းမြို့ နယ်တစ်ခုလုံးအား ဆိုလိုခြင်းမဟုတ်။ ထိုအချိန်က မိုးကောင်း မြို့သည် ဘေးပတ်လည် အိမ်ခြေနှစ်ရာ ခန့်သာရှိသောမြို့ ကလေးဖြစ် သည်ရှေ့မီနောက်မီ ကချင်လူကြီးများကဆို၏။ ရုတ်တရက်မစဉ်းစားဘဲ တွေးမြင်မိမည် ဆိုလျင် ယနေ့ တည်ရှိနေသော မိုးကောင်းမြို့နယ်တစ်ခုလုံးအလားထင်မှတ်ကြလေသည်။ )
 ထိုသို့တိုက်ခိုက်ဖျက်မီးရှို့ပစ်ရာတွင် မင်းတုန်းမင်းခန့်ထားသည်ဆိုသော မိုးကောင်းမြို့၀န် ဦးကုလားအား သတ်လိုက်ကြ၏ ( The Races of Burma, by Major Enriquez. 1935) ။ အကြောင်းရင်းမှာ ကချင်များထံ အခွန် ကောက်ရန်ဆောင်ရွက်လာကြခြင်းကြောင့်ဖြစ်သည်ဟုဆို၏။ ၄င်းမိုးကောင်းမြို့မှသံလမ်းအောက်ဖက်နန်းခွင်( ကချင် အမည် နမ်ခန်၊ Nam Hkan) အထိ၊ အနောက်ဖက် ကားမိုင်းမြို့အနီးအထိ၊ အရှေ့ဖက် ဧရာ၀တီမြစ်ရိုးအထိသည် ဇီးလဖိုင်ဒူဝါပိုင်နက်ဖြစ်၏။ ၄င်းဒေသတစ်ခုလုံးအားကချင်အမည်ဖြင့် ဇီးလဖိုင်ဒေသ ( Zi Lahpai mung) ဟုခေါ်၏။ ဇီးလဖိုင် ဒူဝါအုပ်ချုပ်၏။ ၄င်းဒေသနေသူများအားလုံးသည် ဇီးလဖိုင်ဒူဝါအား အခွန်ပေးဆောင်ရသည်မှာ ၁၉၆၄ ခုနှစ် ဒေသအ တွင်းမတည်မငြိမ်ဖြစ်လာချိန်အထိဖြစ်သည်။ ယင်းမတည်ငြိမ်မှုများကြောင်း  ဇီးလဖိုင်ဒူဝါ ဇော်နော် သည်လည်း မြစ်ကြီး နားမြို့ ဒူကထောင်ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။  ( စကားချပ်- ဇီးလဖိုင်ဒူဝါဆိုသည်မှာ ၁၇၉၈ ခုနှစ်နှင့် ၁၈၂၀ ဗမာမင်း၏တပ်၊ မဟာဗနုလဦးဆောင်သောတပ်များ အာသံ သို့စစ်ချီရာတွင် ဧရာ၀တီမြစ်ကြောင်းအ တိုင်းလှေ များဖြင့်တက်လာ၏။ မိုးကောင်းချောင်းမှတဆင့် ယခု မိုးကောင်းအရပ် တွင် ရှိနေသော ကချင်ပဒေသရာဇ် ဇီးလဖိုင်ဒူဝါနှင့်တွေ့ဆုံကာ စစ်ရေးအကူအညီတောင်းခံ၏၊ ဇီးလဖိုင်ဒူဝါမှ အခြားသော ကချင်ပဒေသရာဇ် ဒိုင်ဖာဒူဝါ၊ ဆမားဒူဝါ၊ အစရှိသူတို့အားဆက်လက်အကူအညီတောင်းကာအာသံသို့စစ်သည်၇၅၀၀ ဖြင့်လိုက်ပါကူညီတိုက်ခိုက် ပေးခဲ့ကြ၏၊ ( ဦးတင်မောင်ရင်၊ ခေတ်မြန်မာတည်ဟန်၊ The Making of Burma. Dorothy Woodman) 
