Thursday, December 15, 2022

The James Henry Green Collection - 1918-1935 (Historical Photography in Kachin State: An Update on the Impact of the James Henry Green Collection of Photographs)

By Nunglami Blog

A SA DU SHANG CHYAI AI NI YAWNG HPE KABU GARA HKAPTAU LA GA AI."
goog_113569773

Read more »

Friday, April 22, 2022

မေတ္တာနှောင်ကြိုးတစ်မျှင် (II)ဒုတိယပိုင်း Nat Jaw htung Tsu shawawn ai lam

 မေတ္တာနှောင်ကြိုးတစ်မျှင် အခန်းဆက်

By du Htoi ning ru
ဒုတိယပိုင်း(အခန်း-၁)
Dumsa Wa(နတ်ဆရာကြီး)ဟာ အိမ်ဦးခန်းရှိ numjangခေါ် သေဆုံးသွားသူရဲ့ အဝတိတန်ဆာများတင်ထားရာ စင်နားမှာ ကျကျနနထိုင်ပြီး နတ်ဝင်သည်စကား ကဗျာအလင်္ကာများဖြင့် Hpraw Sha(နှင်းပွင့်ဖြူ)ရဲ့ဝိညာဉ်ကို Tsu Ga(ဝိညာဉ်ဘုံ)သို့ ပို့လွတ်နေပါတယ်။ Numjang ပေါ်မှာ rapding nhtuခေါ် မခုတ်ဓါးကိုတင်ထားပြီး လှံရှည်တစ်ချောင်းကိုလည်း ထောင်ထားတယ်။ Numjangစင်ရှေ့မှာ သေဆုံးသွားသူရဲ့ဝိညာဉ်အား မိဘဆွေမျိုးများက ဂါရဝပြုထားတဲ့ bunghku hkungga lit (ပူဇော်ယစ်)များကို ထားကြပါတယ်။
နှင်းပွင့်ဖြူဟာ ချစ်ရသူဘခက်ရှိနေတဲ့ လူ့လောကမှ ခွဲထွက်မသွားလိုတာကြောင့် အိမ်ခန်းမအလယ်ရှိ အိမ်တိုင်မကြီး(dawhpum)ကို အတင်းဖက်တွယ်ထားနေပါတယ်။ နတ်ဆရာကြီးလည်း နတ်ဝင်သည်စကားဖြင့် အဆက်မပြတ် ရေရွတ် ပို့ဆောင်နေပါတယ်။
နတ်ဆရာကြီးထံမှ ပြင်းအားမြင့် လေပွေလှိုင်းများကြောင့် တိုင်မကြီးကိုဖက်တွယ်ထားရာမှ အိမ်အဝင် တံခါးမကြီးနားထိ မနှင်းပွင့်ဖြူ လွင့်စင်သွားပါတယ်။ အိမ်အပြင်ဖက်ကို ကျရောက်မသွားအောင် မနှင်းပွင့်ဖြူဟာ တံခါးမကြီးဘောင်ကို အတင်းဖက်တွယ်နေပြန်ပါတယ်။
ချစ်သူနှင်းပွင့်ဖြူရဲ့ဝိညာဉ်ကို ပို့လွတ်နေတဲ့ နတ်ဆရာရဲ့နတ်ဝင်သည်စကားများ နားထောင်နေတဲ့ ဘခက်(Naw Yak)ဟာလည်း ရင်ကိုဖိရင်း မျက်ရည်တွေ တစက်စက်ကျ ငိုရှိုက်နေပါတယ်။
