တံခါးမကြီးဘောင်ကို တွယ်ဖက် ဆုပ်ကိုင်ထားတဲ့ မနှင်းပွင့်ဖြူရဲ့လက် လွတ်လိုက်ရပြီး Karoiရင်းနားထိ လွင့်စင် ကျရောက်သွားပါတယ်။
မနှင်းပွင့်ဖြူရဲ့ဝိညာဉ် karoi ခြေရင်းကို ကျရောက်သွားတဲ့နောက်မှာတော့ numjang ပေါ်တင်ထားတဲ့ sawmခေါ် သေဆုံးသွားသူရဲ့ အဝတန်ဆာများကို karoiခြေရင်းမှာ လာစုပုံထားကြတယ်။ Numjang ကိုလည်း ဖျက်ပစ်လိုက်ပြီး karoiရင်းမှာ စုပုံ ပစ်ထားကြတယ်။ Kabum dum, ndaw kahkrang အကမှာ ကိုင်တဲ့ အရာများကိုလည်း karoi ရင်းမှာ စုပုံ ပစ်ထားကြကာ အကကိုလည်း karoiမှာဘဲ ဝိုင်းပတ်က အဆုံးသတ်လိုက်ကြပါတယ်။
နတ်ဆရာက နတ်ဝင်စကား ကဗျာ၊ အလင်္ကာများဖြင့် မနှင်းပွင့်ဖြူရဲ့ ဝိညာဉ်ကို Tsu Ga ခေါ် နတ်ဘုံ/ဝိညာဉ်ဘုံကို ဆက်လက် လမ်းညွှန် ပို့ဆောင်နေပါတယ်။
“မင်းရဲ့ အဝတ်တန်ဆာများ၊ လမ်းခရီးမှာ စားသောက်ဖို့ အစားအစာများကိုလည်း တပါတည်း ယူဆောင်သွားပါ” လို့ မနှင်းပွင့်ဖြူကို မှာကြားနေပါတယ်။
မနှင်းပွင့်ဖြူလည်း ရွာအပြင်ဖက် ရောက်မသွားအောင် karoi(ဝါးရုံ)ရှိ ဝါးလုံးများကို အတင်းဆုပ်ကိုင်ထားနေပြန်ပါတယ်။ Kaoiနဲ့ မလှမ်းမကမ်းမှာ မျက်နှာညိုးငယ်လျက် ရပ်နေတဲ့ ချစ်သူဘခက်ကိုလည်း သူ့ကိုကူညီဆွဲထားဖို့ အော်ဟစ်ငိုယိုပြီး အကူအညီ လှမ်းတောင်းပါတယ်။ ဒါပေမဲ့ ချစ်သူဘခက်က မနှင်းပွင့်ဖြူကို မမြင်ရ၊ သူ့ရဲ့အော်ဟစ် ငိုကြွေး အကူအညီတောင်းသံကိုလည်း လုံးဝမကြားရပါ။
ချစ်ရသူ မနှင်းပွင့်ဖြူနဲ့ ထာဝရဝေးကွာ အဆုံးသတ်ရတော့မှာမို့ ဘခက်လည်း ဖြေမဆယ်နိုင်လောက်အောင် ခံစားနေရပါတယ်။ ယောင်္ကျားတန်ပေမဲ့ ရင်ထဲက သောကဝေဒနာမီးကြောင့် သူ့မျက်လုံးအိမ်ထဲ မျက်ရည်တွေ ပြည့်လျှံလျက် တစ်စက်စက် ကျနေပါတယ်။
မနှင်းပွင့်ဖြူလည်း နတ်ဆရာထံက ပြင်းအားမြင့် လေပွေလှိုင်းတန်ခိုးကြောင့် karoiမှ ဝါးလုံးများကို ဆုပ်ကိုင်ထားတဲ့လက်ကို လွတ်လိုက်ရပါတယ်။ ရွာအပြင်ဖက် ကျရောက်မသွားအောင် ရွာအတွင်းရှိ သစ်ဝါးပင်များကို မနှင်းပွင့်ဖြူ ဆက်လက်ဆုပ်ကိုင် ဖက်တွယ်ထားနေပြန်ပါတယ်။
ဒါပေမဲ့ နတ်ဆရာထံက ပြင်းအားမြင့် လေပွေလှိုင်းများနဲ့အတူ ဝဲပျံလာတဲ့ လှံတံများကြောင့် သူလက်လျှော့လိုက်ရပြီး ရွာအပြင်ဖက် လွင့်စင် ကျရောက်သွားပါတော့တယ်။
နောက်တော့ နတ်ဆရာညွှန်ကြားတဲ့အတိုင်း မနှင်းပွင့်ဖြူလည်း ငိုရှိုက်ကာ ချစ်သူဘခက်နဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီး လူ့ဘုံလောကမှ နှုတ်ဆက်ကာ နတ်ဘုံကို ခရီးဆက်ခဲ့ရပါတယ်။
တနေ့ကုန် ခရီးဆက်ခဲ့ရာမှ ညနေစောင်း နေညိုချိန်မှာ Numhpraw hkaခေါ် လူ့ဘုံလောကနဲ့ နတ်ဘုံ/ဝိညာဉ်ဘုံတို့ကို ခြားထားတဲ့ မြစ်ကြီးတစ်ခုနား ရောက်သွားပါတယ်။
နတ်ဆရာက “Nang e shinggyim hkagwi raw u, mana kanraw mung jahpring u”ဆိုပြီး ရေချိုးသန့်စင် အစားအသောက်များ သုံးဆောင်ခိုင်းပါတယ်။
ရေချိုးသန့်စင် အစားအသောက်များ သုံးဆောင်ပြီးနောက် မြစ်ကြီးကို ဖောင်နဲ့ကူးသွားကြပါတယ်။
နတ်ဆရာဟာ မနှင်းပွင့်ဖြူရဲ့ဝိညာဉ်ကို သူ့ရဲ့ ဘိုးဘေးများရဲ့ ဝိညာဉ်များစုဝေးရာအရပ် Tsu Minla Gaကို အရောက်ပို့ဆောင်ထားခဲ့ပြီး ပြန်သွားပါတယ်။
ဘခက်နဲ့ မနှင်းပွင့်ဖြူတို့လည်း ဘဝခြားခဲ့ကြပြီမို့ သူတို့နှစ်ယောက်ရဲ့ ချစ်မေတ္တာနှောင်ကြိုးလည်း ပြတ်သွားခဲ့ကြလေပြီ။
(ကချင်လူမျိုးများ နတ်ဂျော့/နတ်စားခေတ်ကာလ သေဆုံးသွားသူများ၏ ဝိညာဉ်ခေါ် လိပ်ပြာ မည်သို့ဖြစ်သွားသည်၊ မည်သည့် အရပ်သို့ ပို့ဆောင်ခဲ့ကြကြောင်း ယနေ့လူငယ် မောင်မယ်များအား သိစေလို၍ ဤအခန်းဆက်ဝတ္ထုကို ရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ ဝတ္ထုရှည်သွားပြီး စာဖတ်သူများငြီးငွေ့သွားမည် စိုးရိမ်မှုကြောင့် နတ်စားခေတ် ဝိညာဉ်ပို့လွတ်ခြင်း အဆင့်အချို့ ချန်လပ်ထားခဲ့ရပါသည်။)
အားလုံးကို အစဉ်လေးစားလျက်-
Du Htoi Ning Ru