 ၁၈၇၃ ခုနှစ် မိုးကောင်းအား ကချင်ဒူဝါများတိုက်ခိုက်ဖျက်ဆီးရာတွင် ၄င်းကျေးရွာ သူကြီးဖြစ်သာ ဦး------အား ဆမားဒူဝါဂွမ်ဆိုင်းလီက မြေပေါ်တွင် နင်းထားကာ ခေါင်းအားသေ နတ်ဖြင့်တေ့ ကာ ပစ်သတ်မည်ပြု၏။ ထိုအခါ ၄င်းသူကြီးက သူ့အားအသက်ချမ်းသာပေးစေလိုကြောင်း၊ ကချင်များနှင့် ညီအစ်ကိုမ ဟာမိတ်ဖွဲ့လိုကြောင်း၊ ကချင်များညွှန်ကြားသည့်အတိုင်း ပြန်လည်ဆောင်ရွက်နေထိုင်ပါ မည်ဟုတောင်း ပန်သော ကြောင့်  အသက်ချမ်းသာပေး၏။ နောက်ပိုင်း ဗြိတိသျှတို့နှင့် တိုက်ခိုက်ရာ တွင် အင်အားမမျှသဖြင့် ကချင်များ နှင့်အတူ မြောက်ပိုင်း တြိဂံဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ သူကြီးကတော်မှာလည်း မြောက်ပိုင်း တြိဂံဒေသ တွင်ကွယ် လွန်ခဲ့သည်။ နောက်ပိုင်း တည်ငြိမ်အေးချမ်းလာသောအခါတွင်မှ မိုးကောင်းမြို့သို့ ပြန်လည်နေထိုင်ခဲ့ကြသည်။ မိုးကောင်း၊ ကားမိုင်းဖက်တွင် နေထိုင်ကြသည့် ကချင်များ၏ ဗြိတိသျှတို့အား ခုခံတိုက်ခိုက်မှုသည် အလွန်ကျော်ကြား သော ခုခံမှုပင်ဖြစ်ခဲ့သည်။ ထိုသို့ ခုခံတိုက်ခိုက်ရာတွင် ကချင်မှ လွဲ၍ အခြားမည်သည့် လူမျိုးများမှ ကူညီခြင်း၊ ပါ၀င်တိုက်ခိုက်ခြင်းမရှိကြချေ။ ဗမာလူမျိုးများလည်းမရှိ။ အကြောင်းမှာ ကချင်ပိုင်ဒေသဖြစ်သော ကြောင့်ပင်ဖြစ်သည်။ (ယခင်ပြည်ထောင်စု၀န်ကြီး နှင့် ကချင်ပြည်နယ်၀န်ကြီး ဆမားဒူဝါ ဆင်ဝါးနောင်၏သား၊ ဆမားဒူဝါ ကျော်ဖားနော် ၏ နှုတ်ပြောသမိုင်း) 
 ၁၈၈၅ ခုနှစ် ဒီဇင်ဘ ာလတွင်မန္တလေးရှိ ဗမာမင်းနေပြည်တော်အား ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှ တို့သည် ၄င်းတို့ လေ့လာထားပြီးဖြစ်သည့် မည်သူမျှမပိုင်သည့် ( No man’s land) ကချင်ဒေသ အားသိမ်းပိုက်ရန် ချီတက်လာကြတော့သည်။ ကချင်ဒေသသို့ ဗြိတိသျှတို့ချီတက်လာရာတွင် မည်သည့်ဗ မာမင်း၏ စစ်သည်ကမှ ခုခံတိုက်ခိုက်ခြင်းမရှိခဲ့၊ ဗမာလူမျိုးများလည်းမရှိ၊ ဖုန်ကန်ဒူဝါ၊ လဖိုင်ဒူဝါ၊ မတင်ဒူဝါ၊ မထန်ဒူဝါ၊ လထော်ဒူဝါ၊ မိုင်ရောန်းဒူဝါ၊ ဆမားဒူဝါ အစရှိသော ဒူဝါများနှင့် ကချင်လူမျိုးများက ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ကြ သည်။ ဗြိတိသျှတို့အား ကချင်လူမျိုးများခုခံတိုက်ခိုက်မှုသည် လူဦးရေအနည်းဆုံးနှင့် သက်တမ်းအကြာဆုံးဖြစ်ကြောင်း ဗြိတိသျှ တို့ပင်သြချကာ ၀န်ခံခဲ့ကြရလေသည်။ 
