စာရေးသူသည်
ဒေါ်အောင်ဆန်းစုကြည် နှင့် ပုဂ္ဂိုလ်အရ မဆက်ဆန်ခဲ့ဘူးသော်လည်း
ယုံကြည်ချက်အတွက် သူမ၏ စွန့်လွှတ် အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြု
သူဖြစ်သည်။ ကမ္ဘာသိခေါင်း ဆောင် တဦး ပေါ်လာပြီဟူ၍ သူမအတွက်
ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ်ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင်
အကြောင်းအမျိုး မျိုးဖြင့် အကြိမ်ပေါင်း များစွာ ပြောဆို၊
ရေးသားခဲ့ဘူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျှဉ်း၍ တကြိမ်မျှ
မဝေဘန် ခဲ့ဘူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်္ဘာ၂၄ ရက်နေ့နံက်တွင်
ပေးခဲ့သောအင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည် က သမတ ဖြစ်ခြင်သည် ဟူသော
ပြောဆိုချက်နှင့် စပ်လျှဉ်း၍ အနည်းငယ်စတင် ထောက်ပြခဲ့သည်။ အင်တာဗျူးကို
ဤတွင် နားဆင်ပါ။
https://docs.google.com/open?id=0BzC8VZhwp11AVG5tZDY1MWdjb2s
(အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏ အမြင်သာဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။)
ယခုမူ သူမကိုယ်တိုင်သာမက လူထုပါ စဉ်းစားနိုင်အောင် တစုံတရာ
ထုတ်ဖေါ်ဝေဘန်သင့်သော အချိန်ရောက်ပြီဟု ယူဆသဖြင့် ဤ ဆောင်းပါးတွဲတစုံ
ကိုရေးသားလိုက်ခြင်း ဖြစ်သည်။ အမှားအမှန် တိုင်းတာရန် မလွယ်ကူလှသည့်
နိုင်ငံရေး အမြင်၊ မြှော် မှန်းချက်၊ ရပ်တည်ချက် များအပေါ်အခြေခံ၍ ဝေဘန်မည်
မဟုတ်ပါ။ အခိုင်အမာ ပြောနိုင်သည့် “ ဥပဒေ စိုးမိုးရေး” [i] ရှုဒေါင့်မှ
အပြုသဘောဖြင့်သာ တင်ပြပါမည်။
“တိုင်းပြည်”[ii] အတွက် ဟူသော စကားလုံးကို မသုံးခြင်ပါ။ ယင်းကို သုံး၍
စစ်အစိုးရ အဆက်ဆက်က လူထု အပေါ် အမျိုးမျိုး ဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ
ဖြစ်၍ပင်။ တိုင်းရင်းသား ပေါင်းစုံလူထု အကျိုးအတွက် ရိုးသားစွာ
ဝေဘန်ခြင်းဖြစ်ပါမည်။
မိမိ၏ ဤဝေဘန်ရေးဆောင်းပါးထွက်သွားပြီးနောက်တွင်
ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ်ထောက်ခံမည့် လူထု များ အနက် အချို့ထံမှ
တိုက်ခိုက်မှုများ ပေါ်လာလိမ့်မည် ဟု မြှော်လင့်ထားပြီးဖြစ်သည်။
ယင်းသို့ပေါ်လာလျှင်လည်း မိမိအနေနှင့် မည်သို့မျှ ပြန်လည် တုန့်ပြန်မည်
မဟုတ်ပါ။ သူ့အမြင် ကိုယ့်အမြင်တင်ပြခြင်းဟုသာ သဘောထားပါ မည်။
အရာကိစ္စများကို တချိန်တွင် သမိုင်းက အဆုံးအဖြတ်ပေးပါမည်။
စာရေးသူ၏ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြပါမည်။ ယင်းမှာ
ဒေါ်အောင်ဆန်းစုကြည် ဤပုံစံအတိုင်း ဆက် လက် ဦးဆောင် လျှောက်လှမ်းပါက
မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးရရန်ဝေး၍ တရားမျှတမှုပင် ဖေါ်ဆောင်နိုင်မည်