ပြင်းအားမြင့် လေပွေလှိုင်းများနဲ့အတူ နတ်ဆရာကြီးထံမှ လွင့်ပျံလာတဲ့ လှံတံဟာ မနှင်းပွင့်ဖြူရဲ့ ရင်ညွှန့်တည့်တည့်ကို ဝှဲပျံရောက်လာတာကြောင့် တံခါးမကြီးဘောင်(chyinghka hkadun)ကို ဆုပ်ကိုင် ဖက်တွယ်ထားတဲ့ လက်ကို မနှင်းပွင့်ဖြူ လွတ်လိုက်ရပါတယ်။
နောက်တော့ မနှင်းပွင့်ဖြူလည်း အိမ်နောက်(nta ndaw-yang)ကွင်းပြင်မှာ စိုက်ထူထားတဲ့ Karoiခေါ် ဝါးရုံနားထိ ကျရောက် လွင့်စင်သွားပါတော့တယ်။
(ဝန်ခံချက်။
ပုံများသည် တရုတ်ပြည်မှ ကချင်နတ်ဂျော့များ mang bru(ဝိညာဉ်ပို့လွတ်)သည့် ပုံများကို နမူနာပြ ထည့်သွင်းထားခြင်းဖြစ်ပါသည်။)
မေတ္တာနှောင်ကြိုးတစ်မျှင်
ဒုတိယပိုင်း (အခန်း-၂)
Mang bru poi စသည်နဲ့ ရွာသူ/သားအချို့မနက်စောစော င်္သဂျိုင်းမြေကိုသွားကြပြီး မနှင်းပွင့်ဖြူရဲ့ ရုပ်ကလပ်မြုပ်နှံထားတဲ့ နေရာကို ရှင်းလင်းကြ၊ hkinchyang (ခင်ကျိန်)ခေါ် lupgrawng(လုပ်ဂရောင်)ကို ဆောက်လုပ်ကြပါတယ်။ Lupgrawngပတ်ပတ်လည် luphka (လုပ်ခ)ခေါ် ရေမြောင်းကိုလည်း တူးကြပါတယ်။
(ချမ်းသာပြီး နာမည်ကြီး ကချင်ဒူဝါ/ဒူဂျန်မျိုးနွယ်များရဲ့lupgrawngပတ်လည်် တူးထားတဲ့ luphka)ဟာ တောင်တစ်ခုလုံး/ဧကနဲ့ချီပြီး ပတ်တူးထားကြတာကို ကချင်ဒေသ တချို့နေရာများမှာ ယနေ့တိုင် မြင်တွေ့နေရတယ်။ (ပုံ-၁ နဲ့ ၂ ကိုရှူပါ)
Luphkaကိုကြည့်ပြီး ကချင်လူမျိုးဘိုးဘွားများ ရှေးတုန်းက အဲဒီနေရာဒေသမှာ အတည်တကျ အခြေချနေထိုင် အုပ်စိုးခဲ့ကြကြောင်း သက်သေသာဓကများဖြစ်ပါတယ်။ ယနေ့ စစ်ကိုင်းတိုင်းကီုးဒေသ ကသာ၊ နဘားအောက် ဆူးပုတ်တောင် ဘုံချောင်းဒေသထိ ကချင်ဒူဝါများရဲ့ ရှေးတုန်းက luphkaများကို တွေ့မြင်ပါနေရတယ်။ ချမ်းသာသူ ဒူဝါကြီးများရဲ့ mang bru poi ဟာ လနဲ့ချီပြီး ကြာတတ်ပါတယ်)။
Mang bru poi(ဝိညာဉ်ပို့လွတ်ပွဲမှာ ndaw kahkrang(အင်တော်ကခရန်) အကကို ကကြရတယ်။
ဒူဝါများ၊ စစ်သူရဲကောင်းများ၊ မုဆိုးကြီးများရဲ့ ဝိညာဉ်ပို့လွတ်ပွဲမှာ Daru Kahkrang(ဒရူကခရန်) အကကိုလည်း ကပေးကြရပါတယ်။(ပုံ-၃ နဲ့ ၄ ကိုရှုပါ)