 ၁၉၄၆ နို၀င်ဘာလ နှင့် ဒီဇင်ဘာလတွင် ဦးအောင်ဆန်းသည် ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားမြို့ သို့ရောက် ရှိလာ၏။ အကြောင်းမှာ ကချင်-ဗမာချစ်ကြည်ရေးပြုလုပ်ရန်ဖြစ်၏။ ထိုသို့ရောက်ခိုက်တွင် ဟိုပင်ဒေသနေ သခင်ပြန့်ဦး ဆောင်သည့် ဖဆပလအဖွဲ့၀င်များလည်း ဦးအောင်ဆန်းအားလာရောက်တွေ့ဆုံကြ၏ ( စကားချပ်-ထိုအချိန်တွင် မြစ်ကြီးနားမြို့တွင်ဖဆပလအဖွဲ့မရှိသေးချေ၊ဟိုပင်ကျေးရွာ၌သာရှိသည်) ထို့နောက်၄င်းတို့ကဗိုလ်ချုပ်အောင် ဆန်းအား တင်ပြသည့်အချက်တစ်ချက်မှာကချင်ဒူဝါများအားကချင်မဟုတ်သူများကအခွန်ဆောင်နေရကြောင်း၊ ကချင်မဟုတ်သူ များသည်ကချင်ဒူဝါများအားအခွန်မပေးလိုတော့သဖြင့်၄င်းအခွန်ပေးဆောင်မှုဥပဒေအားရုပ်သိမ်းပေးနိုင်ရန် တောင်းဆို ကြ၏။ ထိုအခါ ဦးအောင်ဆန်းက `` ဘယ်အချိန်ကနေပေးဆောင်နေရသလဲ´´ ဟုပြန်မေး၏။ သခင်ပြန့်နှင့် အဖွဲ့က လည်း “ဘိုးဘွားခေတ်ကတည်းကနေအခွန်ပေးနေရကြောင်း” ပြန်ပြော၏။ ထိုနောက် ဦးအောင်ဆန်းမှ ပြန်ပြော သည်မှာ “ဒီလိုဆိုဆက်ပြီးပေးကြ”ဟူ၍ဖြစ်သည်။ (ဦးဖော်ယူနောင်ဘား၊ ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်-ကချင်ရိန်း ဂျားတပ် ဖွဲ့၀င်ဖြစ်ပြီး၊ ကချင်သမိုင်းကြောင်းနှင့်ပတ်သက်သည့် သမိုင်းဘာသာပြန် စာအုပ်မြောက်များ စွာ ထုတ်ဝေခဲ့သူ ၏ပြောပြ ချက်) ။ ကချင်ဒေသအား အုပ်ချုပ်သူသည် ဦးအောင်ဆန်းမဟုတ်ဘဲ၊ ဘုရင်ခံမှ တိုက်ရိုက်အုပ်ချုပ်သည်ကို ၄င်းဖဆပလ အဖွဲ့၀င်များသိဟန်မတူချေ။ ၄င်းတို့အခွန်ပေးဆောင်ရသော ကချင်ဒူဝါများမှာ ဇီးလဖိုင်ဒူဝါ၊ ဝါ့ဘော်ဒူဝါ၊ နော့ဂူဒူဝါ အစရှိသည့် ကချင်ဒူဝါများ ပင်ဖြစ်ကြလေသည်။ အထက်ဖော်ပြပါ ဟိုပင်ဒေသသည် ဝါ့ဘော်ဒူဝါ ၏ ပိုင်နက်ဖြစ်သည် ( ယခင်ကချင်ပြည်နယ် ၀န်ကြီးဟောင်း နှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးသူ ပဒေသရာဇ်ဒူဝါ ဝါ့ဘော်ဇော်ရစ် တို့မိသားစု ၊ ကနဦးပိုင်ဆိုင်သူမှာ ဇီးလဖိုင်ဒူဝါဖြစ်ပြီး ဒူဝါကြီးမှ ၄င်း၏ခမည်းခမက်တော်စပ်သော ဝါ့ဘော်ဒူဝါအား နယ်မြေခွဲ ပေး ခြင်းဖြစ်သည်)