မဟုတ် ဟူသည်ပင်။
“ ဥပဒေစိုးမိုးရေး” နှင့် “ တရားမျှတမှု” [iii] တို့ကို ဘယ်လို နိုင်းယှဉ်လေ့လာမလဲ။
ဥပဒေစိုးမိုးရေး၏အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏
အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူ အား အဓိကထားသည်။ ဥပဒေစိုးမိုးရေးကို
တကယ်တန်းလိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ် ပေးကို
ပေးရပါမည်။ ရှောင်လွှဲ၍မရပါ။ ပြစ်မှုကျူးလွန်သူအား
အပြစ်ပေးရေးမူကိုကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတ ထား လို၍ မဟုတ်။
အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင်
နောင်တရသွားစေခြင်သည့်အပြင် အခြားသူများက လည်းသင်ခန်းစာယူ၍ နောင်ကို အလားတူ
ပြစ်မှုများ ထပ်မံမကျူးလွန်စေရန် ဟန့်တားလို၍ဖြစ်သည်။ ထို့အပြင်
ပြစ်မှုကျူးလွန်သူအား အပြစ်ပေး၍ မရလောက်အောင် ဟန့်တားထားသည့်
ဥပဒေအခြေခံများ၊ တည်ဆဲ မတရား ဖိနှိပ်သည့် ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်း
ရပါမည်။
အခြေအနေအကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို
အပြစ်ပေးနိုင်ခြင်းမရှိပါက “ တရားမျှတမှု” ကို ရှာဖွေရပါ သည်။
ဤတွင်အနည်းဆုံးအားဖြင့် ပြစ်မှုကြီးများ ဖြစ်ပွားခဲ့ပုံများနှင့် စပ်လျှဉ်း၍
အမှန်တရားကို ဖေါ်ထုတ်ရသည်။ နောင် အလားတူပြစ်မှုများဆက်လက်ဖြစ်ပွားလာလျှင်
ထိရောက်စွာအရေးယူနိုင်စေရန် တိုင်းပြည်အုပ်ချုပ်ရေးယန္တယား
အဆောက်အအုံများကို ပြင်ဆင်ဖွဲ့စည်း ရသည်။ ပြစ်မှု ကျူးလွန်ခံခဲ့ရသူများ၏
ဘ၀နစ်နာမှုများအား အသိအမှတ်ပြု၊ ပြုပြင်ကုစား၊ လျော့ပါး သက်သာအောင်
လုပ်ပေးရပါ သည်။
ဥပဒေစိုးမိုးရေး ရှုဒေါင့်။
ဝမ်းနည်းဘွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏
အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ် ရနေသော ဒေါ်အောင်ဆန်းစုကြည်သည်
ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါ တလဲလဲ သုံးနေသော်လည်း ယင်းကို ရည်ညွန်း၍
ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။
တည်ဆဲမတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက်
မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏
လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက်
ခရိုနီကြီးများ ဆက်လက်ကြီးပွား တိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ
ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျှက် ရှိနေသည်။
ဤပုံအတိုင်း ဆက်သွားပါက “ ဥပဒေစိုးမိုးရေး” ဟူသည်မှာ အသံသာရှိပြီး
အဆံမရှိသည့်အမြှောက် ထက် ပိုနိုင်ဘွယ်မမြင်။ စစ်အာဏာရှင်များ