Lupgrawngနဲ့luphka ဆောက်ပြီး တူးပြီး ညနေပိုင်းမှာ နှင်းပွင်ဖြူရဲ့ဆွေမျိုးများနဲ့ရွာသူ/သားအချို့ စားသောက်ဖွယ်ရာများနဲ့အတူ နှင်းပွင့်ဖြူရဲ့ sawm( သေဆုံးသွားသူရဲ့ အဝတ်တန်ဆာ) များ ယူဆောင်ပြီး သင်္ဂျိုင်းကိုသွားကြပါတယ်။
မေတ္တာနှာင်ကြိုးတစ်မျှင်
ဒုတိယပိုင်း (အခန်း-၃)
Lupgrawngဆောက်၊ luphkaတူးခြင်း ကိစ္စအဝဝပြီးသွားတဲ့နောက် သင်္ဂျိုင်းမှ ပြန်လာကြသူများဟာ Lagoi lap yitအကခေါ် ဖက်ရွက်ဝှေ့ရမ်းကပြီး shingchyai (ရှိန်ကျိုင်)ကသူများနဲ့အတူ ပြန်လာကြပါတယ်။(ပုံ-၁နဲ့ ၂ ကိုရှု)
(ရှိန်ကျိုင်အကဆိုတာ အမျိုးသား ၃-၄ယောက်ကို အဖြူအမဲ ကွက်ကြား တစ်ကိုယ်လုံး ထုံးများသုတ်လိမ်းထားပြီး သစ်ဝါးရွက်၊ ဖက်ရွက်များဝတ်ဆင်ထားကာ ဓါးအရှည်၊ သစ်သားလှံတံရှည်ကိုင်ဆောင်လျက် လူရိုင်းများကဲ့သို့ လှမ်းတလား ခုန်ပေါက်ကခြင်းဖြစ်ပါတယ်။ Shingchyaiကခြင်းဟာ သင်္ဂျိုင်းမှ ပြန်လာကြသူများနဲ့အတူ လိုက်ပါလာတတ်တဲ့ မကောင်းဆိုးဝါး နတ်စိမ်းများ ရွာအတွင်း ဝင်မလာနိုင်အောင် ဓါး၊လှံများ ဝှေ့ရမ်းထိုးပြီး မောင်းထုတ်ခြင်းဖြစ်ပါတယ်)။
သင်္ဂျိုင်းမှ အကဖြင့် ပြန်လာကြတဲ့ ရွာသူ/သားများနဲ့ အိမ်မှာ ndaw kahkrang ကနေသူများ ပေါင်းသွားကြပြီး karoiကို ဝိုင်းပတ် ကကြပါတယ်။(ပုံ-၃ကို-၄များကိုရှု)
မေတ္တာနှောင်ကြိုးတစ်မျှင်
ဒုတိယပိုင်း(ဇာတ်သိမ်း)
တံခါးမကြီးဘောင်ကို တွယ်ဖက် ဆုပ်ကိုင်ထားတဲ့ မနှင်းပွင့်ဖြူရဲ့လက် လွတ်လိုက်ရပြီး Karoiရင်းနားထိ လွင့်စင် ကျရောက်သွားပါတယ်။
မနှင်းပွင့်ဖြူရဲ့ဝိညာဉ် karoi ခြေရင်းကို ကျရောက်သွားတဲ့နောက်မှာတော့ numjang ပေါ်တင်ထားတဲ့ sawmခေါ် သေဆုံးသွားသူရဲ့ အဝတန်ဆာများကို karoiခြေရင်းမှာ လာစုပုံထားကြတယ်။ Numjang ကိုလည်း ဖျက်ပစ်လိုက်ပြီး karoiရင်းမှာ စုပုံ ပစ်ထားကြတယ်။ Kabum dum, ndaw kahkrang အကမှာ ကိုင်တဲ့ အရာများကိုလည်း karoi ရင်းမှာ စုပုံ ပစ်ထားကြကာ အကကိုလည်း karoiမှာဘဲ ဝိုင်းပတ်က အဆုံးသတ်လိုက်ကြပါတယ်။
နတ်ဆရာက နတ်ဝင်စကား ကဗျာ၊ အလင်္ကာများဖြင့် မနှင်းပွင့်ဖြူရဲ့ ဝိညာဉ်ကို Tsu Ga ခေါ် နတ်ဘုံ/ဝိညာဉ်ဘုံကို ဆက်လက် လမ်းညွှန် ပို့ဆောင်နေပါတယ်။