 ၄င်းဒေသအား အုပ်ချုပ်အခွန်ကောက်သည့် ဝါ့ဘော်ဒူဝါသည် ဟိုပင်မြို့တွင်းနေထိုင်ခြင်းမရှိ၊ ၄င်းသည် ဝါ့ဘော် ဘွမ်အမည်ရှိ တောင်ပေါ်တွင် အခြွေအရံအသင်းပင်းပြည့်စုံစွာဖြင့်နေထိုင်၏။ ( ဝါ့ဘော်ဘွမ်=ဝါ့ဘော်တောင်) ။ သို့ သော်လည်း ဟိုပင်ဒေသတခွင်လုံးနေ ကချင် နှင့် ကချင်မဟုတ်သူများအားလုံးသည် ဝါ့ဘော်ဒူဝါအား အခွန်ပေး ဆက် ကြရသည်။ ဟိုပင် ဆိုသောအမည်မှာလည်း ကချင်အမည် Hkupang မှဆင်းသက်လာခြင်းဖြစ်ကာ ၄င်းဒေသ နေသူ များအားလုံးသည် ဝါ့ဘော်ဒူဝါများထံ အခွင့်တောင်းကာနေထိုင်သူများ၊  ဒူဝါမှ နေရာချထားပေး သောသူများ ပင်ဖြစ် ကြလေသည်။  
 လွတ်လပ်ရေးမရယူမီအချိန်အထိ မိမိပြည်ထောင်နှင့် မိမိတို့ သီးသန့်နေထိုင်ခဲ့ကြစဉ် ကချင်၊ ချင်း၊ ရှမ်း ဒေသများအား ဗြိတိသျှတို့က Frontier Area ဟုခေါ်ဝေါ်ခဲ့ကြသည်။ အမှန်လည်း နယ်ခြားပြည်ထောင်များသာ လျင်ဖြစ် သည်။ ထို့ကြောင့် ၄င်းဒေသများအား ဗြိတိသျှအစိုးရက တိုက်ရိုက်အုပ်ချုပ်သည်။ ဗြိတိသျှတို့သည် ရှမ်းပဒေသရာဇ်၊ ကချင်ပဒေသရာဇ်၊ ချင်းပဒေသရာဇ် တို့အား နဂိုမူလ ၄င်းတို့၏ အခွင့်အာဏာများကို ပြန်လည်ပေးအပ်ခဲ့သည်။ ဗြိတိသျှအစိုးရအား သစ္စာခံရန်သာလိုအပ်သည်။ ကချင်၊ ချင်း၊ ရှမ်း ဒေသများသို့ ဗမာလူမျိုးအမှုထမ်းအချို့ ရောက်လာ ကြသည်။ သို့သော်လည်း ၄င်းတို့သည် ဗမာမင်း၏ အမှုထမ်းများမဟုတ်ကြဘဲ ဗြိတိသျှ အစိုးရ မင်းမှုထမ်းများသာ လျင်ဖြစ်သည်။ ဖဆပလ အစိုးရဟုခေါ်ဝေါ်သည့်တိုင် ၄င်းတို့သည် ကချင်၊ ချင်း၊ ရှမ်း ဒေသများအားအုပ်ချုပ်ခွင့်မရှိ၊ Burma Proper ဖြစ်သော ဗမာဒေသနှင့် ဗမာလူမျိုးများတွင်သာ အုပ်ချုပ်ခွင့်ရှိကြလေ သည်။ 
 ကချင်နဲ့မြေပြန့် ဘာဆိုင်လို့လည်း ဟူသောစကားအား လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်မှ စတင်ကြား လာရသည်။ တချို့သောသူများက တီးတိုးပြောဆိုသလို၊ အချို့မှာ ပေါ်ပေါ်တင်တင်ပင်ပြောဆိုလာကြသည်။ ယင်းစကား အား ပြောဆိုချင်နေသည်မှာ ကြာမြင့်နေပြီဟုလည်းထင်မြင်ရသည်။ သမိုင်းကြောင်းမသိသောသူများ (သို့) သိလျက်ပင် ကချင်ဒေသာအား၊ ကချင်လူမျိုးများအား နှိမ့်ချလိုသောဆန္ဒ၊ ကချင်ဒေသမှ ကချင်လူမျိုးများနှင့် သမိုင်းကြောင်းအား ဖြောက်ဖျက်လိုသော ဆန္ဒများကြောင့်သာလျင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်မည်မှာသံသ ယဖြစ်စရာအကြောင်းမရှိချေ။ 