ကြံ့ခိုင်ကြီးထွားလာသော်လည်း လူထု အင်အားချည့်နဲ့သည်ထက် ချည့်နဲ့ လာရုံ က
လွဲ၍ ဘာမှ ဖြစ်လာမည် မဟုတ်။
“ တရားမျှတမှု” ရှုဒေါင့်။
ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်ရေးယန္တယားမှစ၍ တိုင်းပြည်လုံခြုံရေး တပ်
ဖွဲ့များဖြစ်သည့် တပ်မတော်၊ ရဲ၊ ထောက်လှန်းရေး၊ လုံခြုံမှု ထိမ်းသိမ်းရေး
တပ်ရင်း စသည့် တိုင်းပြည်အုပ်ချုပ်ရေးယန္တယား အဆောက်အအုံဟောင်း များအား
ပြင်ဆင်ဖွဲ့စည်းရန် တိတိကျကျ လှုံ့ဆော်သည်ကို တကြိမ်တခါမျှမကြားမိ။
ဖိနှိပ်ရေး ယန္တယားဟောင်းများ သည် အုံနှင့်၊ ကျင်းနှင့်၊ ထုနှင့်၊ ထည်နှင့်
ဆက်လက် တည်ရှိဆဲဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများကိုသုံး၍ အတင်း
အကြပ်ပြုနိုင်ခွင့်အာဏာ[iv] သည် ဥပဒေစိုးမိုးရေး အတွက် ဖြစ်ရပါမည်။
စစ်အာဏာရှင်များအတွက် မဖြစ်စေရ ပါ။ ယခုမူ ပြောင်းပြန်ဖြစ်နေဆဲပင်။
သာဓက အားဖြင့် သံဃာတော်များအား မီးလောင်တိုက်သွင်းရာ၌ မြေပြင်တွင်
ဦးဆောင်အကောင်အထည် ဖေါ်ခဲ့သော စစ်ကိုင်းတိုင်းရဲမှုးကြီး ဦးစန်းယုသည် ဒုတိယ
ဗိုလ်မှုးကြီးဟောင်း တဦးဖြစ်သည်ဟု ကြားရသည်။ ဤသတင်းမှန်လျှင်
ရဲတပ်ဖွဲ့၏သမာသမတ်ဖြစ်မှု[v] မှာများစွာသံသယဖြစ်ဘွယ်ရှိပါသည်။
စစ်ခေါင်းဆောင်များ ကြီးစိုးထားသော အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး
ကောင်စီ (ကာလုံ) က ဦးစန်းယုအား တိုက်ရိုက် အမိန့်ပေး ဖြိုခွဲခိုင်းခဲ့သည်ဟု
မှတ်ယူ နိုင်သည်။
သို့ဖြစ်ပါက တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများအနက် အရေးကြီးသော
ရဲတပ်ဖွဲ့အား လွတ်လပ်၊ ဘက် မလိုက်၊ ထက်မြက်သည့် အဆောက်အအုံတခုဖြစ်လာအောင်
တည်ဆောက် နိုင်ရေးအတွက် နည်းလမ်းမျိုးစုံရှာဖွေရာ၌ လက်ပံ
တောင်းတောင်မှုခင်းမှ မည်သည့် သင်္ခန်းစာယူမည်နည်း။
စစ်ခေါင်းဆောင်ဟောင်းများအား တပြည်လုံးရှိ ရဲတပ် ဖွဲ့၏ အချက် အခြာကျသော
နေရာများ အားလုံးမှ ဖယ်ရှားလိုက်ရန်ပင်။ ယင်းမှာ “ တရားမျှတမှု” ကို
ရှာဖွေရာ၌ အခြေခံ အားဖြင့် ဆောင်ရွက်ရမည့် “တိုင်းပြည်အုပ်ချုပ်ရေး
ယန္တယားများ ပြုပြင်ပြောင်း လဲရေး” [vi] လုပ်ငန်း၏ အရေးကြီးသော
ခြေလှမ်းတရပ်လည်း ဖြစ်ပါမည်။
ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ “ တရားမျှတမှု”
အခြေခံတွင် “တိုင်းပြည်အုပ်ချုပ်ရေး ယန္တယားများ ပြုပြင်ပြောင်းလဲရေး”
ကိုမျှ မလုပ်နိုင်ပါက နောင် ကို အလားတူပြစ်မှုမျိုး ထပ်မံ မဖြစ်ပွားအောင်
မည်သို့ ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည်
ယခုမီးလောင်ဗုံးနှင့် အပစ်ခံရပြီး၊ နောင်ကို ဒုံးကျည်နှင့်ပါ
အပစ်ခံရဖို့ရှိသည်။
စစ်အာဏာရှင်စနစ် အောက်၌ တနိုင်ငံလုံးတွင် သန်းတချို့မျှရှိမည့်