“မင်းရဲ့ အဝတ်တန်ဆာများ၊ လမ်းခရီးမှာ စားသောက်ဖို့ အစားအစာများကိုလည်း တပါတည်း ယူဆောင်သွားပါ” လို့ မနှင်းပွင့်ဖြူကို မှာကြားနေပါတယ်။
မနှင်းပွင့်ဖြူလည်း ရွာအပြင်ဖက် ရောက်မသွားအောင် karoi(ဝါးရုံ)ရှိ ဝါးလုံးများကို အတင်းဆုပ်ကိုင်ထားနေပြန်ပါတယ်။ Kaoiနဲ့ မလှမ်းမကမ်းမှာ မျက်နှာညိုးငယ်လျက် ရပ်နေတဲ့ ချစ်သူဘခက်ကိုလည်း သူ့ကိုကူညီဆွဲထားဖို့ အော်ဟစ်ငိုယိုပြီး အကူအညီ လှမ်းတောင်းပါတယ်။ ဒါပေမဲ့ ချစ်သူဘခက်က မနှင်းပွင့်ဖြူကို မမြင်ရ၊ သူ့ရဲ့အော်ဟစ် ငိုကြွေး အကူအညီတောင်းသံကိုလည်း လုံးဝမကြားရပါ။
ချစ်ရသူ မနှင်းပွင့်ဖြူနဲ့ ထာဝရဝေးကွာ အဆုံးသတ်ရတော့မှာမို့ ဘခက်လည်း ဖြေမဆယ်နိုင်လောက်အောင် ခံစားနေရပါတယ်။ ယောင်္ကျားတန်ပေမဲ့ ရင်ထဲက သောကဝေဒနာမီးကြောင့် သူ့မျက်လုံးအိမ်ထဲ မျက်ရည်တွေ ပြည့်လျှံလျက် တစ်စက်စက် ကျနေပါတယ်။
မနှင်းပွင့်ဖြူလည်း နတ်ဆရာထံက ပြင်းအားမြင့် လေပွေလှိုင်းတန်ခိုးကြောင့် karoiမှ ဝါးလုံးများကို ဆုပ်ကိုင်ထားတဲ့လက်ကို လွတ်လိုက်ရပါတယ်။ ရွာအပြင်ဖက် ကျရောက်မသွားအောင် ရွာအတွင်းရှိ သစ်ဝါးပင်များကို မနှင်းပွင့်ဖြူ ဆက်လက်ဆုပ်ကိုင် ဖက်တွယ်ထားနေပြန်ပါတယ်။
ဒါပေမဲ့ နတ်ဆရာထံက ပြင်းအားမြင့် လေပွေလှိုင်းများနဲ့အတူ ဝဲပျံလာတဲ့ လှံတံများကြောင့် သူလက်လျှော့လိုက်ရပြီး ရွာအပြင်ဖက် လွင့်စင် ကျရောက်သွားပါတော့တယ်။
နောက်တော့ နတ်ဆရာညွှန်ကြားတဲ့အတိုင်း မနှင်းပွင့်ဖြူလည်း ငိုရှိုက်ကာ ချစ်သူဘခက်နဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီး လူ့ဘုံလောကမှ နှုတ်ဆက်ကာ နတ်ဘုံကို ခရီးဆက်ခဲ့ရပါတယ်။
တနေ့ကုန် ခရီးဆက်ခဲ့ရာမှ ညနေစောင်း နေညိုချိန်မှာ Numhpraw hkaခေါ် လူ့ဘုံလောကနဲ့ နတ်ဘုံ/ဝိညာဉ်ဘုံတို့ကို ခြားထားတဲ့ မြစ်ကြီးတစ်ခုနား ရောက်သွားပါတယ်။
နတ်ဆရာက “Nang e shinggyim hkagwi raw u, mana kanraw mung jahpring u”ဆိုပြီး ရေချိုးသန့်စင် အစားအသောက်များ သုံးဆောင်ခိုင်းပါတယ်။