 အချို့နေရာဒေသများသည်လည်း ကချင်အမည်မဟုတ်ပါဟုပြောဆိုမှုများအများအပြားပင်ရှိနေပြီဖြစ်သည်။ မှန်ပါ သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအချိန်များတွင် ကချင်ဒေသတွင် ဗမာအမည်ဖြင့် မှည့်ခေါ်သော ဒေသအ မည်မရှိ သလောက်ဖြစ်သည်။ ကချင်ဒေသအားလုံးသည် ကချင်ပဒေသရာဇ်ဒူဝါများ ပိုင်ဆိုင်ထားပြီး ပိုင်နက်အမည်နာမ လည်းရှိပြီး သားဖြစ်သည်။ လထော်ဂါး ( လထော်ဒူဝါ မျိုးနွယ်စုများပိုင်ဒေသ)၊ လဖိုင်ဂါး ( လဖိုင် ဒူဝါမျိုးနွယ်စုများ ပိုင်ဒေသ)၊ မရန်ဂါး ( မရန် ဒူဝါမျိုးနွယ်စုများပိုင်ဒေသ) ၊ အင်ခွမ်ဂါး ( အင်ခွမ် ဒူဝါမျိုး နွယ်စုများပိုင်ဒေသ) မရစ်ဂါး (မရစ် ဒူဝါမျိုးနွယ်စုများပိုင်ဒေသ  )၊ စသည်ဖြင့် နယ်မြေအားလုံးသတ်မှတ်ရှိပြီးသားဖြစ်၏ ထို့ပြင် တရုတ်ပြည် ဖက်တွင်လည်း ရှဒန်ကရုန် ( Shadan krung) အင်ခွမ်ကရုန် ( NHkum krung) အိန္ဒိယ နိုင်ငံ အာသံဒေသရှိ ကချင်ဒူဝါ များသည် ရှေးယခင်ပဒေ သရာဇ်အာဏာများအား ယခုတိုင်ကျင့်သုံးနေဆဲပင်ဖြစ်သည်။ အိန္ဒိယ အစိုးရမှလည်းခွင့်ပြုထား ဆဲပင်ဖြစ် သည်။ 
 မြန်မာ ဘာသာအားဖြင့် တောင်တန်းဒေသဟုအမည်ကင်ပွန်းတပ်ခြင်းပြုသော်လည်း ကချင်လူမျိုးများကိုယ်တိုင် ဂျိန်းဖေါစကားဖြင့် ဂျိန်းဖေါမုန်းဒန် (Jinghpaw Mungdan) ၊ မြန်မာလိုဖွင့်ဆိုရလျင် ဂျိန်းဖေါနိုင်ငံ၊ ဂျိန်းဖေါ ပြည်ထောင် ပင်ဖြစ်သည်။ တောင်တန်းဒေသဖြစ်သော်လည်း ကချင်လူမျိုးများ၏နိုင်ငံပြည်ထောင်ပင်ဖြစ်သည်။ လွန်လပ်ရေးရပြီး နောက် ဗမာအများကြီးစိုးသော အစိုးရအဖွဲ့က ဒေသအမည်များအား ဗမာမှုအမည်ပြုခဲ့ကြလေသည်။ ဥပမာ ယခုမိုး ကောင်းမြို့နယ် ပင်းဘောကျေးရွာ အမည်ရင်းသည် ကချင်အမည် Bang Baw ဖြစ်သည်။ ယခင်ကာလ က ကချင်ပ ဒေသရာဇ် Bang Baw  Duwa ပိုင်ဖြစ်သည်။ ၄င်း၏အောက်နားဖက် ယခုလက်ရှိအမည် ဘီလူးမြို့သည်လည်း ကချင် ပဒေသရာဇ် Balu Duwa ( ဘ လူးဒူဝါပိုင်) ပိုင် ဘလူးဂါး၊ ဘလူးဒေသပင်ဖြစ်သည်။ ၄င်းကိုလည်း မြန်မာမှုပြုကာ ဘီလူး ဟု ပြောင်းပြန်သည်။ ရွှေကူဒေသ ရှိကချင်အမည် Sharat ta အား ဗမာအမည်ဖြင့် သရက်သာပြုသည်။ မြန်မာအ မည် မြန်မာမှုပြုပြီးနောက် ကချင်နှင့်မသက်ဆိုင်ဟု ဆိုလာကြပြန်သည်။ ဗမာအခေါ်မဲဇာသည်လည်း ကချင်ပဒေသရာဇ် မိုင်ရောင်း ဒူဝါ Mairawn Duwa ၏ Myen Za အမည်ရှိဒေသဖြစ်၏။ မြန်မာလိုရေးရာတွင် အတိအကျမရေးနိုင်ရာ Me Za မဲဇာ အမည်ဖြစ်သွား၏။  တစ်နိုင်ငံလုံး မသိသူမရှိဖြစ်သောမြစ်ဆုံ တန်ဖရဲကျေးရွာကြီးအားဖျက်ဆီးပြီး ရွာကိုပါ ပြောင်းရွှေ့ပစ်သည်။အောင်မြင်သာဟူသောအမည်မှည့်ခေါ်သည်။