လူထုကြီးသည် အတိဒုက္ခရောက်ခဲ့သည်။ အထူး သဖြင့် မြန်မာ မဟုတ်သည့်
တိုင်းရင်းသား အမျိုးသားအမျိုးသမီး
မြောက်များလှစွာ ပြစ်မှုကြီးများကျူးလွန်ခံခဲ့ကြရသည်။ ပေါ်တာဆွဲ၊
မုဒိန်းကျင့်၊ လူမဆန်စွာ နှိပ်စက်ညှင်းပမ်း၊ လူသတ်၊ စားရေရိက္ခာများ
ဖျက်ဆီး၊ ကျေးရွာပေါင်း သုံးထောင် ကျော် မီးရှို့ခံခဲ့ရသည် ကို
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက စနစ်တကျ သတင်းအချက်အလက်စု ဆောင်း
အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်သည်။[vii] ယင်းအစီရင်ခံစာ မှာ ၂၀၀၈
ခုနှစ်အထိသာ ထုတ်ပြန်ခဲ့ခြင်းဖြစ် သဖြင့် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်း
ထပ်မံကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ မပါသေးပါ။
ဒေါ်အောင်ဆန်းစုကြည်သည် အထူးသဖြင့် တိုင်းရင်းသား လူထု များ
ခံစားခဲ့ရသည့်ပြစ်မှု ကြီးများနှင့် စပ်လျှဉ်း၍ “ ဥပဒေစိုးမိုးရေး”
ရှုဒေါင့်မှမချည်းကပ်နိုင်သည့်တိုင် “ တရားမျှတမှု” ရှုဒေါင့်မှ
ချည်းကပ်လိမ့်မည်ဟု မြှော်လင့်ခဲ့ သည်။ သို့ရာတွင် ယင်းမှာလည်း
ယခုအချိန်အထိ ဖြစ်မလာသေးပါ။
စစ် အစိုးရ အဆက်ဆက်က ကျူးလွန်ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများနှင့်
စပ်လျှဉ်း၍ အမှန်တရားပေါ်ထွက်လာအောင် သော်လည်းကောင်း၊ ဘ၀ဆုံးရှုံးခဲ့ကြသော
တိုင်းရင်းသားလူထု များအား တိုင်းပြည်က နည်းလမ်းတကျအသိအမှတ်ပြု၊ ပြုပြင်
ကုစား၊ ထိုက်သင့်သည့် လျော်ကြေးများပေး၊ အခြားနည်းများဖြင့်ပါ
၎င်းတို့၏နစ်နာမှုများ လျော့ပါးသက်သာ အောင် လုပ်ဆောင်ရန်ကို သော်လည်းကောင်း
ဒေါ်အောင် ဆန်းစုကြည်သည် ယခုအချိန်အထိ တိတိကျကျ ဦးဆောင် လှုပ်ရှားမှု
မပြုခဲ့ပါ။ ဘယ်တော့ဦးဆောင်မည်ကိုလဲ မမြှော်လင့်နိုင်။ လေသံမျှပင်
မဟသေး၍ဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဥပဒေစိုးမိုးရေး
၁၉၈၈ ခုနှစ်တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီးနောက်ပိုင်းတွင်
တိုင်းရင်းသားပေါင်းစုံလူထုအပေါ် ပြစ်မှုကြီးပေါင်း များစွာကို ဆက်တိုက်
ကျူးလွန်နေခဲ့ချိန်မှာပင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်၍ နိုင်ငံရေးပါတီအဖွဲ့
အစည်းအတော် များများကလည်း “အမျိုးသား ပြန်လည်သင့်မြတ်ရေး” [viii] ဟူသည်ကို
လွှင့်တင်လာခဲ့ကြသည်။ သို့ရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ
မည်သည့်အရာဖြစ်ကြောင်း စာနှင့်ရေးသားကာ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်
ကို မတွေ့ရ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးေ၇းနှင့် ဆက်စပ်၍
ရှင်းလင်း ထားသည်ကို မမြင်ရ။
အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်ကို ဥပဒေစိုးမိုးရေး အခြေခံမှ