ရေချိုးသန့်စင် အစားအသောက်များ သုံးဆောင်ပြီးနောက် မြစ်ကြီးကို ဖောင်နဲ့ကူးသွားကြပါတယ်။
နတ်ဆရာဟာ မနှင်းပွင့်ဖြူရဲ့ဝိညာဉ်ကို သူ့ရဲ့ ဘိုးဘေးများရဲ့ ဝိညာဉ်များစုဝေးရာအရပ် Tsu Minla Gaကို အရောက်ပို့ဆောင်ထားခဲ့ပြီး ပြန်သွားပါတယ်။
ဘခက်နဲ့ မနှင်းပွင့်ဖြူတို့လည်း ဘဝခြားခဲ့ကြပြီမို့ သူတို့နှစ်ယောက်ရဲ့ ချစ်မေတ္တာနှောင်ကြိုးလည်း ပြတ်သွားခဲ့ကြလေပြီ။
(ကချင်လူမျိုးများ နတ်ဂျော့/နတ်စားခေတ်ကာလ သေဆုံးသွားသူများ၏ ဝိညာဉ်ခေါ် လိပ်ပြာ မည်သို့ဖြစ်သွားသည်၊ မည်သည့် အရပ်သို့ ပို့ဆောင်ခဲ့ကြကြောင်း ယနေ့လူငယ် မောင်မယ်များအား သိစေလို၍ ဤအခန်းဆက်ဝတ္ထုကို ရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ ဝတ္ထုရှည်သွားပြီး စာဖတ်သူများငြီးငွေ့သွားမည် စိုးရိမ်မှုကြောင့် နတ်စားခေတ် ဝိညာဉ်ပို့လွတ်ခြင်း အဆင့်အချို့ ချန်လပ်ထားခဲ့ရပါသည်။)
အားလုံးကို အစဉ်လေးစားလျက်-
Du Htoi Ning Ru


















Read more »

မေတ္တာနှောင်ကြိုးတစ်မျှင် (I) Nat Jaw htung Tsu shawan ai lam

 မေတ္တာနှောင်ကြိုးတစ်မျှင်

By Du Htoi Ningru

ဟိုး…လွန်လေပြီးသော လူပျိုဘဝ။အေးချမ်းလှတဲ့ Dec ဆောင်းည တစ်ညရဲ့ သန်းခေါင်ယံအချိန်မှာပေါ့။
ဝိညာဉ်ပို့လွတ်ပွဲ(Tsu Shawawn poi)အိမ်က Kabung dum (ကဘွမ်ဒွမ်)ကပြီး အပြန် Chyanun chyu(ခေါင်ရည်/စ’ပီ) ရေရှိန်အတော်များသွားတာကြောင့် ခြေလမ်းကသိပ်မမှန်ချင်။ ရှေ့တစ်လှမ်းတိုးလိုက်တိုင်း နောက်ကိုပြန်ဆုတ်လာသလို ဘေးကိုယိမ်းထိုးကလို့ သိုင်းကွက်ဆန်းတွေ နင်းနေလိုက်တာ အိမ်ပြန်လမ်းမှားပြီးနောက်ဆုံးတော့ လမ်းဘေးက မြေပုံမို့မို့လေးပေါ် ပုံကျရင်း အိပ်ပျော်သွားပါတယ်။
အိပ်ပျော်နေတုန်း အလွန်ချောမောလှပတဲ့ ကညာပျိုတစ်ယောက် ရောက်လာပြီး ကိုယ့်ရှေ့ဒူးထောက်လျက် ကိုယ့်ရဲ့ခြေအစုံကို ဖက်ကာ-
“ညီမကို ကယ်ပါ၊ မသွားပါရစေနဲ့.. အစ်ကို့အနားမှာသာ နေခွင့်ပြုပါ” လို့ ရှိုက်ကြီးတငင် ငိုကြွေးနေပါတယ်။
အသင် ဘယ်သူလဲ? လို့ ကျွန်ုပ်မေးလိုက်တော့…
ရင်နင့်ဖွယ် အဖြစ်က ဒီလို…..