 ကချင်ဒေသ သည်တောင်တန်းဒေသဖြစ်သည်မှာမှန်၏။ သို့သော်လည်း မြေပြန့်များလည်းရှိချေ၏။ အထက် ဖော်ပြခဲ့ သည့် ဇီးလဖိုင် ဒူဝါ ပိုင်နက်ဖြစ်သော ဇီးလဖိုင်ဂါး၊ ဆမားဒူဝါ၊ ဒိုင်ဖာဒူဝါ၊ လဂျောန်ဒူဝါ၊ အနိုင်းဒူဝါ အစရှိသဖြင့် ဒူဝါများပိုင်ဆိုင်သောဟူးကောင်းလွင်ပြင်၊လထော်မျိုးနွယ်ဒူဝါများပိုင်ဆိုင်သည့်မြစ်ကြီးနားလွင်ပြင်များဖြစ်သည်။ လွင်ပြင် မြေပြန့်ဒေသအားလုံးသည်လည်း ကချင်ပဒေသရာဇ် ဒူဝါများ ပိုင်ဆိုင်အုပ်ချုပ် အခွန်ကောက်ခဲ့ကြသည်။ ကချင်ဒေသ၏ ဆယ်ရာခိုင်နှုန်းခန့်သာလျင် မြေပြန့်ဟူ၍သတ်မှတ်နိုင်သည်။ နည်းပါးသော်လည်း ကချင်ဒူဝါများသာပိုင်ဆိုင်ခဲ့ကြသည်။ ဗြိတိသျှမရောက်မီအချိန်အထိ မည်သည့် ဗမာ မင်းလက်အောက်ခံကမှ ၀င်ရောက်စွက်ဖက်နိုင်ခြင်းမရှိခဲ့၊ ရောက်လာ သူအချို့မှာလည်းကချင်ဒူဝါများထံအကူအညီတောင်းခံခြင်းသာရှိခဲ့လေသည်။ ( ဥပမာမဟာဗန္ဒုလအာသံသို့ စစ်ချီရာ တွင် မိုးကောင်း ရှိ ကချင်ပဒေသရာဇ် ဇီးလဖိုင်ဒူဝါများအား အကူအညီတောင်းခြင်း၊ နယ်မြေဖြတ်သန်းခွင့် တောင်းခြင်း) 
 ကချင်ဒေသအားမှည့်ခေါ်ရာတွင် ကချင်အမည် ဘွမ် ( Bum)၊ ကောင် ( Kawng) ၊ ယန် ( Yang) ၊ ဂါး ( Ga) စသည်ဖြင့်မှည့်ခေါ်ခဲ့ကြလေသည်။ ဆဒုံးဘွမ်၊ ဂေါ်ရီဘွမ်၊ အူမားဘွမ်၊ အလောဘွမ်၊ စိန်လုံဘွမ်၊ အူဒီဘွမ်၊ လွယ်ယန်ဘွမ်၊ ဝါ့ဘော်ဘွမ်၊ ဒိုင်ဖါဘွမ်၊ မဂျီဘွမ်၊ ဖုန်ကန်ဘွမ်၊ နားဖေါ့ဘွမ်၊ ပါဂျောင်ဘွမ်၊ လမာဘွမ်၊ လဖိုင်ဂါး၊ မရန်ဂါး၊ အင်ခွမ်ဂါး၊ လထော်ဂါး၊ ပဒစ်ဂါး၊ မရန်ဂါး၊ လိုင်ဆိုင်းဂါး၊ ကံဆီးဂါး၊ ဂါးရာယန်၊ ဒေါ့ဖွမ်းယန်၊ နမ့်ဆန်ယန်၊ ကန်ဒေါ်ယန်၊ လွယ်လီယန်၊ မဒီးယန်၊ နွမ်မော်ယန်၊ ဂတ်ရှန်ယန် ၊ လုံရှာယန်၊ ရှိန်ဗွေယန်၊ ဆွမ်ပီယန် စသည်ဖြင့်မှည့်ခေါ်ကြလေသည်။ 
 Shingni Journal အတွဲ (၃) အမှတ်(၄) ပါ 
မြေပြန့်နဲ့ ကချင် ဘာဆိုင်လို့လည်း အမည်ရှိ ဆောင်ပါးအား၊  ဖော်ပြပါသည်။ ( Kareng Bawm Awn) 
“မြေပြန့် နဲ့ ကချင်ဘာဆိုင်လို့လည်း”
ကေဘောမ်အောန်း ( နန်သျှရီ )