တည်ဆောက်မည်လား။ တရားမျှတမှု ရှာဖွေ ရေး အခြေခံမှ တည်ဆောက်မည်လား။
စစ်အစိုးရအာဏာပိုင် များ၏ လုပ်ဆောင်ခဲ့မှုများနှင့် စပ်လျှဉ်း၍
ပြစ်မှုကြီးများ ကျူးလွန်ခဲ့မှုများအပါအ၀င် အတိတ်က ဖြစ်ပျက် ပြီးခဲ့သမျှ
ကိစ္စရပ်များ အားလုံးကို ပြည်ဖုံးကားချလိုက်ပြီး ဘာတခုမျှ
အရေးယူဆောင်ရွက်မှုမပြုတော့ဘူးလား။ သို့မဟုတ် တစုံတရာ
အရေးယူဆောင်ရွက်သွားမည်လား။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍ သင်ပုန်းချေသွားမည် ဆိုလျှင်လည်း
လူသားဖြစ်မှုကို ဆန့်ကျင်ကျူး လွန်သည့် ပြစ်မှု၊[ix]
လူမျိုးတုံးသတ်ဖြတ်မှု၊[x] စစ်ရာဇ၀တ်မှုများ[xi] ဟူသည့်
နိုင်ငံတကာရာဇ၀တ်မှုကြီးများ ကိုပါ အရေးမယူ တော့ဘူးလား။ အဆိုပါ
ပြစ်မှုကြီးသုံးမျိုးမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူအား
လွတ်ငြိမ်းခွင့်ပေး၍ ရသော ပြစ်မှုမျိုးမဟုတ်သဖြင့် ယင်းတို့အား
အမျိုးသားပြန်လည်သင့်မြတ်ရေးရှုဒေါင့်မှ မည်သို့ကိုင်တွယ်မည်နည်း။
သို့မဟုတ်လျှင် နိုင်ငံတကာ ရာဇ၀တ်မှုကြီးများ မပါဘဲ ပြည်တွင်းပြစ်မှုများကို
သာ ရည်ညွှန်းမှာလား။
ပြစ်မှု ကျူးလွန်သူများကို အကြောင်းကြောင်းကြောင့်
အရေးမယူနိုင်ဟုယူဆလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကို
အထောက်အပံ့ဖြစ်စေရေးအတွက် တခုခုစီစဉ်ဆောင်ရွက် မည်လား။
စစ်အစိုးရခေတ်အဆက်ဆက်တွင် ပြစ်မှု ကြီးများ ကျူးလွန်ခံခဲ့ရသူ လူထုများအား
အသိ အမှတ်ပြုသည့် အနေဖြင့် ၄င်းတို့၏ စာရင်းကို မှတ်တမ်းကောက် ယူမှာလား။
သို့မဟုတ် ဘာတခုမှ လုပ်ဆောင်ခြင်း မပြုတော့ဘဲ သည်အတိုင်း မေ့ထား၊
ပြည်ဖုံးကားချထားခဲ့ တော့ မည်လား။
လုံးဝပြည်ဖုံးကား ချထားခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်မှာ
စစ်ခေါင်းဆောင် ဟောင်းသစ် တစုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေးခေါင်းဆောင်တစု အတွင်းတွင်သာ ပြန်လည်သင့်မြတ်ရေး သဘော ဆောင်နေမည်
ဖြစ်သောကြောင့် တနိုင်ငံလုံး အတိုင်းအတာ လူထု အသွင်လက္ခဏာဆောင်အောင်
(အထူးသဖြင့် အခံခဲ့ရဆုံးဖြစ်သော တိုင်းရင်းသားလူထုများ ကြေနပ်အောင်)
မည်သည့် နည်းနာများဖြင့် ဖေါ်ဆောင်မည်နည်း။
ပြစ်မှုကြီးများ ကျူးလွန်ခံရ၍ ဘ၀နစ်နာပျက်စီး ဆုံးရှုံးခဲ့ကြရသူများကို
မည်သည့် မှတ်တမ်းမျှ မကောက်ယူတော့ဘဲ သည်အတိုင်း ထားခဲ့၍ မရနိုင်ဘူးလား။
တိုင်းပြည်အနေဖြင့် မှတ်တမ်းတင် စနစ်တကျ အသိအမှတ်ပြုခြင်း အားဖြင့်
ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများ စိတ်ဖြေသိမ့်နိုင်ပြီး
အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက် အထောက်အကူဖြစ်နိုင်မည်လား။