မေတ္တာ နှောင်ကြိုး တစ်မျှင် (၂)
သူ့နာမည် Hpraw-sha Pu Numri (မနှင်းပွင့်ဖြူ)။
Duwa(စော်ဘွား)ဦးဇော်လုံး၏ တစ်ဦးတည်းသောသမီး။ စော်ဘွားကြီးတို့မိသားစုက ကျိကျိတက်ချမ်းသာပြီး သမီးကိုလည်း လိုလေသေးမရှိ ဖူးဖူးမှုတ်ထားကြတယ်။ အခြားသားသမီးမရှ်။
ကျွန်ုနာမည်က Naw Yak ခေါ် ဘခက်။ Duwa မျိုးနွယ်က မဟုတ်။ သာမန် ဆင်းရဲသား။ စော်ဘွားတို့အိမ်မှာ လိုရာ လုပ်ဆောင်ပေးတယ်။ တစ်ခါတစ်ရံ စော်ဘွားကြီး ခရီးထွက်ရင် သက်တော်စောင့် တာဝန် ယူရတယ်။
မနှင်းပွင့်ဖြူနဲ့ဘခက်တို့ဟာ ငယ်စဉ်ကလေးဘဝကနေ အတူကြီးပင်းလာကြပြီး အရွယ်ရောက်လာတော့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။
ဒါကို စော်ဘွားကြီးသိသွားတော့ လုံးဝ သဘောမတူကြောင်း ပက်ပက်စက်စက်ပြောပြီး ဘခက်တို့ မိသားစုကိုလည်း ရွာက နင်ထုတ်လိုက်တယ်။ သူ့သမီးကိုလည်း တနယ်တကျေးက စော်ဘွားတစ်ဦးရဲ့သားနဲ့ လက်ဆက်ပေးဖို့ အလောတကြီး စီစဉ်လိုက်တယ်။
စော်ဘွားကြီးအိမ်မှာ dama manam ခေါ် နှင်းပွင့်ဖြူကို တောင်းရန်းတဲ့ဧည့်သည် သမက်မျိုးများ ရောက်နေချိန် နှင်းပွင့်ဖြူနဲ့ဘခက်တို့ ရွာဦးက ညောင်ပင်အောက် ညအမှောင်ထုကို အကာအကွယ်ယူပြီး ခိုးပြေးကြဖို့ တိတ်တဆိတ် ချိန်းတွေ့ တိုင်ပင်ကြတယ်။
ဒီလို ဘခက်နဲ့နှင်းပွင့်ဖြူတို့ ချိန်းတွေ့နေကြချိန်…
“ဒိုင်း..” ဆိုသော တူမီးသေနတ်သံနဲ့အတူ ဘခက်ရဲ့ ပုခုံးမှာလည်း ပူကနဲ ခံစားလိုက်ရတယ်။
နှင်းပွင့်ဖြူထံမှ “အား..”ဆိုတဲ့ အသံ ထွက်ပေါ်လာပြီး ဘခက်ထွေးပွေ့ထားရာမှ နှင်းပွင့်ဖြူ တဖြည်းဖြည်း ခွေကျသွားပါတယ်။
သေနတ်သမားထံမှ “ဟာ!..မှားပြီ” ဆိုတဲ့အသံသာကြားလိုက်ရတယ်။ ဘခက်ပြန်လည့်ကြည့်တော့ အမှောင်ထုထဲ လစ်ပြေး ပျောက်ကွယ်သွားပါတယ်။
အပိုင်း(၃) ဆက်ရန်
မေတ္တာနှောင်ကြိုးတစ်မျှင်
အပိုင်း(၃)
နှင်းပွင့်ဖြူသေဆုံးမှုနဲ့ပတ်သက်ပြီး ဒူဝါဇော်လုံးက ဘခက်(Naw Yak)ကို ဖမ်းဆီး မြေကျင်းထဲ အကျဉ်းချထားလိုက်တယ်။
