Saturday, October 3, 2009

Malaysia UN shiga ထိုင်းနယ်စပ် ဒုက္ခသည်အထိ ဂယက်ရိုက်

ဝီရ / ၁ အောက်တိုဘာ ၂၀၀၉
http://www.khitpyaingnews.org/news/Oct09/010909b.php
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မလေးရှားနိုင်ငံတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတို့အား ရှေ့လတွင် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် သောင်းချီထုတ်ပေးမည့် သတင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များက မလေးရှားနိုင်ငံသို့ ကူးပြောင်းရန် စီစဉ်နေကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ စံခရဘူရီခရိုင်၊ ဘန်တောင်ယန်း ဒုက္ခသည်စခန်းတွင် (၃) နှစ်ကြာ နေထိုင်ခဲ့သော်လည်း ဒုက္ခသည်အသိအမှတ်ပြု လက်မှတ် မရရှိသေးသူ ကိုနိုင်အောင်မွန် ဆိုသူက “အခု မလေးရှားမှာ ယူအန်က ဒီလိုလုပ်လို့ ဒီစခန်းထဲက ကတ်မရှိသေးတဲ့ သူတွေအားလုံးလိုလို မလေးရှားကို ကူးချင်နေကြတယ်။ ဒါပေမယ့် ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ သွားနိုင်ကြတာပေါ့။ မယားနဲ့ သားသမီးနဲ့ လူတွေကျတော့ သွားဖို့က မလွယ်ဘူးလေ။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ ကတ်မရှိတဲ့သူအားလုံးက သွားချင်နေကြတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မလေးရှားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတို့အား ယခုကဲ့သို့ အရေအတွက် အများအပြားအဖြစ် ဒုက္ခသည် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မွန်တိုင်းရင်းသားများအတွက် ဒုက္ခသည်အသိအမှတ်ပြု လက်မှတ် (၃,၀၀၀) ခန့် ပါရှိကြောင်းလည်း မလေးရှားနိုင်ငံရှိ မွန်ကယ်ဆယ်ရေးအဖွဲ့မှ ကိုပါအေးနွန်က ပြောသည်။

"မလေးရှားကို ရောက်နေတဲ့ တရားမဝင် မွန်တိုင်းရင်းသားတွေကိုလည်း ဒုက္ခသည်အဖြစ် အခုလို အသိအမှတ်ပြုပေးဖို့ နှစ်ဆန်းပိုင်းတုန်းက မွန် (၅,၀၀၀) လောက် စာရင်းသွင်းထားကြတယ်။ အဲဒါကြောင့် လာမယ့်အောက်တိုဘာ (၁၅) ရက်နေ့ ကျရင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူ (၃,၀၀၀) လောက်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှာ ဖြစ်တယ်” ဟု ကိုပါအေးနွန်က ပြောသည်။

ဘန်ကောက်မြို့မှ ထိုင်းတောင်ပိုင်း ဟတ်ယိုင်နယ်စပ်ကတဆင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ရောက်ရှိရန် လူတဦးအတွက် တရားမဝင်လမ်းကြောင်းမှ စရိတ်စကအဖြစ် ဘတ်ငွေ (၂) သောင်းခွဲ ကုန်ကျကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည်ဆိုခြင်းကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တို့က အခွင့်အရေးကောင်းတရပ်အဖြစ် မြင်ကြသောကြောင့် ထိုင်းနိုင်ငံမှ ထွက်ခွာသွားသူ အများအပြားရှိကြောင်း တက်ခ်ခရိုင်မှ ဒုက္ခသည်လက်မှတ်ရရန် (၂) နှစ်ကျော် စောင့်ဆိုင်းနေသူတဦးက ပြောသည်။

၎င်းက “မဲဆောက်ဘက်က စခန်းတွေက လုပ်ကိုင်တာ ကြာတယ်လေ။ မျှော်လင့်ချက်လည်း နည်းတယ်။ အပြင်ထွက်ပြီး အလုပ်လုပ်လို့မရဘူး။ ကိုယ့်ပိုက်ဆံရှိမှ နေလို့အဆင်ပြေတယ်။ ဒါကြောင့် မလေးရှားမှာ ခေါ်ပြီဆိုတာနဲ့ သွားချင်ကြတာပေါ့။ ဟိုမှာက အဲဒီကတ်ရရင် အလုပ်လည်း လုပ်လို့ရတယ်။ အကူအညီတွေလည်း ရတယ်။ လုံခြုံရေးအတွက်လည်း မစိုးရိမ်ရဘူးလေ” ဟု ပြောသည်။

မလေးရှားနိုင်ငံမှ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် မြန်မာနိုင်ငံသားများအနက် ရိုဟင်ဂျာမှာ အများဆုံးဖြစ်ပြီး ချင်း၊ ကချင်၊ ရခိုင်နှင့် မွန်တို့လည်း ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ (၆) ထောင်မှ သောင်းဂဏန်းနီးပါး ရှိကြသည်။