မှတ်တမ်းကောက်ကူမည်ဆိုလျှင်လည်း မည်သည့်ခေတ်မှ စတင်၍ ကောက်မည် နည်း။ ၁၉၆၂
ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်မှ စတင်မည်လား။ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်မှုးကြီး
စောမောင်ခေတ် မှ စတင် မည်လား။ မှတ်တမ်းရရှိပြီးလျှင်
ဘ၀နစ်နာဆုံးရှုံးခဲ့သူများအား မည်မျှလောက် အတိုင်းအတာအထိ ပြန်လည် ကုစား
ပေးနိုင်မည်နည်း။ မည်သို့ ပြန်လည်ကုစားမည်နည်း။ ကုစားခြင်းအားဖြင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အကျိုးရှိမည်လား။ ဘာမျှ
မကုစားဘဲသည်အတိုင်း ထားလျှင်လဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မထိခိုက်
ဟု ယူဆနိုင်မလား။
အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်နှင့် စပ်လျှဉ်း၍ ဘာတခုမျှ ရေရေရာရာ
မသိသော မေးခွန်းပေါင်း သောင်း ခြောက်ထောင်ရှိနေသည်။ အတိတ်က ဖြစ်ပျက်
ပြီးခဲ့သမျှ ကိစ္စရပ်များဟူရာတွင်လည်း ကာလအပိုင်းအခြား အကန့် အသတ်နှင့်
စပ်လျှဉ်း၍ မည်သူမျှတိတိကျကျမသိ။ မည်သည့်နှစ်၊ လ၊ နေ့ရက် ကို
နောက်ဆုံးထားပြီး ကျူးလွန်ပြီးခဲ့ သမျှ ပြစ်မှုကြီး များ အပေါ်
အရေးယူဆောင်ရွက်မည် မဟုတ်ကြောင်း၊ လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊
မည်သည့် နှစ်၊ လ၊ ရက် မှ ကျော်လွန်လျှင်မူ အမျိုးသားပြန်လည်သင့်မြတ်ရေး
ရှုဒေါင့်မှ မစဉ်းစားတော့ဘဲ ဥပဒေ စိုးမိုးရေး အခြေခံမှနေ၍
ပြစ်မှုကျူးလွန်သူမှန်သမျှကို ထိေ၇ာက်စွာအရေးယူသွားမည် ဖြစ်ကြောင်း စသဖြင့်
သတ်မှတ် ထားခြင်းလည်း မတွေ့ရ။
သို့ဖြစ်၍ စစ်အစိုးရအာဏာပိုင်များအနေဖြင့်
မျက်မှောက်အချိန်တွင်လည်းကောင်း၊ အနာဂါတ်တွင် လည်းကောင်း လူထုအပေါ်
မည်သို့ပင်ပြစ်မှုကြီးများ ဆက်လက်ကျူးလွန်နေသော်လည်း ၄င်းတို့အားအရေးယူ
အပြစ်ပေးရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးအမြင်အရ
အစဉ်တစိုက်ခွင့်လွှတ်သွားရ မည့် သဘောဆောင် လျှက် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျှက်ရှိသော အမျိုးသား ပြန်လည်သင့်မြတ်ရေး
မှာ ရည်ရွယ်ချက်ကောင်း မွန်သော် လည်း တိတိကျကျ
ဖေါ်ညွှန်းကျင့်သုံးခြင်းမရှိခဲ့သဖြင့် စကထဲ က ဥပဒေစိုးမိုးရေး အခြေခံ နှင့်
ဆန့်ကျင်လာ ခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်းတိတိကျကျ မသိရသည့်
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလ အကန့်အသတ်မရှိ ဆက်၍ဆက်၍ ကျင့်သုံးလေလေ
ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ ဖျက်ဆီးလာလေ ဖြစ်နေသည်။
ဥပဒေစိုးမိုးရေး ကင်းမဲ့သော နိုင်ငံတွင် မည်သို့လျှင်
ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးေ၇းလည်းမရှိ၊