အပြစ်မရှိသူ ဘခက်ကို ဖမ်းဆီးထားမှုမှ ချက်ချင်း လွတ်ပေးဖို့ ဘခက်ရဲ့ဆွေမျိုးများနဲ့သာမှန်ပြည်သူတို့က အုံကြွတောင်းဆိုကြတယ်။
ဒူဝါဇော်လုံးကလည်း သေနတ်သမားတရားခံကို ဖေါ်ထုတ်ပေးနိုင်ရင် လွတ်ပေးမယ်လို့ ပြောတာကြောင့် ပြဿနာက သွေးထွက်သံယိုမှုအထိ ကြီးသွားခဲ့တယ်။ ဒူဝါဇော်လုံးရဲ့အိမ်ကို ဘခက်ရဲ့ဆွေမျိုးများနဲ့ တရားမျှတမှုကိုလိုလားတဲ့ သာမှန်ပြည်သူတို့က ဝင်ရောက်တိုက်ခိုက်ပြီး ဘခက်ကိုလည်း ကယ်ထုတ်လာခဲ့တယ်။ ဒူဝါဇော်လုံးအိမ်ကိုလည်း မီးတင်ရှို့လိုက်ကြပါတယ်။
ဒူဝါမျိုးနွယ်စုများနဲ့ဘခက်တို့ သာမှန်ဆင်းရဲသားပြည်သူတို့ တိုက်ပွဲဟာ တစ်နှစ်ကျော်ကြာသွားချိန်မှာမှ သေနတ်သမား တရားခံနဲ့စေခိုင်းသူကို စုံစမ်းဖေါ်ထုတ် ဖမ်းမိလိုက်ကြပါတယ်။
သေနတ်သမားကို စေခိုင်းခဲ့သူမှာ နှင်းပွင့်ဖြူကို လာရောက်တောင်းရန်းတဲ့ ဒူဝါရဲ့သား(သမက်)ကိုယ်တိုင်ဖြစ်နေပါတယ်။
နှင်းပွင့်ဖြူနဲ့ဘခက်တို့ ချိန်းတွေ့နေတာကို သူတွေ့သွားတော့ ဒေါသမထိန်းနိုင်ဘဲ သေနတ်သမားကိုလွတ်ပြီး ပစ်သတ်ခိုင်းလိုက်တာဖြစ်တယ်။
သေနတ်သမား ရောက်လာချိန် နှင်းပွင့်ဖြူက ဘခက်နဲ့ မျက်နှာချင်းဆိုင်ပြီး သစ်ငုတ်ပေါ်ထိုင်ကာ စကားပြောနေတယ်။
ကံဆိုးချင်တော့ ဘခက်ရဲ့ နောက်စေ့ကို ချိန်ရွယ်ပစ်လိုက်တဲ့ သေနတ်သမားရဲ့ ကျည်ဆံဟာ နှင်းပွင့်ဖြူ ထရပ်လိုက်ချိန်နဲ့ အံကိုက် ဖြစ်သွားပြီး နှင်းပွင့်ဖြူရဲ့ ရင်အုံတည့်တည့် ထိမှန်သွားပါတယ်။
အပိုင်း(၄) ဆက်ပါမည်
မေတ္တာနှောင်ကြိုးတစ်မျှင်
(ဇာတ်သိမ်း)
ဒူဝါဇော်လုံးမျိုးနွယ်စုများနဲ့ဘခက်ဦးဆောင်တဲ့သာမှန်ပြည်သူတို့ စစ်ခင်းနေခဲ့ကြတာ တစ်နှစ်ကျော်ရှိပြီ။ တဖက်နဲ့တဖက် အသော် စစ်ပန်းနေကြပြီး အိုးအိမ်ပျက် သေကြေဆုံးရှုံးမှု အတော်များနေကြပြီ။
နှင်းပွင့်ဖြူဆုံးသွားပြီး မကြာခင်မှာပဲ သူ့အမေ ဒူဂျန်လည်း ပူဆွေးသောကမီးကြောင့် ဆုံးသွာ:ခဲ့ပါတယ်။
