UWSA,KIO အပစ်အခတ်လက်မှတ်မထိုးတာ တရုတ်ကြောင့်လို့ MPC အရာရှိပြော~~~~~~~~~~တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရာမှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ ဖြစ်တဲ့ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ မပါဝင်ခဲ့တာဟာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ဖြစ်ကြောင်း၊ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦးက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းရေး လိုလားတယ်လို့ အမြဲပြောလေ့ရှိကြောင်း၊ တချိန်ထဲမှာလည်း တရုတ်မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ သြဇာလွှမ်းမိုးထားလိုကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ စွက်ဖက်မှုကို သူ့အနေနဲ့ ကာလတာရှည် နှုတ်ဆိတ်ပြီး တီးတိုးသာပြောနေခဲ့ကြရပေမယ့် အခုအချိန်ဟာ ထုတ်ဖော်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်းလည်း ဒေါက်တာမင်းဇော်ဦးပြောပါတယ်။ ဒေါက်တာမင်းဇော်ဦးရဲ့အဆိုအရ မြန်မာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ တရုတ်သံအရာရှိ ဆွန်ဂိုဇင်း Sun Guoxing က အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၂ ခုကို NCA လက်မှတ်ထိုးရေးထိုးရာမှာ မပါဝင်ဖို့ရ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပြောဆိုချက်နဲ့ပတ်သက်လို့ အင်အားကြီးလက်နက်အဖွဲ့ကြီးတခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။ NCA မှာ လက်မှတ်မထိုးဖို့ ကိစ္စဟာ အဖွဲ့အားလုံးပါဝင်ရေးမူပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ KIO အဖွဲ့မြစ်ကြီးနားဆက်ဆံရေးရုံးတာဝန်ခံ ဦးဒေါင်းခါးက RFA ကို ပြောပါတယ်။
Posted by RFA Burmese TV Channel on Friday, October 9, 2015
|
Jinghpaw Sai shared RFA Burmese TV Channel's video.
|