ပြည်တွင်းငြိမ်းချမ်း ရေးမရှိလျှင် လူထု၏ စီးပွားရေးတိုးတက်မှုကို မည်သို့
မြှော်မှန်းနိုင်အံ့နည်း။
ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပြီးခဲ့သမျှ လူထုဘ၀ နစ်နာမှုများအားလုံးကို ပြည်ဖုံးကားချထားခဲ့ပြီလား။
ပြစ်မှုကြီးပေါင်း မြောက်များစွာ ကျူးလွန်ခံခဲ့ရသည့်
တိုင်းရင်းသားလူထုများသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ များ မဟုတ်ဘူးလား။
သူမအနေဖြင့် ခရီးရှည် ခရီးတိုများစွာ ထွက်ခဲ့သည့်အနက် မဲဆွယ်ခရီး၊
စည်းရုံးရေးခရီး၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်တည်ဆောက်ရေးခရီးများသာ
များပြားနေပြီး ပြစ်မှုကြီးများကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသား လူထု
များကို သွားရောက်တွေ့ဆုံသည့်ခရီးမျိုးဘာကြောင့် မထွက်သလဲ။ စစ်အာဏာရှင်များ
ငြိုငြင်မည်ကို စိုးရိမ်သော ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည့်
လှပသော စကားလုံးအောက်တွင် လူထုဘ၀နစ်နာမှုများအားလုံးကို လုံးဝပင်
ပြည်ဖုံးကားချထားခဲ့ပြီလား။
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ကူးပြောင်းရာတွင်
ဖြစ်ပြီးခဲ့သမျှအားလုံးကို ပြည်ဖုံးကားချ၊ ဘာတခုမျှ အရေး ယူ ဆောင်ရွက်မှု
မပြုခြင်းသည် “ ဥပဒေစိုးမိုးရေး” နှင့် ဖြောင့်ဖြောင့်ကြီး
ဆန့်ကျင်ရုံသာမက လူထုအတွက် “ တရား မျှ တမှု” ပင် မမြှော်မှန်းနိုင်တော့
ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ မသိယောင်ဆောင်နေတာလား။ သူမကဲ့သို့
ပညာတတ်ခေါင်းဆောင်သည် မသိတာတော့မဖြစ်နိုင်။ မသိယောင်ဆောင်နေတာဟုလည်း
မပြောရက်ပါ။ ယခု ဤသို့ပြောရမည့် အခြေသို့ရောက်နေပါသည်။ ဘာကြောင့်ပါလဲ။
စစ်အာဏာရှင်သစ်၊ ဟောင်းများနှင့် ထိပ်တိုက် မတွေ့လို၍သာ ဖြစ်မည်ဟု
သုံးသပ်ပါသည်။ ယခုသူမလျှောက်လှမ်းနေသော လမ်းကြောင်းမှာ စစ်အစိုးရ နှင့်
အဖိနှိပ်ခံ လူထုနှစ်ဘက်၏ ကြားမှာနေ၍ စေ့စပ်ဖြန်ဖြေရေး[xii] ဖြစ်နေသည်။
နှစ်ဖက်လုံးမှနေ၍ သူမအပေါ်အမုန်းမပွားစေဘဲ မေတ္တာ ခံယူသွားနိုင်စေမည့်
လမ်းကြောင်းမျိုး ဖြစ်သည်။ သူမအတွက်တော့ ကောင်းခြင်ကောင်းပါမည်။ လူထုအတွက်
လုံးဝ မကောင်းပါ။
စာရေးသူ မြှော်လင့်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည်
လူထုရှေ့၌မားမားမတ်မတ်ရပ်ပြီး ၄င်းတို့ ဆုံးရှုံး နေ သော
အခွင့်အရေးအများအတွက် ခိုင်ကျည်စွာ ရပ်တည်တောင်းဆို
တိုက်ပွဲဝင်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ ယခု ယင်းသို့ဖြစ်မလာပါ။ “
ဥပဒေစိုးမိုးရေး” ပျက်သည့် အခြေအနေကြီး တခုလုံးကြောင့် ပေါ်ပေါက်သည့် လူထုဘဝ
ခံစားမှုများကို ဒေါ်အောင်ဆန်းစုကြည်သည် ကွက်ကွက်ကွင်းကွင်းထောက်ပြ၊