စစ်ခင်းနေကြတော့ သေဆုံးသွားသူ နှင်းပွင့်ဖြူ့ရဲ့ ဝိညာဉ်(လိပ်ပြာ)ကို လည်း Tsu Ga ခေါ ဝိညာဉ်ဘုံကို ပို့လွတ်ခြင်းပွဲ mang bru poi မလုပ်နိုင်ခဲ့ကြ။
ဒါကြောင့် သေလွန်သွားပြီးနောက် နှင်းပွင့်ဖြူရဲ့ဝိညာဉ်ဟာ ဤလောကထဲမှာ တဝဲလည်လည် ဖြစ်နေတယ်။ ညစဉ်ညတိုင်းလည်း ချစ်သူဘခက်ဆီ ရောက်ရောက်လာပြီး ဘခက်ရဲ့ ခြေရင်းနား ငိုကြွေးနေပါတယ်။
$$$$$&&&&&
လူသတ်သမားကို ဖမ်းမိပြီးနောက် ဒူဝါဇော်လုံးနဲ့ ဘခက်တို့လည်း စစ်ငြိမ်းလိုက်ကြကာ နှင်းပွင့်ဖြူရဲ့ ဝိညာဉ်ပို့လွတ်ပွဲကို ပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။
နောက်တစ်နေ့ဆိုရင် နတ်ဆရာက နတ်ဝင်စကား ကဗျာ အလင်္ကာများဖြင့် နှင်းပွင့်ဖြူရဲ့ ဝ်ိညာဉ်ကို ဘိုးဘွားတို့ရဲ့ဝိညာဉ်များစုဝေ:ရာ ဝိညာဉ်ဘုံ/နတ်ဘုံကို ပို့လွတ်တော့မှာ ဖြစ်ပါတယ်။
ချစ်သူကို မေ့မရ လွမ်းတသသစိတ်တွေ တဒင်္ဂမေ့ဖျောက် ပစ်စေ လိုလို့လော? ဘခက် ခေါင်ရည်နဲဲ့ စ,ပြီ အတော်များများ သောက်ပစ်လိုက်တယ်။ ညသန်းခေါင်ကျော် သူအိမ်ပြန်လာတော့ သူ့ကိုယ်သူ မထိန်းနိုင်တော့ပါ။ အိမ်အပြန် လမ်းမှားပြီး ရွာအနောက်ဖက် င်္သဂျိုင်းကုန်းကို ရောက်သွားတယ်။ ရှင်းနေတဲ့ မြေပုံပေါ် သူထိုးအိပ်သွားပါတယ်။ နောက်ပိုင်း သူဘာမှ သတိမရတော့ပါ။
မနက်မိုးလင်း တောင်ယာသွားတဲ့ ရွာက လူတွေ လှုပ်နိုးလိုက်မှ သူနိုးသွားပြီး ကြည့်လ်ိုက်တော့ ညက သူထိုးအိပ်လိုက်တဲ့ မြေပုံမို့မို့လေးဟာ ချစ်သူ နှင်းပွင့်ဖြူရဲ့ ရုပ်ကလပ် မြုပ်နှံထားရာ င်္သဂျိုင်းမြေပုံဖြစ်နေပါတယ်။
“အော်…နှင်းပွင့်ရယ်…ကိုယ်ဘယ်လို ဖြေသိမ့် နေရစ်ရတော့မှာလဲလို့ ဆို့ဆို့နှစ်နှစ် ရေရွတ်ရင်း ရွာအဝင်လမ်းဖက်သို့ လေးလံသော ခြေလှမ်းများဖြင့် ဘခက် တရွေ့ရွေ့လှမ်:ဝင်သွားပါတယ်။
စာရှုသူအားလုံးကို လေးစားလျက်..
တက္ကသိုလ်ထွယ်ဆန်
---------------------------


Read more »