ပြတ်ပြတ်သားသား လှုပ်ရှားဆောင် ရွက်သည်ကို မတွေ့ရပါ။
“ ဥပဒေစိုးမိုးရေး” ပျက်ခြင်း နှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစုကြည် တဦးထဲမှာ တာဝန်ရှိသလား။ အခြားလူထုတွေမှာရော တာဝန်မရှိဘူးလား။
ဤမေးခွန်းကို မေးဘွယ် ရှိသည်။ လူထုများ၏ တာဝန်ကိုသိစေခြင်၍
အားလုံးလေ့လာခွင့်ရအောင် ဤ ဆောင်း ပါးကို ရေးခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ရည်ညွှန်းရခြင်းမှာ သူမတဦးတည်းက လူထုခေါင်းဆောင်
နေရာ တွင် ရယူထား၍ဖြစ်သည်။ ခေါင်းဆောင်က ဥပဒေစိုးမိုးရေးမျက်နှာစာတွင်
ထိရောက်စွာ ခေါင်းမဆောင်သည့်အခါ လူထုအနေဖြင့် ထိုးဖေါက်ကျော်တက်ပြီး လုပ်၍
မရနိုင်သည့် အခြေ အနေကို တွေ့မြင်နေရ၍ဖြစ်သည်။
စာရေးသူ၏ ဆောင်းပါးတခုတွင်တွင် ပုံနိုင်းရာ၌ အစိုးရမှာ ကျားကြီး၊ လူထုက
ယုံကလေးဖြစ်နေသဖြင့် အစိုးရ ၏ အာဏာကို ထိမ်းညှိနိုင်သည့် ညီမျှခြေလူထုတွင်
ရှိလာစေရန် လူထုအား ယုံကလေးများဘ၀မှ ဆင်ကြီးဖြစ်လာအောင်
အသွင်းပြောင်းဘို့လို ကြောင်း တင်ပြခဲ့သည်။ စင်စစ်အားဖြင့်မူ
လူထုယုံကလေးများအနက် ခေါင်းဆောင်တင်လိုက် သည့် တကောင်မှာမူ ဆင်ကြီးဘဝ
သို့ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပင်။ ယင်း ဆင်ကြီး
သည် ရှေ့မှာ မားမားရပ်ပြီး နှာမောင်းကြီးကို မြှောက်၊
ဖွေးဖွေးဖြူကြံ့ခိုင်သော မိမိ၏ အစွယ်ကြီးကို ပင့်လျှက် ကျားကြီး ကို
ရဲရဲတင်းတင်း ရင်ဆိုင်ကာ ယုံကလေးများကို ကာကွယ်စောင့်ရှောက်လိမ့်မည်ဟု
မြှော်လင့်ခဲ့သည်။
သို့ရာတွင် ယင်းသို့ပြုရမည့်အစား ကံမကောင်းစွာပင် ဆင်ကြီးသည်
ကျားကြီး၏ကြောကို နှာမောင်းကြီးနှင့် ပွတ်သပ် ကာ
အကျွမ်းတ၀င်ပြုလျှက်ရှိသည်။ ကျားကြီးမည်သို့ တော်ကြောင်း ချီးမွမ်းခန်းတွေ
တခုပြီး တခုဖွင့်နေသည်။ နောက် တွင် ကပ်ရက်ပါရှိနေသော ယုန်ကလေးများကိုမူ
မိမိ၏ အမြီး ကလေးမျှသာ လှုပ်ခါပြပြီး ချော့မြူထားသည်။ နှစ်သိမ့် ထားသည်။
ဆင်ကြီးက လမ်းပိတ်ထားသဖြင့် ယုန်ကလေးများကလည်း ရှေ့ကိုဆက်မတက်နိုင်။
လူထုမှာ ယုန်ကလေး များဘ၀ မှာပင် ရှိနေသေးသဖြင့်လည်း ကျားဆွဲ မည့်အန္တရယ်ကို
ကြောက်နေရဆဲ ရှိသေးသည်။ ဤသည်မှာ မြန်မာ နိုင်ငံ၏ လက်ရှိ အခြေအနေဟု စာရေးသူ
ရှုမြင်သည်။
အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၂၅) ရက် ၂၀၁၂ ခုနှစ်
ရည်ညွှန်းချက်များ
[i] The Rule of Law
[ii] State
[iii] Justice
[iv] Enforcement power
[v] Neutrality of police
[vi] Institutional reform
[vii] Amnesty International Report: Crimes Against Humanity in Eastern Myanmar; June, 2008.
[viii] National Reconciliation
[ix] Crime against humanity
[x] Genocide
[xi] War crime
[xii] Mediation